ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂ ဦးက ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၇ ခု နှင့် ပတ် သက်ပြီး ကျူးလွန်ခြင်း မရှိဟု ငြင်းဆိုလိုက်ကြောင်း သိရသည်။
လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ကော့စမွေ ခရိုင် တရားရုံး၌ ပုဒ်မ ၇ ခုဖြင့် ယနေ့ တရားစွဲဆိုလိုက်ပြီး ထိုပုဒ်မများအား ကျူးလွန်ခြင်း ရှိမရှိ တရားသူကြီးက မေးမြန်းရာ ၎င်းတို့ အနေဖြင့် မည်သည့် ပြစ်မှုကိုမျှ ကျူးလွန်ခြင်း မရှိဟု ထွက်ဆိုကြောင်း အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီကို ပြောသည်။
ဦးအောင်မျိုးသန့်က“စွဲဆိုလိုက်တဲ့ ပုဒ်မ ၇ ခု ကို တရားသူကြီးက ဖတ်ပြတယ်၊ ပြီးရင် ဒီပုဒ်မ ၇ ခုကို ကျူးလွန် သလား၊ မကျူးလွန် ဘူးလား ဆိုပြီး တရားသူကြီးက မေးတယ်၊ အမှန်ကို အမှန်အတိုင်း ဝန်ခံရင် ပြစ်ဒဏ် သက်သာခွင့်ရမယ် ဆိုပြီးတော့ မေးတယ်၊ အဲဒီတော့ သူတို့ ဘာကိုမှ မကျူးလွန်ဘူးလို့ ကလေးတွေက ပြန်ဖြေတယ်”ဟု ပြောပြသည်။
စင်တင်ဘာလ ၁၅ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင် ခေါ် လိပ်ကျွန်းတွင် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား လူငယ် ၂ ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ ဖမ်းဆီး စွပ်စွဲခံနေရခြင်း ဖြစ်သည်။
ထိုလူငယ် ၂ ဦးကို တရားစွဲထားသည့် ပြစ်မှုများတွင် လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း လုယက်မှု၊ အမှန်တရားကို ထိန်ချန်မှု၊ ပစ္စည်း ခိုးယူမှု၊ ထိုင်းနိုင်ငံ အတွင်း တရားမဝင် လာရောက်မှု၊ တရားမဝင် နေထိုင်မှု စသည့် ပြစ်မှု ၇ ခု ပါဝင်ကြောင်း မြန်မာ သံရုံး အထူး ကိုယ်စားလှယ် အဖွဲ့ က ပြောသည်။
ယင်းပုဒ်မ ၇ ခုနှင့်ပတ်သက်၍ ပြန်လည် ခုခံချေပသွားရန် သက်သေ အထောက်အထားများ စုဆောင်းနေကြောင်း၊ ယနေ့တွင် စတင် တရားစွဲဆို ရုံးထုတ် ကြားနာပြီး ဒုတိယ အကြိမ် ကြားနာမည့် ရက်ကို ဒီဇင်ဘာ ၂၆ ရက်ကို ရုံးချိန်းပေးထားကြောင်း ဦးအောင်မျိုးသန့် က ပြောပြသည်။
၎င်းက“ကျနော်တို့မှာ ခုခံချေပဖို့ တချို့အချက်တွေက အဆင်သင့်ဖြစ်နေပါပြီ၊ တချို့ဟာတွေကိုလည်း ဒီဇင်ဘာ ၂၆ မတိုင်ခင်အဆင် သင့် ဖြစ်အောင် ပြင်ဆင်ထားဖို့ ကြိုးပမ်းနေကြပါတယ်၊ နောက်တခုက တရားခွင်ကို ရောက်နေပြီ ဆိုတော့ အာမခံ လျှောက်ထားလို့လဲ ရပါပြီ၊ အာမခံလျှောက်ဖို့လည်း ပြင်ဆင်နေပါတယ်၊ သူတို့ဘက်က ပေးတာ မပေးတာကတော့ တပိုင်းပေါ့”ဟုလည်း ဆိုသည်။
လိပ်ကျွန်း လူသတ်မှုအတွက် ကူညီပေးရန် မြန်မာသံရုံး အထူးအဖွဲ့နှင့်အတူ ထိုင်းရှေ့နေများကောင်စီ အဖွဲ့မှ ပုဂ္ဂိုလ်များပါ ကော့စမွေ တရားရုံးသို့ ရောက်ရှိနေကြကြောင်း၊ ဖမ်းဆီးခံ ကိုဝင်းဇော်ထွန်းနှင့်ကိုဇော်လင်းတို့၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်သည်ကို တွေ့ရကြောင်း မြန်မာ သံရုံး အထူးအဖွဲ့ဝင် ဦးကျော်သောင်း က ဧရာဝတီ ကို ပြောသည်။
