မလေးရှားနိုင်ငံ၊ ပီနန်တွင် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားများ အသတ်ခံရမှုများအနက်မှ လူသတ်မှု ၁၃ ခုတွင် ကျူးလွန်သော တရားခံဟု ယူဆရသော မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း မလေးရှား ရဲတပ် ဖွဲ့ ဒုတိယ စစ်ဆေးရေးမှူးချုပ် Datuk Seri Noor Rashid Ibrahim က ပြောဆိုသည်ဟု မလေးရှားနိုင်ငံမှ လာသော သတင်း များတွင် ဖော်ပြထားသည်။
ပီနန်မြို့တွင် မြန်မာနိုင်ငံသားများ အသတ်ခံရသော လူသတ်မှု ၁၈ မှုဖြစ်ပွားခဲ့ပြီး ယင်းလူသတ်မှုများအနက်မှ လူသတ်မှု ၁၃ မှုနှင့် ဆက်စပ်သည်ဟု ယူဆ သံသယရှိခံရသော မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးလျက်ရှိကြောင်း၊ မလေးရှားတွင် ဖြစ်ပွားသော မြန်မာ နိုင်ငံ သားများ အသတ်ခံရမှုသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ များ နှင့်ဆက်စပ်မှုရှိနိုင်ကြောင်း မလေးရှားရဲတပ်ဖွဲ့ ဒုတိယစစ်ဆေးရေးမှူးချုပ် Datuk Seri Noor Ibrahim က ရှင်းပြ သည်။
“ကျနော်တို့ ဒါကို အတည်ပြုရပါဦးမယ်။ ဒါပေမယ့် ဒါက အခုအချိန်အထိ ကျနော်တို့ စုဆောင်းပြီးတာတွေအရ ယုံကြည် ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဖမ်းဆီးမိခဲ့တဲ့ ကြိုးကိုင် စီစဉ်သူလို့ ယူဆရသူ တဦး အပါအဝင် ဖမ်းဆီးထားတဲ့ မြန်မာ ၁၇ ဦးကို ဆက်လက်စစ်ဆေးနေပါတယ်” ဟု သူကပြောသည်။
လူသတ်မှု ဖမ်းဆီး စစ်ဆေးခံနေရသော မြန်မာများတွင် တရာဝင်းပါမစ်နှင့် အလုပ်လုပ်နေသူများသာမက တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသူများလည်း ပါဝင်ကြောင်း၊ စစ်ဆေးမှုများအရ Bukit Mertajam ရှိ ငှားရမ်းထားသည့် အိမ် တလုံးသို့ ရဲ အဖွဲ့ဝင်များ သွားရောက်စစ်ဆေးနိုင်ခဲ့ပြီး အဆိုပါအိမ်တွင် လူသတ်ခြင်းနှင့် သတ်ဖြတ်ခံရသူများ၏ ကိုယ်ခန္ဓာ ကို တစစီ ဖြစ်ရန် ခုတ်ထစ်ခြင်းများ ပြုလုပ်ကြဖွယ်ရှိသည်ဟု မလေးရှားရဲတပ်ဖွဲ့က ဆိုသည်။
ပီနန်တွင်ဖြစ်ပွားသော လူသတ်မှု ၁၈ မှုအပြင် အသက် ၃၀ အရွယ် မြန်မာစီးပွားရေး လုပ်ငန်းရှင် တဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သော အမှုအတွက် သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အသတ်ခံရသူသော မြန်မာ စီးပွား ရေး လုပ်ငန်းရှင်၏ ရုပ်အလောင်းကို ကမ်းစပ် ရွှံ့နွံများထဲ တွင် ဒီဇင်ဘာလ ၁ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ၏ထုတ်ပြန်ချက်အရ သိရှိရသည်။
မြန်မာစီးပွားရေးလုပ်ငန်းရှင် ပြန်ပေးဆွဲ သတ်ဖြတ်ခံရမှုတွင် အသတ်ခံရသူကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သေနတ်ကိုင် ထားသည့် လူ ၄ဦးက အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ခြင်းဖြစ်ပြီး မလေးရှားငွေ ရင်းဂစ် ၂ သန်းဖြင့် ပြန်လည် ရွေးယူရန် သူ၏ ဇနီးသည်ထံ တောင်းဆိုခဲ့သော်လည်း ငွေပေးရန် ပျက်ကွက်ခဲ့သည့်အတွက် သတ်ဖြတ်ခံခဲ့ရ ခြင်းဖြစ် ကြောင်း သိရှိရသည်။
