Automobile

ရန်ကုန်တွင် စည်းကမ်းမဲ့ ပြိုင်ကား ၅၀ ကျော် ဖမ်းဆီးအရေးယူ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တွင် စည်းကမ်းမဲ့ ပြိုင်ကားနှင့် ပါဝါ အိတ်ဇောတပ်ယာဉ် ၅၀ ကျော်ကို စီမံချက်ဖြင့် ဖမ်းဆီး အရေးယူလိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

ယာဉ်မတော်တဆမှုများနှင့် ပြည်သူလူထု အထိတ်တလန့် ဖြစ်ပွားနေရခြင်းတို့ကြောင့် ဒီဇင်ဘာလ ၄ ရက်မှ စတင်ပြီး စည်းကမ်းမဲ့ ယဉ်များကို ဖမ်းဆီးခဲ့ရာ ၃ ရက်အတွင်း ပြိုင်ကားနှင့် ပါဝါ အိတ်ဇောတပ် ယာဉ် ၅၂ စီး၊ ဆိုင်ကယ် ၄ စီးတို့ကို ဖမ်းမိခဲ့သည်ဟုလည်း ဆိုသည်။

“ပြိုင်ကားတွေကို မဖြစ်မနေ လိုက်ပြီး ဖမ်းဆီးနေတယ်။ လက်ရှိက ၅၂စီး ရှိပြီ။ သူတို့ကို သက်ဆိုင်ရာ ဥပဒေတွေအတိုင်း အရေးယူ ရမယ်။ ခဏခဏဖြစ်နေတော့ ထိရောက်အောင် အရေးယူမယ်။ ဒဏ်ငွေပဲဆိုရင် သူတို့က သိပ်မလေးနက်ဘူး’’ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

ဗိုလ်မှူးကြီး တင်ဝင်းက ဒီဇင်ဘာ ၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း လွှတ်တော် အထူးအစည်းအဝေး ပြီးဆုံးချိန်  သတင်းထောက်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ယခုကဲ့သို့ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရခြင်းမှာ ပြိုင်ကားများကြောင့် ယာဉ်မတော်မှုများ လျော့နည်းသွားစေရန်၊ မူလပုံစံ ထက် ပြင်ဆင်တပ်ဆင်ထားသည့် အင်ဂျင်မြင့် ပါဝါအိတ်ဇော အသံများကြောင့် မြို့နေပြည်သူလူထုကို အထိတ်တလန့်မဖြစ်စေရန်၊ ပြိုင်ကားမောင်းနှင်သူများ ကိုယ်တိုင်နှင့် အခြားသူများပါ အန္တရယ် ကင်းဝေးစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

လက်ရှိ ဖမ်းဆီးမိထားသည့် ကားများသည် တရားဝင်တင်သွင်းခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးသွားမည် ဖြစ်ပြီး တရားမဝင် တင်သွင်း လာပါက တရားမဝင် ကုန်ပစ္စည်း တင်သွင်းမှု ဥပဒေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ ယာဉ်စည်းကမ်း ဆိုင်ရာ ဥပဒေ များဖြင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း၊ တရားဝင် တင်သွင်းလာသည့် ကားများကိုမူ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

“အခုလို ဖမ်းဆီး ဆောင်ရွက်နေတာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်မူနဲ့ပါ။ ကျနော်တို့က ယာဉ်စည်းကမ်း ဥပဒေ အရ သူတို့ ချိုးဖောက်တာကို ချလန်ဖြတ် ဖမ်းဆီးတာလောက်ပ ဲရှိတယ်”ဟု ရန်ကုန်မြို့ ၅၁ လမ်းရှိ ယာဉ်ထိန်း ရဲရုံးမှ ရဲအုပ် ဇော်မျိုးထွန်းက ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် ပြိုင်ကား စည်းကမ်းမဲ့ မောင်းနှင်းမှုနှင့် အိတ်ဇောပါဝါကားများ ဖမ်းဆီးမူများတွင် နိုင်ငံခြားသား တဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ရန်ကုန်မြို့တွင် ယခင်နှစ်များကလည်း ပြိုင်ကားဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ကြောင်းလည်း သိရသည်။

“ဖမ်းတာမှာ နိုင်ငံခြားသား ပါတယ်။ အဲဒီလူကိုတော့ အခုစစ်နေတယ်။ ကိုရီးယား ခရီးသွားလုပ်ငန်းတခုကပါ။ ယူထားတာက မြန်မာ မိန်းကလေး။ ရှစ်မိုင်မှာ မိထားတာ”ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ ရဲအရာရှိတဦးက ပြောသည်။

ရန်ကုန်မြို့တွင် စည်းကမ်းမဲ့ ပြိုင်ကားများနှင့် ပါဝါ အိတ်ဇောတပ်ယာဉ်များကို ဆက်လက် ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

Loading