ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဒီဇင်ဘာလ ၈ ရက်နေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေးတွင် ကေတီဗီ၊ အနှိပ်ခန်းများ၊ နိုက်ကလပ်များ၊ အရက်ဘားများကို တနေရာတည်း တွင် တရားဝင် ဖွင့်လှစ် ခွင့်ပြုရေး မေးခွန်းနှင့် အဆို တင်သွင်းခဲ့ပြီး ယင်းအဆိုကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လွှတ်တော်က ဆွေးနွေး ဆုံးဖြတ် မည် ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်က ကေတီဗီ၊ အနှိပ်ခန်းများ၊ နိုက်က လပ်များ၊ အရက်ဘားနှင့် ကချေသည်ခန်းမတို့ကို နေရာတခု သတ်မှတ်၍ တနေရာ တည်း တွင် ဖွင့်လှစ်ရန်အစီစဉ်ရှိ၊ မရှိ မေးခွန်းကို မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းက ရန်ကုန်တိုင်းအစိုးရအနေဖြင့် တရားဝင်ခွင့်ပြုရန် အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့သည်။
“တိုင်းဒေသကြီးအတွင်းရှိ ကေတီဗီ၊ အနှိပ်ခန်းများ၊ နိုက်က လပ်များ၊ အရက်ဘားများနှင့် ပတ်သက်၍ တရားဝင်ဖွင့်လှစ် ခွင့် ပြုရန်အစီအစဉ်မရှိသေးပါဘူး။ ဒီအတွက်ကကျနော်တို့မှာ ပေးနိုင်မယ်မထင်သေးပါဘူး”ဟု နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှုး ကြီးတင်ဝင်းက တိုင်းလွှတ်တော်တွင် ပြန်လည်ဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးသောင်းကျော်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကေတီဗီ၊ အနှိပ်ခန်းများ၊ နိုက်က လပ် များ၊ အရက်ဘားတို့ကို တရားဝင် ခွင့်ပြုရန် တိုက်တွန်းကြောင်း အဆို တင်သွင်းလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်လည်းဖြစ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစိန်တင်ဝင်းက လက်ခံလိုက်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့တွင် လွှတ်တော်တွင် ဆွေးနွေးရန် ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဦးသောင်းကျော်က “ကျနော်တို့ဆီမှာ တရားဝင်ခွင့်ပြုတာမရှိဘူးဆိုပေမယ့် ဒီလိုဆိုင်တွေဟာဒုနဲ့ဒေးပါ။ နောက်တခုကတော့ ဒီမှာလုပ်ဖို့ လာတဲ့က လေးတွေအတွက်ပါ။ နယ်တွေကနေပြီးတော့ မိဘတွေကိုရှာကျွေးချင်လို့အလုပ်လာလုပ်ကြတယ်။ ဒီမှာ အလုပ်ရှာ ပေးတဲ့လူက ဘာလုပ်ရမယ်မပြောဘူး။ လိုက်လာ။ရောက်တော့မှမထူးလုပ်ကြရတယ်။ ဒီအလုပ်တွေက တရားဝင်မဟုတ်တော့ ကလေးတွေ မှာမတရားခံ ရတာလည်း ရဲ မတိုင်ရဲဘူး။ ဒါတွေအတွက်ဒီအဆိုကိုတင်တာပါ”ဟု ပြောသည်။
ရပ်ကွက်များတွင် ဖွင့်လှစ်ထားသော ကေတီဗီ၊ အရက်ဘား၊ အနှိပ်ခန်းနှင့် အနှိပ်ခန်းများကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးမျိုးခင်က ဆိုသည်။
“ကျနော်တို့ရပ်ကွက်တွင်းမှာပါတော်တော်လေးဒါတွေ၇ှိနေတော့ ရပ်ကွက်ထဲအချိန်မတော်ဝင်၊ သွားလာတွေလည်း ရှိလာတော့ တချို့မိသားစုတွေဆို ပြောင်းပြေး ရတာတွေ ကျနော်တို့ ရန်ကင်းမှာ ရှိတယ်။ ဒီတော့နိုင်ငံတကာမှာ လည်း သီးခြားဖွင့်ဖို့လုပ်ပေးတာရှိတယ်။ မရှိဘူးပြောနေပေမယ့် မြင်နေတွေ့နေရတာဆိုတော့ လွှတ်တော်မှာ မေးခွန်း မေးခဲ့တာပါ”ဟုပြော သည်။
ရန်ကုန်တိုင်းအစိုးရက ကေတီဗီ၊ အနှိပ်ခန်း၊ အရက်ဘား၊ နိုက်ကလပ်များကို တရားဝင်ခွင့်ပြုထားခြင်း မရှိဟု ဆိုသော်လည်း ရန်ကုန် မြို့နယ်များတွင် ကေတီဗီ၊ အနှိပ်ခန်း၊ အရက်ဘားနှင့် နိုက်ကလပ်များ မြောက်မြားစွာ ဖွင့်လှစ်နေကြပြီး ဒေသခံအာဏာပိုင် ရဲများနှင့် တာဝန်ရှိသူများကို အခကြေးငွေ ပေး၍ ဖွင့်လှစ်လုပ်ကိုင်ကြ ခြင်းဖြစ်သည်ဟု သိရှိရသည်။