မနောတိုင်တွေနဲ့ အတူ မောင်းသံတွေ၊ ဗုံသံတွေနဲ့ အဖွဲ့လိုက် ကချင်ရိုးရာ သီချင်းသံတွေက မနောကွင်းပတ်လည် ပျံ့နှံ နေ တယ်။
မနောအကကို ဦးဆောင်သူတွေရဲ့ နောက်မှာ သက်ဆိုင်ရာ ကချင် ရိုးရာဝတ်စုံတွေ အပြည့် ဝတ်ထားကြသူတွေက ဘယ်၊ ညာ ခြေနင်း ဟန်ချက်တွေနဲ့အညီ မမောနိုင်၊ မပန်းနိုင်ကကြတယ်။ စုစည်း ညီညွတ်မှုအတွက် အောင်ပြီဆိုတဲ့ သံပြိုင်အော်ဟစ် သံ တွေကလည်း တချက် တချက် ညီညာစွာ ထွက်ပေါ်လာတယ်။
မနောပွဲ ကျင်းပကြတယ်ဆိုတာ အယုတ်အလတ် မရွေး အားလုံး ပူးပေါင်းခြင်း၊ ညီညွတ်ခြင်း၊ စည်းလုံးခြင်းတွေဆိုတဲ့ အဓိပ္ပာယ် တွေနဲ့ အညီ ဖြစ်တယ်လို့ ဆိုပါတယ်။
မနောကွင်းထဲက မနောတိုင်တွေက ကချင်ပြည်နယ်မှာ ကျင်းပတဲ့ မနောတိုင်တွေလို ပုံစံယူလုပ်ထားတာဆိုတော့ သိပ်ကြီးကြီး မားမား မဟုတ်ပေမယ့် အင်္ဂါစုံပြီး ရိုးရာဓလေ့အတိုင်း တည်ဆောက်ထားတာလို့ ဘန့်မိုင် ဆာမာခီ ကချင်ကျေးရွာက ဦးဆောင် ကျင်းပသူတဦးဖြစ်တဲ့ အဇောက်က ပြောပြပါတယ်။
ကချင်ပြည်နယ်မှာ မဟုတ်တဲ့ ဒီမနောပွဲကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းဒေါင်းနယ် ဘန့်မိုင်ဆာမာခီဆိုတဲ့ ကချင်ရွာလေး မှာ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကျင်းပခဲ့ကြတာပါ။
ထိုင်း ဘုရင်မင်းမြတ်က မြန်မာပြည်က စစ်ဘေးရှောင်ရင်း ထိုင်းနိုင်ငံတွင်း ရောက်ရှိလာသူတွေကို ရွာတည်နေထိုင်ခွင့် ပေးခဲ့ တာ နှစ်ပေါင်း ၃၀ ပြည့်ချိန်၊ ထိုင်းဘုရင်မင်းမြတ်ရဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ မွေးနေ့နဲ့လည်း တိုက်ဆိုင်ပြီး ကချင် မနောပွဲကို စည်စည်ကားကား ကျင်းပတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်ကစတင်ပြီး အစိုးရစစ်တပ်နဲ့ တချိန်က ငြိမ်းချမ်းရေး ယူထားခဲ့တဲ့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တို့ကြား တိုက်ပွဲတွေ ပြန်ဖြစ်လာပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသား အားလုံးပါဝင်တဲ့ ရိုးရာ မနောပွဲကို အခုလို စည်ကား သိုက်မြိုက်စွာ မကျင်းပဖြစ်ခဲ့တာ ကြာပါပြီ။
