သတင်း

လက်ရှိ ကျင့်သုံးနေသည့် ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ ပြုပြင်ရန် လိုအပ်ကြောင်း ACDD ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် ပြဌာန်းထားသော အချက်များသည် လက်ရှိ ကျင့်သုံးနေသည်ဟုဆို သော ဒီမိုကရေစီနည်းလမ်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့ကို ပြုပြင်ရန် လိုအပ်ကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင် ရွက်မှုကော်မတီ (Action Committee for Democracy Development- ACDD) အဖွဲ့က ထုတ်ပြန်လိုက်သည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်ထားသည့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အဆင့်ဆင့်သော အရာရှိများ၏ လက်အောက်တွင် ခန့်အပ်ခြင်းခံထားရ သကဲ့သို့ ၎င်း အရာရှိများ၏ သဘောတူညီချက်ရမှသာ ပြည်သူများက ရွေးချယ်ထားသောသူကို ခန့်အပ်ခွင့်ရှိနေခြင်းက လုံး၀ မဖြစ်သင့်သော အချက်တချက် ဖြစ်ကြောင်း ACDD အဖွဲ့မှ ကွန်ရက် ခေါင်းဆောင်တဦးဖြစ်သူ ဦးရဲကျော်သူက ပြောသည်။

“လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက ပြည်သူက တိုက်ရိုက်ရွေးတဲ့သူတွေကို ခန့်အပ်ခွင့် မရတာများနေတယ်။ အရေးအကြီးဆုံး အဓိကအချက်က ရွေးချယ်မှုပုံစံပဲ။ မြို့နယ်အုပ်ချုပ်ရေးမှူးက ခန့်အပ်ထားတဲ့ ကြီးကြပ်ရေးမှူး ၅ ဦးကအစ၊ ပြည်သူရွေးလိုက်တယ် ဆိုတဲ့သူတွေကလည်း မြို့နယ်၊ ခရိုင်အဆင့်ဆင့် အုပ်ချုပ်ရေးမှူး တွေရဲ့ ခွင့်ပြုချက်ရမှ ခန့်အပ်ခွင့်ရတယ်ဆိုတာ မဖြစ်သင့်ဘူး။ သူတို့နဲ့ သဘောထား မတိုက်ဆိုင်ရင် ဖြုတ်ချခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရပ်/ ကျေး အုပ်ချုပ်ရေးမှူးများ၏ အရည်အချင်း သတ်မှတ်ချက်များတွင် အငြိမ်းစား အစိုးရ ဝန်ထမ်းဆိုပါက လျှော့ပေါ့ စဉ်းစားမည်ဟု ဥပဒေတွင် ထည့်သွင်းထားခြင်းက အရပ်သားနှင့် အစိုးရ ဝန်ထမ်းများအကြား ခွဲခြားထားသည့် အချက်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ACDD အဖွဲ့သည် လူမှုရေးနှင့် နိုင်ငံရေး လှုပ်ရှားဆောင်ရွက်နေသော ကွန်ရက် ၁၈ ခုဖြင့် ဖွဲ့စည်းထားသည့်  အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ပြဌာန်းထားသည့် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေအတွက် လူထုစစ်တမ်း ကောက်ယူခဲ့သော အဖွဲ့ဖြစ်သည်။

၎င်းအဖွဲ့သည် ၂၀၁၄ ခုနှစ် ဇွန်လနှင့် သြဂုတ်လအတွင်း ပြည်နယ် ၃ ခု၊ တိုင်းဒေသကြီး ၆ ခုအတွင်းရှိ မြို့နယ် ၇၂ မြို့နယ် မှ လူထု ၁၆၀၀ ကျော်ကို တွေ့ဆုံမေးမြန်းပြီး ပြည်သူများအနေဖြင့် ၎င်းတို့တွင် ရွေးချယ်ပိုင်ခွင့် ရှိမရှိနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ အသုံးပြုနိုင်ခွင့် ရှိမရှိကို စစ်တမ်း ကောက်ယူခဲ့သည်။

၎င်းတို့ စစ်တမ်းကောက်ယူရာတွင် မေးမြန်းခဲ့သော ပြည်သူများအနက် အဆိုပါ ဥပဒေ ပြဌာန်းထားသည်ကို မသိရှိကြ သည့် ပြည်သူ ၇၅ ရာခိုင်နှုန်းကျော် ရှိနေသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါ ဥပဒေကို လေ့လာဖူးသည့် ပြည်သူမှာ ၉ ရာခိုင်နှုန်းသာ ရှိကြောင်း စစ်တမ်းကောက်ယူရေးတွင် ပါဝင်ခဲ့သည့် ဦးအောင်မြင်က ပြောသည်။

