နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆားလုပ်ငန်းများ ပြန်လည် တည်ထောင်နိုင်ရန် အစိုးရက ထုတ်ချေးခဲ့သည့် ချေးငွေများ ပြန်လည် ပေးဆပ်ခြင်း မရှိသူ ဆားတောင်သူများကို တရားစွဲဆိုသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း လပွတ္တာနှင့် ငပုတောမြို့နယ်တို့မှ ဆားကွင်းများပျက်စီးခဲ့ရာ လုပ်ငန်းများ ပြန်လည်တည်ထောင်ရန်အတွက် အစိုးရက ထုတ်ချေးထားသည့် ချေးငွေများအနက် ဆားတောင်သူတဦးလျှင် ၇ သိန်း ၇ သောင်းကျပ် နှုန်းဖြင့် အညီအမျှ ပြန်ဆပ်ရန် သတ်မှတ်ထားရာ ယင်းငွေများ ပြန်ဆပ်ရန် ပျက်ကွက်နေသူများကို ဇန်နဝါရီလမှ စတင်၍ ဆားလုပ်ငန်းဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင် သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။
“နိုင်ငံတော်ချေးငွေတွေကို ဒီဇင်ဘာလကုန်အထိ ပြန်ဆပ်ဖို့ စောင့်ဆိုင်းပေးသွားမယ်။ အရင်က ချေးငွေဆပ်ဖို့ ရက်ကျော်ရင် ရက်လွန်ဒဏ်ကြေး ကောက်တာ ရှိတယ်။ ဒီချေးငွေအတွက် ရက်လွန်ကြေး မကောက်ပါဘူး။ အတိုးလည်း မယူပါဘူး။ ငွေရင်းဖြစ်တဲ့ ၇ သိန်း ၇ သောင်းပဲ ပြန်ဆပ်ပေးပါလို့ ဆားတောင်သူတွေကို ပြောထားပါတယ်။ အဲဒါမှ မဆပ်ရင် ၂၀၁၅ ဇန်နဝါရီလမှာစပြီး ကွင်းဆင်းပြီး အရေးယူပါမယ်။ အရေးယူရာမှာလည်း တပြားမှ မသွင်းတဲ့လူကစပြီး အစုလိုက်ပေါ့နော်၊ ၅ ယောက်တတွဲ၊ ၁၀ ယောက်တတွဲ အဲဒီလိုတွေ စတင် အရေးယူပါမယ်” ဟု သူက ပြောသည်။
နာဂစ်ဖြစ်ပြီးနောက် ငပုတောနှင့် လပွတ္တာမြို့နယ်ရှိ ဆားကွင်းများ ပြန်လုပ်ရန်အတွက် စစ်အစိုးရက တဧကလျှင် ၃ သိန်းကျပ်နှုန်းဖြင့် ငွေထုတ်ချေးခဲ့ကြောင်း၊ ယင်းချေးငွေများအနက် ၅၀ ရာခိုင်နှုန်းကျော် ပြန်လည် ပေးဆပ်ထားသူများအား အစိုးရက အကြွေးမယူတော့ဘဲ ၁၀ ဘီလီယံကျပ်ခန့် လျော်ပေးခဲ့ကြောင်း သိရသည်။
ချေးငွေများအား ၅၀ ရာခိုင်နှုန်းပြည့်မီအောင် မပေးသွင်းသူ ၃၉၅ ဦး ကျန်ရှိနေပြီး ကြွေးကျန်မှာလည်း သိန်း ၃၀၅၀ နီးပါး ကျန်ရှိနေရာ အချိုးကျဖြင့် ဆားတောင်သူတဦးလျှင် ၇ သိန်း ၇ သောင်းကျပ် ပေးသွင်းရန် သတ်မှတ်ခဲ့ကြောင်း၊ ဆားတောင်သူတချို့က ယင်းငွေကြေးကို ဆပ်ကြသော်လည်း ချေးငွေ လုံးဝပြန်မဆပ်သူ ၁၈၈ ဦးရှိနေသည့်အတွက် တရားစွဲရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရက ပြောသည်။
ချေးငွေ ပြန်မဆပ်နိုင်သူများမှာ နာဂစ်မုန်တိုင်းကြောင့် ဆားကွင်းများ ပျက်စီးသွားပြီး လုပ်ငန်းပြန်လည် မထူထောင်နိုင်သူ အများစုဖြစ်ကြောင်း လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်းက ပြောသည်။