အခု မနောပွဲကတော့ ထိုင်း ဘုရင်နဲ့ ထိုင်းအစိုးရတို့ရဲ့ အားပေးမှုတွေနဲ့ ဘန့်မိုင် ဆာမာခီဆိုတဲ့ ကချင်ရွာလေးမှာပဲ မြန်မာ၊ တရုတ်၊ အိန္ဒိယ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာရောက် ကချင် တိုင်းရင်းသားတွေ လာရောက်ဆုံဆည်းပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီလို နိုင်ငံတကာက ကချင်တွေ စုစည်းလာရောက်ကြတဲ့အတွက် တဖွဲ့နဲ့တဖွဲ့ကြား ယဉ်ကျေးမှုဆိုင်ရာ အခြေခံ မတူညီ တာတွေကို အပြန်အလှန် သင်ယူ ညှိနှိုင်းတိုင်ပင်ပြီး ကချင် တိုင်းရင်းသားတိုင်း အတွက် စံသတ်မှတ်ချက်တခု ဖြစ်ပေါ်ရေး လည်း လုပ်ဆောင် နေတယ်လို့ ကချင် စာပေနဲ့ ယဉ်ကျေးမှု အသင်း ဒုက္ကဋ္ဌ ဒေါ်ရှယ်လီက ရှင်းပြပါတယ်။
တရုတ်နိုင်ငံက လာရောက်တဲ့ ကချင် တိုင်းရင်းသားတွေရဲ့ဝတ်စား ဆင်ယင်ပုံ၊ ကဟန်နဲ့ ဆိုဟန်တို့မှာ တရုတ် ရိုးရာ အငွေ့ အသက်တွေ ရောနှော ပါဝင်နေတာ တွေ့ရသလို အိန္ဒိယဘက်က လာတဲ့ ကချင်တိုင်းရင်းသားတွေမှာလည်း အလားတူ ယဉ်ကျေးမှု ရောနှောနေတာ သတိထားမိပါတယ်။
နေ့စဉ်လို မနောကွင်းထဲမှာ အဖွဲ့လိုက် မနောအကတွေနဲ့ ဖျော်ဖြေကြသလို ကချင်ရိုးရာ အကပြိုင်ပွဲတွေလည်း အုပ်စု အလိုက် ပြိုင်ပွဲဝင်ကြပါတယ်။
ကချင်ရိုးရာအက ပြိုင်ပွဲမှာတော့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးများ ကွန်ရက်(KWAT) က သင်တန်းသူ၊ သင်တန်း သား တွေအဖွဲ့က ပထမဆု ရခဲ့တယ်။
ဒီ့အပြင် စင်တင်တေးဂီတနဲ့ သီဆို ကခုန်ပျော်ရွှင်စရာတွေ၊ ဈေးဆိုင်တန်းတွေနဲ့ ဘန့်မိုင်ဆာမာခီ ရွာကွင်းပြင်ဟာ နေ့ရော ညပါ စည်ကားနေပါတယ်။
ထိုင်းစစ်တပ်ရဲ့ဖျော်ဖြေမှု အများစုကတော့ ကချင် တိုင်းရင်းသားတွေအပေါ် စာနာမှုကို ပြသပြီး တသားတည်းရှိ တယ် ဆို တာ ဖော်ပြဖို့ ဝါဒဖြန့်ချိရေးပုံစံ နည်းနည်းပေါ်လွင်နေတာတော့ မနောပွဲမှာ အရသာပျက်စရာ တခုပါ။
ဒါပေမယ့် စင်တင်တေးဂီတ ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံက ရောက်လာတဲ့ ကချင် တိုင်းရင်းသား အဆိုတော်တွေနဲ့ တီးဝိုင်း တဖွဲ့လည်း ပါဝင်ပါတယ်။
ချမ်းသာလည်း အတူ၊ ဆင်းရဲလည်းအတူ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကချင် တေးဂီတ အဖွဲ့နဲ့ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုက ပရိသတ်တွေအတွက် အားဆေးဖြစ်စေပါတယ်။
တီးဝိုင်းခေါင်းဆောင်ကလည်း ဂီတဟာ လူသားတွေကို အေးချမ်းမှုတွေနဲ့ ငြိမ်းချမ်းမှုတွေကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည် ကြောင်း ပြောပြပါတယ်။
ကချင်တေးဂီတ တီးဝိုင်းရဲ့ ဖျော်ဖြေတင်ဆက်မှုမှာ ထူးခြားတာက ပြီးခဲ့တဲ့ လကပဲ ထိုင်းနိုင်ငံ မြန်မာသံရုံးရဲ့မြန်မာပြည် ဝင်ခွင့် ဗီဇာ ငြင်းပယ်ခံခဲ့ရသူ နော်ဝေနိုင်ငံကလာတဲ့ အဆိုတော် မွန်းအောင်က သူ့ရဲ့နာမည်ကြီးသီချင်း တပုဒ်ဖြစ်တဲ့ ၈/၈၂ အင်းလျား ဆိုတဲ့ သီချင်း သံစဉ်အတိုင်း ကချင်ဘာသာနဲ့ သီချင်းတပုဒ် ဖျော်ဖြေတဲ့ အစီအစဉ်ပါ။