မလေးရှားရဲတပ်ဖွဲ့မှ ACP R. Munusamy ၏ အဆိုအရ မြန်မာစီးပွားရေး လုပ်ငန်းရှင် ပြန်ပေးဆွဲ အသတ်ခံရသော အမှုတွင် သံသယရှိသူ ၃ ဦးအနက် ၂ ဦးမှာ အသက် ၂၀ ကျော်နှင့် ၃၀ ကျော် မလေးရှားနိုင်ငံသားများ ဖြစ်ပြီး ၎င်းတို့ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စင်ကာပူ နိုင်ငံတွင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ သံသယရှိခံရသူ ကျန် နောက် တဦးမှာမူ ပထမဆုံး သံသယရှိခံရသူဖြစ်ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ကတည်းက ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ၎င်းသည် အသက် ၄၁ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး လူသတ်မှုတွင် စီစဉ်ကြိုးကိုင်သူ အဖြစ်ယူဆရဖွယ်ရှိကြောင်း၊ လူသတ် ပြန်ပေးဆွဲမှုနှင့် ပတ်သက်သော သံသယရှိခံရသူ တဦးမှာလည်း လွတ်မြောက်နေသဖြင့် ဖမ်းဆီးရမိနိုင်ကြောင်း စုံစမ်း နေကြောင်း သိရှိရသည်။
အလားတူ ပီနန်မြို့တွင် ဒီဇင်ဘာလ ၈ ရက်နေ့က လက်မောင်းနှင့် ကျောတွင် ပြတ်ရှဒဏ်ရာ အမြောက်အမြားဖြင့် လည်လှီး ၍ အသတ်ခံထားရသည့် နိုင်ငံခြားသား တယောက်၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၈ ရက်နေ့ ဗုဒ္ဓဘာသာ ဘုရား ကျောင်းတခု၏ရှေ့တွင် တွေ့ရှိခဲ့ရပြီး သတ်ဖြတ်သော လူသတ်သမားများသည် မြန်မာနိုင်ငံသား ၁၈ ဦးကို သတ်ဖြတ်ခဲ့သူများနှင့် တဖွဲ့တည်း ဖြစ်နိုင်ကြောင်း ပီနန် ပြည်နယ် မှုခင်းတပ်ဖွဲ့ အကြီးအကဲ SAC Mazlan Kesah က ပြောဆိုသည်။
“ဒီလူသတ်မှုမှာ လူ ၂ ယောက်ထက်ပိုပြီး ပါဝင်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ အနံ့ခံခွေးတွေနဲ့ မှုခင်းဆေး ပညာ အဖွဲ့တွေကို စုံစမ်းစစ်ဆေးရာမှာ ကူညီဖို့ တာဝန်ချထားပေးပါတယ်။ အခုအချိန်အထိတော့ မျက်မြင်သက်သေ မတွေ့ သေးသလို မှောင် တဲ့ အချိန် ဖြစ်ပွားခဲ့လို့ လူတွေ သတိမထားမိကြတာလည်း ဖြစ်နိုင်ပါတယ်” ဟု သူကပြောသည်။
မလေးရှားတွင် ဖြစ်ပွားသော မြန်မာများ သတ်ဖြတ်ခံရမှုသည် အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများနှင့် ဆက်စပ်နိုင်သည်ဟု မလေးရှားသတင်းစာများက သုံးသပ်ရေးသားကြပြီး အသတ်ခံရသူများသည် လည်ပင်းများ လှီးဖြတ်ထားခံရုံမျှမက ဦးခေါင်းနှင့် ခြေလက်များကိုလည်း ခုတ်ထစ်ထားမှု ရှိကြောင်း ရေးသားဖော်ပြကြသည်။
အစောပိုင်းတွင် မြန်မာနိုင်ငံမှ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများသည် မလေးရှားတွင် ဖြစ်ပွားသော မြန်မာများ အသတ်ခံရမှုနှင့် ဆက်သွယ်မှုရှိသည်ဆိုသော အချက်ကို ငြင်းဆိုခဲ့သော်လည်း ယခုအခါတွင်မူ ရဲတပ်ဖွဲ့က ထိတ်လန့် ချောက်ခြားဖွယ်ရာ လူသတ်မှုများဆက်တိုက် ဖြစ်ပေါ်လာရခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသော ဖြစ်ရပ်များကို လက်တုံ့ ပြန်မှု အဖြစ် ယူဆလာကြကြောင်း မလေးရှား သတင်းမီဒီယာများက ထုတ်ဖော်ရေးသားကြသည်။