“ဒီနေ့ ရုံးထုတ်ချိန်မှာ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းပါတယ်၊ နှစ်ယောက် စလုံးက ရွှင်ရွှင်လန်းလန်းပါပဲ၊ သူတို့ဟာ ဘာပြစ်မှုကိုမှ မကျူးလွန်ဘူးဆိုတာပဲ ခဏခဏ ပြောနေကြပါတယ်”ဟု ဦးကျော်သောင်း က ပြောသည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို လူသတ်မှုဖြင့် စတင်ဖမ်းဆီးစဉ်က ပြစ်မှုကျူးလွန်သည်ဟု ထွက်ဆိုခဲ့ခြင်းသည် ထိုင်းရဲ တပ်ဖွဲ့ဝင် များနှင့် ဘာသာပြန်ပေးသူတို့၏ ညှဉ်းပန်း နှိပ်စက်ခြင်း၊ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရခြင်းတို့ကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့ က ပြန်လည် ပြောဆိုထားသည်။
စွပ်စွဲခံထားရသူများကို ဖမ်းဆီးစဉ်က စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သူများနှင့် တွေ့ဆုံပေးရန် ထိုင်းရှေ့နေများ ကောင်စီနှင့်မြန်မာ သံရုံးက ဖွဲ့ပေးစည်းပေးထားသည့် အထူးအဖွဲ့တို့က ဘန်ကောက်ရှိ မြန်မာ သံအမတ်ကြီးထံ တင်ပြတောင်းဆို ထားသော် လည်း သံရုံး အာဏာပိုင်များက တုံ့ပြန်မှု မရှိဟု သိရသည်။
လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့်ကိုဇော်လင်းတို့၏ အမှုသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ နှင့် ပတ် သက် နေသည့်အတွက် မြန်မာနိုင်ငံသား အားလုံးက ဝိုင်းဝန်းပါဝင် ကူညီကြရန် အထူးလိုအပ်သည်ဟု ထိုအမှုကို ကူညီဆောင်ရွက် ပေးနေသည့် ထိုင်းရှေ့နေများ ကောင်စီအဖွဲ့ဝင်များ က ပြောဆိုကြောင်း ဦးကျော်သောင်း က ပြောပြသည်။
“ထိုင်းရှေ့နေအဖွဲ့ ပြောတာက ဒီအမှုဟာ မြန်မာတနိုင်ငံလုံးနဲ့ဆိုင်တဲ့အတွက် အားလုံးက အလုပ်လုပ်ကြဖို့လိုတယ်၊ ဒါကြောင့် အမှုအတွက် သက်သေတွေ ထွက်ဆိုပေးမယ့်သူတွေ ပါဝင်လာအောင် ကြိုးပမ်းသင့်တယ်၊ အဲဒီလူတွေ က ရဲရဲဝံ့ဝံ့ သက်သေထွက်ဆို ရဲအောင် သူတို့ရဲ့ လုံခြုံရေး၊ သူတို့ အတွက် ထောက်ပံ့မှုတွေကို မြန်မာ အစိုးရ အနေနဲ့ စနစ်တကျ ကူညီပေးဖို့ အထူး လိုအပ်နေတဲ့ အကြောင်း ပြောပါတယ်”ဟု ဦးကျော်သောင်း က ပြောသည်။
အမှုအတွက် သက်သေထွက်ဆိုမည့် မြန်မာနိုင်ငံသားများအနက် တချို့သည် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိသွား ကြပြီ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း ကျန်ရှိသည့် မျက်မြင် သက်သေများသည်လည်း ၎င်းတို့၏ လုံခြုံရေး၊ စားဝတ်နေရေး အတွက် စိုးရိမ် နေကြ၍ သက်သေမထွက်ဆိုရဲ ဖြစ်နေကြသည်ကို တွေ့ရကြောင်း၊ သက်သေ ထွက်ဆိုမည့်သူများနှင့် ဆက်သွယ် ဆောင်ရွက်နေသူ ဦးကျော်သောင်း က ရှင်းပြသည်။
၎င်းက“မြန်မာ ပြည်တွင်း ရောက်သွားတဲ့သူတွေကို ဒီမှာလာပြီး သက်သေထွက်ဆိုပေးဖို့ဆိုတာက မြန်မာ အစိုးရက ကူညီပေးမှ ရ မယ်၊ အလားတူပဲ ထိုင်းမှာရှိတဲ့ သက်သေတွေ အတွက်လည်းပဲ လုံခြုံရေးအပြင် သူတို့အလုပ် မလုပ်နိုင်တော့တဲ့ အတွက် ထောက်ပံ့ မှုတွေ ပေးထားမှ ရမယ်၊ ဒီကိစ္စတွေအတွက် မြန်မာ အစိုးရဘက်က ကူညီပေးတာ အားနည်းနေပါတယ်၊ အစိုးရက ဒါတွေကို ကူညီ ထောက်ပံ့မှု နည်းနေသေးတဲ့အတွက် ခိုင်မာတဲ့ သက်သေ ထွက်မယ့်သူတွေကို ခေါ်မရ ဖြစ်နေတယ်”ဟုလည်း ပြောဆိုသည်။
သက်သေထွက်ဆိုမည့် သူများအတွက် အစိုးရ၏ ကူညီမှု အားနည်းနေခြင်းနှင့်ပတ်သက်၍ မေးမြန်းရန် ဘန်ကောက်မြို့ရှိ သံရုံးမှ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်ကို ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။