နိုင်ငံခြား သတင်းထောက်တွေနဲ့ ထိုင်းသတင်းထောက်တွေက မြန်မာပရိသတ်နဲ့ နှစ်ပေါင်း ၂၆ နှစ်ကျော် ကင်းကွာခဲ့ရတဲ့ အဆိုတော် မွန်းအောင်ရဲ့ ဖျော်ဖြေမှုကို အပြေးအလွှား မှတ်တမ်းယူကြတယ်။ စင်အောက်က ပရိသတ်တွေကလည်း အားပေးကြ တာ တွေ့ရပါတယ်။
အဆိုတော် မွန်းအောင် သီချင်းဆိုပြီးသွားတော့ ပရိသတ်ထဲက ကျောင်းဆရာမ တဦးက အပြေးအလွှား အားရဝမ်းသာနဲ့ နှုတ် ဆက်တာ တွေ့ရတယ်။
“ကျမတို့ရင်ထဲမှာ ကိုမွန်းအောင်ရဲ့ သီချင်းတွေက အခုထိ ရှိနေတုန်းပဲ”လို့ သူက ပြောပါတယ်။
အဆိုတော် မွန်းအောင်ကတော့ မနောပွဲဆိုတာ အားလုံး ပါဝင်တဲ့ ကချင်တို့ရဲ့ ရိုးရာဖြစ်တာကြောင့် အခုလို ဖျော်ဖြေခွင့် ရတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောတယ်။
အဆိုတော် မွန်းအောင်က ဆက်လက်ပြီးတော့“ကျနော်က ပရိသတ်နဲ့ ကင်းကွာနေတာ ကြာပြီ၊ နှစ်ပေါင်း ၂၆ နှစ်ကျော်ကြာပြီ၊ မြန်မာပြည်က ပရိသတ်တွေကို ဖျော်ဖြေချင်လို့၊ ဗီဇာ ငြင်းပယ်ခဲ့လို့ အစီအစဉ် ပျက်ခဲ့ရတယ်။ အခုလို ဖျော်ဖြေခွင့်ရလို့ ကျေးဇူး လည်း တင်တယ်၊ ရင်ထဲမှာလည်း ကျေနပ်တယ်”လို့လည်း ပြောပါသေးတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်က မနောပွဲကို မကျင်းပဖြစ်ဘဲ ရှိနေချိန် ထိုင်းနိုင်ငံအနေနဲ့ ကချင်တို့ရိုးရာ မနောပွဲ ကျင်းပခွင့်တွေ
ပေးနေတဲ့အပေါ် ကချင်တိုင်းရင်းသားတွေ ရင်ထဲမှာ ခံစားမှုတွေ အသီးသီးရှိနေကြတာကို သိခွင့်ရခဲ့ပါတယ်။
“ထိုင်း အစိုးရကတောင် မနောပွဲကျင်းပခွင့်ပြုလို့ အခု ကချင်တိုင်းရင်းသားတွေ ရိုးရာမပျက် မနောပွဲကို ကျင်းပနိုင်တယ်။ မြန်မာ အစိုးရက ဒီလို တိုင်းရင်းသားအရေးတွေကို ခွင့်ပြုမပေးတာတွေအတွက် စိတ်မကောင်းဘူး”လို့ မြန်မာ နိုင်ငံက လာတဲ့ ဦးဘောက်ဝါက ပြောပါတယ်။
မနောပွဲကို ထိုင်းနိုင်ငံ ရုပ်သံ မီဒီယာတွေကလည်း လာရောက် သတင်းယူကြသလို ထိုင်းအစိုးရ ဝန်ကြီးတဦး ကလည်း ဇနီး သည်နဲ့ အတူ တက်ရောက်လာတာ တွေ့ရတယ်။
ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းစစ်တပ်တို့ကလည်း မနောပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် အဘက်ဘက်က တာဝန်ယူ လုပ်ဆောင်တယ်လို့ သိရပါတယ်။
မနောပွဲ ကာလအတွင်း မနောကွင်းထဲမှာတွေ့ရတဲ့ ကချင် တိုင်းရင်းသားမှန်သမျှဟာ ပျော်ရွှင်နေတာ တွေ့ရပေမယ့် သူတို့ အနေနဲ့ အပြည့် မပျော်နိုင်ကြဘူးလို့ ပြောကြတယ်။