“လူထုရဲ့ဖြေဆိုချက်တွေအရ အဓိက သိရတာက ရွေးချယ်မှုပုံစံမှာ တရားမျှတမှုမရှိ ဆိုတဲ့အချက်ကို တွေ့ရတယ်။ နောက် ပြီးတော့ လူတော်တော်များများက ဒီဥပဒေဆိုတာ လုံးဝမသိကြဘူး။ နောက်ဆုံး တချက်က ရွေးချယ် ခန့်အပ်လိုက်တဲ့ သူတွေကလည်း ပြည်ထဲရေးဌာန အောက်မှာပဲ ရှိနေတော့ စစ်တပ်ရဲ့ အုပ်ချုပ်ရေး အောက်မှာ ရှိနေတဲ့သဘော သက်ရောက် နေတယ်။ ဖြေကြတဲ့သူတွေ တော်တော်များများကလည်း ဒီအုပ်ချုပ်ရေးမှူး ရွေးတာမှာ လူတိုင်းက မဲပေးပိုင်ခွင့် မရှိတဲ့အချက်တွေကို ဖြေကြတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေ၏ အထွေထွေအခန်းတွင် ပြဌာန်းထားသော ပြည်ထဲရေးဌာနမှ လိုအပ်သည့်အချိန် တွင် ညွှန်ကြားသည့် အချက်များကို လိုက်နာရမည်ဟူသော ဖော်ပြချက်သည် ပြည်သူ့အကျိုးကို ဆောင်ရန်ထက် အစိုးရ၏ ညွှန်ကြားချက်များကိုသာ လုပ်ဆောင်ရမည့် သဘောမျိုး ဖြစ်နေသောကြောင့် ပြုပြင်သင့်သော အချက်တချက် ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် လခယူထားရသည့် ဝန်ထမ်းတဦးပမာ ဖြစ်လာသည့်အတွက် အထက်မှ ညွှန်ကြား သော ညွှန်ကြားချက်များကို လိုက်နာရမည် ဖြစ်သော်လည်း တချို့ ညွှန်ကြားချက်များသည် ရပ်ကွက်အကျိုး လုံးဝမရှိသည့် ညွှန်ကြားချက်များ ဖြစ်နေသည်ကို တွေ့ကြုံရကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး တဦးက ဆိုသည်။

တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတို့မှတဆင့် အဆင့်ဆင့် ညွှန်ကြားခဲ့သော ညွှန်ကြားချက်များကို ၎င်းတို့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူး များက လိုက်ပါ ဖော်ဆောင်နေရသော်လည်း ဟန်ပြလိုက်လုပ်နေရသည်သာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဥပမာပြောရရင် ညဘက် ယာဉ်စစ်တို့၊ လုံခြုံရေးတို့ပေါ့။ အဲဒီဟာတွေကို ကျနော်တို့ လိုက်လုပ်ရတာ ရပ်ကွက်အကျိုး အတွက် ဘာတခုမှမပါဘူး။ တခုခုဖြစ်ရင် တရားရုံးမှာ အသိသက်သေအဖြစ် ပါအောင်လို့ လိုက်လုပ်ရသလိုပဲ။

လုပ်နေတဲ့ဟာတွေ ကြည့်ရင်လည်း ဟန်ပြလုပ်နေကြတာ။ ဘာမှ ထိရောက်မှုမရှိဘူး။ ကျနော်တို့က လခစားဆိုတော့ ထားပါ။ ကျနော်တို့နဲ့ အတူတူလိုက်ရတဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေဆိုရင် သူတို့မှာ ဘာအကျိုးခံစားခွင့်မှ မရှိသလို၊ သူတို့ရဲ့ အလုပ်အကိုင်ပါ ပျက်ကြရတယ်။ ဆိုင်ကယ်ဖမ်းတာမှာ ဆိုရင်လည်း ဟိုက ဓားနဲ့ထိုးသွားရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းတွေကို ကျနော် တို့မကြာခဏ အမေးခံကြရတယ်။ တကယ် ထိရောက်တဲ့ အလုပ်မဟုတ်ဘူး” ဟု သူက ရှင်းပြသည်။

Loading