“အစိုးရအကြွေးကို ပေးနိုင်လျက်သားနဲ့ သက်သက် မပေးဘူးဆိုတာ မရှိပါဘူး။ တော်တော်ကိုခက်လို့ မပေးနိုင်ကြတာ။ ဆားဖိုကို ပြန်တည်ဖို့ကို သူတို့ မတတ်နိုင်တော့တာ။ သူတို့မှာ ဆားဖိုသူကြီးဆိုတဲ့ နာမည်ပဲ ကျန်တော့တယ်။ လက်ရှိ အခြေအနေမှာ စားဝတ်နေရေးခက်ခဲလို့ ပုစွန်ထောင်၊ ဂဏန်းထောင်စားနေရတဲ့ အခြေအနေတွေ ရှိတယ်။ ချေးငွေပြန်မဆပ်လို့ အရေးယူမယ်ဆိုရင် တချို့ကတော့ ရှာဖွေချေးငှားဆပ်ကြမှာပေါ့။ လုံး၀ ရှာဖို့ မရှိသူကတော့ အရေးယူတာပဲ ခံကြမှာပဲ” ဟု သူက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် လပွတ္တာနှင့် ငပုတောမြို့နယ်ရှိ ဆားကွင်း ဧကသောင်းနှင့်ချီ ပျက်စီးခဲ့သလို ဆားလုပ်ငန်း ၃ ပုံ ၂ ပုံခန့်မှာလည်း ပြန်လည် လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ ရပ်တန့်ချုပ်ငြိမ်းသွားခဲ့သည်ဟု ဆားလုပ်ငန်းရှင်များက ပြောသည်။
ယခင်က ဧရာဝတီတိုင်းဒေသကြီး ဆားနှင့် ဆားထွက်ပစ္စည်းလုပ်ငန်း ဥပဒေအရ အရေးယူမည်ဆိုပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ငွေဒဏ် ၃ သိန်းကျပ်သာ ချမှတ်နိုင်သည်။
ဒီဇင်ဘာလ ပထမပတ်အတွင်းက ကျင်းပခဲ့သည့် ဧရာဝတီတိုင်းလွှတ်တော် အထူးအစည်းအဝေး (၂/၂၀၁၄) တွင် တိုင်းဒေသကြီး ဆားလုပ်ငန်းဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ရာ ဆားလုပ်ငန်း စည်းကမ်းများ မလိုက်နာခြင်း၊ လိုင်စင်မရှိဘဲ၊ လိုင်စင်သက်တမ်း မတိုးဘဲ ဆားချက်လုပ်ခြင်းများ ပြုလုပ်ပါက တိုင်းဒေသကြီး အဏ္ဏဝါဆားလုပ်ငန်းဌာနမှ တရားစွဲဆိုနိုင်ပြီး ငွေဒဏ် ၃ သိန်း၊ ထောင်ဒဏ် ၃ လနှင့် ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြင်ဆင်ပြဌာန်းခဲ့သည်။
“အစောပိုင်းက ဆားလုပ်ငန်းဥပဒေမှာ ငွေဒဏ်ပဲပါတယ်။ အဲဒီတော့ တချို့ ဆားတောင်သူတွေက ငါတို့ မဆပ်ဘူးကွာ၊ ဘယ်ဥပဒေနဲ့ ငါတို့ကို အရေးယူမလဲဆိုပြီး ပြောကြတာရှိတယ်။ တကယ်လည်း ဆားလုပ်းငန်း လိုင်စင်တွေကို သက်တမ်း မတိုးကြဘူး။ လိုင်စင်မလုပ်ဘဲ အခွန်မဆောင်ဘဲ ဆားချက်ကြတာတွေလုပ်တယ်။ ဒါကြောင့် လိုအပ်ချက်အရ ဥပဒေကို ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဥပဒေ အတည်ပြုပြီးဖြစ်ပေမယ့် ၂၀၁၅ ဇန်နဝါရီလကျမှ အရေးယူတာတွေ လုပ်မှာပါ” ဟု ဝန်ကြီး ဦးစိုးမြင့်က ပြောသည်။
မြန်မာနိုင်ငံရှိ နေလှန်းဆားချက် လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်းမှာ လပွတ္တာနှင့် ငပုတောမြို့နယ်တွင် တည်ရှိပြီး ဆားကွင်းဧရိယာ ဧက ၃ သောင်းကျော် တည်ရှိကာ ဆားတောင်သူပေါင်း ၉၀၀ ကျော် လုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံး စာရင်းများအရ သိရသည်။