“ကျမတို့က ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေ အောင်မြင်မယ်လို့ မျှော်လင့်နေချိန်မှာပဲ လိုင်ဇာက ဗိုလ် သင်တန်းကျောင်းကို အစိုးရစစ်တပ်ရဲ့ ပစ်ခတ်မှုဖြစ်တာကြောင့် ငြိမ်းချမ်းရေးမျှော်လင့်ချက်ကို ရိုက်ချိုးသလို ဖြစ်တယ်လို့ ခံစား ရ တယ်”လို့ ဒေါ်ရှယ်လီက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက အစိုးရစစ်တပ်က ကချင်ပြည်နယ် လိုင်ဇာရှိ KIA ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တိုင်းရင်းသား ဗိုလ်လောင်း ၂၃ ဦး အသက်ဆုံးရှုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြတဲ့ ကိစ္စက မနောပွဲမှာ အတော် ရိုက်ခတ် တာလည်း တွေ့ရပါတယ်။
ကချင်တိုင်းရင်းသားတွေနဲ့ အခြား တိုင်းရင်းသားတွေက ဒီဖြစ်ရပ်ကြောင့် ဝမ်းနည်းခဲ့ရလို့ သေဆုံး သွားရသူတွေနဲ့ ထိခိုက် ဒဏ်ရာ ရသူတွေအတွက် ဆုတောင်းပွဲတွေလုပ်ကြတယ်။ အလားတူ ငြိမ်းချမ်းရေးအတွက်လည်း ဆုတောင်းပွဲတွေ လုပ်ကြ ပါတယ်။
စစ်ပွဲတွေကြောင့် ပြည်တွင်း စစ်ဘေးရှောင် ဒုက္ခသည်(IDP) တွေလည်း တိုးများလာပြီး အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်းတို့မှာ စစ်ပွဲတွေက အခု ကာလမှာ ပိုစိပ်လာတဲ့အတွက် ငြိမ်းချမ်းရေးဟာ မဖြစ်မနေ အလွန် လိုအပ်နေပြီလို့ မနောပွဲ တက်ရောက် လာကြသူတိုင်း လိုလိုက ပြောဆိုကြပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ရှိတဲ့ IDP တွေအတွက် အကူအညီတွေရပေမယ့် လုံလောက်မှု မရှိပါဘူး။ အစိုးရ က အကူအညီ ပေးရေး လမ်းကြောင်းတွေ ဖြတ်တာလည်း ရှိနေပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့လုံခြုံမှု အပိုင်းတွေ မှာ လက်ရှိအခြေအနေက ဘာမျှော်လင့်ချက်မှ မရှိသလို ဖြစ်နေတယ်လို့ IDP တွေကို အကူအညီပေးနေတဲ့ အမည် မဖော်လိုသူ ကချင် တိုင်းရင်းသူတဦးက ပြောပါတယ်။
“IDPကိစ္စကို အစိုးရ စစ်တပ်ရော၊ ကချင်စစ်တပ်ရော အလေးထား အဖြေရှာသင့်ပါတယ်။ အခုထိတော့ အစိုးရ စစ်တပ်နဲ့ ကချင် စစ်တပ်အကြား စစ်ပွဲတွေက ရှိနေပြီး တဘက်နဲ့တဘက် အပြစ်ဖို့နေကြတာ မကောင်းဘူး”လို့လည်း သူက ဆိုပါတယ်။
အားလုံး လိုလားနေကြတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာဖို့ ခရစ်ယာန် ဘာသာအများစု ကိုးကွယ် တဲ့ ကချင်တိုင်းရင်းသားတွေအတွက် ဘုရားသခင်ကိုသာ အားကိုးပြီး ဆုတောင်းနေရပြီလို့လည်း ပြောဆိုသွားပါတယ်။ ။