မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းလာသော်လည်း ဒေသတွင်း လူမှုရေးနှင့် စီးပွားရေးကို ခြိမ်းခြောက်လျှက် ရှိနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) က ယမန်နေ့က ထုတ်ပြန်လိုက်သည်။
ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၃ ခုနှစ်က ၅၇၈၀၀ ဟက်တာ ရှိခဲ့ရာမှ ယခု ၂၀၁၄ ခုနှစ် တွင် ၅၇၆၀၀ အထိရှိပြီး ဟက်တာ ၂၀၀ လျော့နည်းလာကြောင်း UNODC ၏ အစီရင်ခံစာက ဆိုသည်။
သို့သော် ရွှေတြိဂံဒေသ ဘိန်းစိုက်ပျိုးမှု၌မူ ၂၀၁၃ ခုနှစ်က ၆၁၂၀၀ ဟက်တာ ရှိခဲ့ရာမှ ယခု ၂၀၁၄ ခုနှစ် တွင် ၆၃၈၀၀ အထိ မြင့်တက်လာပြီး အဆိုပါ ပမာဏသည် ၂၀၀၆ ခုနှစ်ကထက် ၃ ဆနီးပါး ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။
၂၀၁၄ ခုနှစ်အတွက် မြန်မာ၊ လာအိုနိုင်ငံတို့နှင့် ပတ်သက်သည့် အရှေ့တောင် အာရှဒေသဆိုင်ရာ ဘိန်းသုတေသန အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် ဘိန်းထုတ်လုပ်မှု အများဆံုံးအဖြစ် ဆက်လက်ရှိနေပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန် နိုင်ငံပြီးလျှင် ဒုတိယမြောက်နိုင်ငံ ဖြစ်နေသေးကြောင်း သိရသည်။
မြန်မာနှင့် လာအိုနိုင်ငံတို့က ခန့်မှန်းခြေ ဘိန်းမက်ထရစ်တန်ချိန် ၈၇၀ ထုတ်လုပ်ခဲ့ရာက ယခုနှစ်တွင် တန်ချိန် ၆၇၀ သာထွက်ရှိပြီး ဘိန်းဖြူတန်ချိန် ၂၀၀ ခန့် ကျဆင်းကြောင်း၊ သို့သော် တရားမဝင် ဓာတုပစ္စည်းများ သွင်းယူကာ ဘိန်းဖြူအဖြစ် ၇၆ တန် သန့်စင်ထုတ်လုပ်ကြောင်း၊ ထိုပစ္စည်းများကို အိမ်နီးချင်နိုင်ငံများနှင့် ဒေသတွင်းသာမက ပြင်ပဈေးကွက်သို့ မှောင်ခိုတင်ပို့သည်ဟု အစီရင်ခံစာက ဆိုသည်။
UNODC အရှေ့တောင်အာရှ၊ ပစိဖိတ်ဒေသဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ ဂျရမီဒေါက်ကလပ်စ်က “ရွှေတြိဂံ ဒေသကို ဘိန်းဖြူနဲ့ ဓာတုဆေးဝါ အဝင်အထွက် ကုန်သွယ်မှုဟာ ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို သိသိသာသာ စိန်ခေါ်နေပါတယ်” ဟု ဆိုထားသည်။
ဒေသတွင်းက ဘိန်းဖြူ ဝယ်လိုအားသည်လည်း မြင့်မားလာနေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်အုပ်စုများအတွက် အကျိုးများလျက် ရှိနေပြီး၊ ဘိန်းဖြူချက်လုပ်ရန် ဓာတုဆေးဝါး လိုအပ်ချက်များကို ဖြည့်ဆည်းသည့် စီးပွားရေးသာမက တရုတ်နိုင်ငံ၊ အရှေ့တောင် အာရှနိုင်ငံများနှင့် တခြား ကမ္ဘာဒေသများရှိ မူးယစ်ဈေးကွက်များသို့လည်း တင်ပို့ ဖြန့်ဖြူး ခြင်းများ ရှိနေသည်ဟုလည်း သူက ဆက်ပြောသည်။
ယမန်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များအသင်း FCCT တွင် မစ္စတာ ဒေါက်ကလပ်စ်က လာအိုနိုင်ငံ ဆိုင်ရာ UNODC မန်နေဂျာ မစ္စတာ ရှိတ်တောရ်နှင့် ပူးတွဲကာ မူးယစ်ဆေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား အစီရင်ခံစာနှင့်တကွ ပြောဆို ရှင်းလင်းသွားသည်။
သောင်းကျန်းသူအုပ်စုများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသော မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ ဘိန်းနှင့် မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်မှု ဗဟိုချက်မအဖြစ် ဆက်လက်ရှိနေပြီး ရွှေတြိဂံဒေသ ဘိန်းစိုက်ပျိုး ဧရိယာအားလုံး၏ ၈၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ဘိန်းစီးပွားရေးနှင့် မူးယစ် ကုန်သွယ်မှုသည် ဒေသတွင်း လူမှု စီးပွားရေးများနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများကို ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်နေသည်ဟုလည်း UNODC က သတိပေးသည်။
“ကျနော်တို့က ဒါကို အရေးယူကိုင်တွယ်ဖို့ လိုတယ်” ဟုလည်း မစ္စတာ ဒေါက်ကလပ်စ်က ဆိုသည်။
မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံ နယ်စပ်မျည်းတို့ ထိစပ်နေသည့် ရွှေတြိဂံဒေသသည် မဲခေါင်မြစ်ဝှမ်းဒေသ၏ ပထဝီဆိုင်ရာ ဗဟိုချက်မဖြစ်ပြီး ဒေသတွင်း ဘိန်းစိုက်ပျိုးမှုများ ရှိနေေသော်လည်း နယ်စပ်ထိန်းချုပ်မှုနှင့် ကုန်သွယ်ရေး အဟန့်အတားများ ပြေလျော့စေရန် လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့စေမည့် စီမံကိန်းများ လျာထားမှုများ ရှိကြောင်း၊ အဆိုပါ စီမံကိန်းများကြောင့် ဒေသတွင်း လူမှု စီးပွား အကျိုးကျေးဇူးကောင်းများ ရှိလာပြီး မူယစ်ကုန်သွယ်မှု ကျဆင်းလာ မည်ဟု ယုံကြည်ကြောင်းလည်း သူက ဆက်ပြောသည်။