မြန်မာပြည်တွင်းသို့ ကျောပိုးအိတ်နှင့် ကမ္ဘာပတ်ကြသူများ(Backpacker) လာရောက် လည်ပတ်မှုသည် လက်ရှိ နိုင်ငံခြားသား ခရီးသွား အရေအတွက်၏ သုံးပုံနှစ်ပုံခန့် အထိ သိသာစွာ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက ပြောသည်။
၂၀၁၂ ခုနှစ် မတိုင်ခင်က Backpacker ဦးရေသည် ခရီးသွား အရေအတွက်၏ သုံးပုံ တပုံခန့်သာ ရှိခဲ့ကြောင်း သိရသည်။
Backpacker များသည် ဈေးကြီးပေးရသော ဇိမ်ခံ ဟိုတယ်ကြီးများ၌ တည်းခိုခြင်း မပြုဘဲ စားသောက် စရိတ် သက်သာသည့် တည်း ခို ခန်းများတွင်သာ တည်းခိုကြပြီး သွားလာလည်ပတ်ရာတွင်လည်း ဧည့်လမ်းညွှန်များအစား ခရီးသွားလမ်းညွှန် စာအုပ်များ ကိုသာ အားကိုးကြကြောင်း ဧည့်လမ်းညွှန်များက ပြောပြသည်။
ထို့အပြင် Backpacker များသည် ရန်ကုန်မြို့အပါအဝင် ပုဂံ၊ အင်းလေး၊ မန္တလေး စသည့် မြန်မာနိုင်ငံ၏ အထင်ကရ နေရာများသို့ သွားရောက် လည်ပတ်မှုများလည်း ရှိကြသည်ဟု ဆိုသည်။
ထို့ကြောင့် မြန်မာ ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့် ခရီးစဉ် စဆုံး စီစဉ်ဆောင်ရွက်ပေးရသော Package Tour ဝန်ဆောင်မှုများ အပြင် Backpacker များကို ဦးတည် လုပ်ကိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ကူးပြောင်း လုပ်ကိုင်သင့်သည့် အချိန်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း တွဲဖက် အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဥပမာ မနက်ဆိုရင် အချက်အချာကျတဲ့ နေရာလေးတွေကို လာကြိုသွားမယ်။ တနေကုန်လည်မယ်။ ဒေါ်လာ ၂၀ ပေးရမယ်၊ ၃၀ ပေးရမယ်။ နေ့လယ်စာ ကျွေးမယ်။ ညနေစောင်းဆိုရင် ဒီဝန်ဆောင်မှုက ပြီးသွားပြီ။ အဲဒီလိုမျိုးလေးတွေ လုပ်လို့ရတယ်”ဟု ဦးတင်ထွန်းအောင်က ရှင်းပြသည်။
မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက လာရောက် လည်ပတ်သည့် နယ်သာလန်နိုင်ငံသူ Madam Anna က အမြဲ တမ်း ရင်းနှီးဖော်ရွေစွာ ပြုံးပြတတ်သော မြန်မာဒေသခံများကြောင့် လှိုက်လှိုက်လှဲလှဲ ခံစားရသော်လည်း ရန်ကုန်မြို့ရှိ လမ်း အမည် တိုင်းကို အင်္ဂလိပ်စာဖြင့် ရေးသားထားခြင်း မရှိမှုသည် နိုင်ငံခြားသား ခရီးသွားများအတွက် အလွန် ကြီးမားသည့် အခက် အခဲတခု ဖြစ်စေကြောင်း ဧရာဝတီသို့ ပြောပြသည်။
Madam Anna က “မြန်မာနိုင်ငံမှာရှိတဲ့ နေရာဒေသတိုင်းဟာလည်း နိုင်ငံခြားသား ခရီးသွားတွေ လွတ်လွတ်လပ်လပ်နဲ့ လုံခြုံ စိတ်ချစွာ သွားလာလည်ပတ်နိုင်စေဖို့ လိုအပ်နေသေးတယ်”ဟုလည်း ဖြည့်စွက် ပြောဆိုသည်။
လုံခြုံရေး အခြေအနေအရ ဆိုလျှင် Backpacker များသည် Package Tour နှင့် လာရောက် လည်ပတ်သူများကဲ့သို့ ခရီးသွား ကုမ္ပဏီများက ခရီးစဉ်အစအဆုံး စီစဉ်ပေးထားခြင်းမရှိသည့်အတွက် အဆင်ပြေလွယ်ကူခြင်း ရှိနိုင်လိမ့်မည် မဟုတ်ကြောင်း၊ အရေးပေါ် ခေါ်ဆိုနိုင်သော ဖုန်းနံပါတ်များ၊ Tourism Police ကဲ့သို့သော နိုင်ငံခြားသား ခရီးသွားများ အတွက် လုံခြုံရေး ဆောင်ရွက်ပေး သည့် ရဲဝန်ထမ်းများကိုသာ အားကိုရမည် ဖြစ်ကြောင်း ဦးတင်ထွန်းအောင်က ပြောဆိုသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် မှန်မှန် တိုးတက်လာခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန် အတွင်း လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသွားအရေအတွက်သည် ၂.၇၂ သန်းခန့် ရှိပြီး ၂၀၁၃ ခုနှစ်ထက် ၅၁ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း က ပြောသည်။
“အများဆုံး လာလည်တာကတော့ ထိုင်းနဲ့ အမေရိကန်တွေပါ”ဟုလည်း ဦးအောင်ဇော်ဝင်းက ပြောပြသည်။
ယင်း Backpacker(Foreign Independent Traveler- FIT) များ နိုင်ငံသို့ ဝင်ရောက်မှု တိုးမြင့်လာခြင်းသည် နိုင်ငံအတွက် ကောင်း ကျိုးနှင့် ဆိုးကျိုး နှစ်မျိုးစလုံး ရှိကြောင်း၊ ယင်းခရီးသွား ဧည့်သည်များကို မြန်မာနိုင်ငံအတွင်း ဆင်ခြင်သင့်သည့် ဝတ်စားဆင်ယင်မှု ဆိုင်ရာနှင့် ဆောင်ရန် ရှောင်ရန်များကို ပြောပြထားမည့်သူ မရှိသည့်အတွက် နေရာတိုင်းတွင် မြန်မာ့ ယဉ်ကျေးမှုကို လိုက်နာနိုင်ရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံများက ၎င်းတို့အပေါ် အမြင်တိမ်းစောင်းနိုင်ကြောင်း ပြင်သစ် ဘာသာစကား ဧည့်လမ်းညွှန် တဦးဖြစ်သည့် မအေးငြိမ်းသူက ဧရာဝတီသို့ ပြောသည်။
“ပုဂံမှာက အထင်ကရ မဟုတ်တဲ့ တချို့ဘုရားသေးသေးလေးတွေမှာဆို အောက်ခြေမှာ လူစောင့်တဲ့သူတောင် မရှိဘူး။ အဲဒီတော့ အဲဒီခရီးသွားတွေက ဖိနပ်စီးပြီးတော့ ဟိုးထီးတော်နားအထိတောင် တက်သွားတတ်တဲ့ ပြဿနာမျိုးတွေ ရှိတယ်”ဟု မအေးငြိမ်းသူ က ပြောပြသည်။
ဒေသခံနေအိမ်များတွင် တည်းခိုနိုင်သည့် Homestay စနစ်မျိုး မြန်မာနိုင်ငံတွင် ရှိလာပါက ယင်းခရီးသွားများသည် ဟိုတယ်စရိတ်များ လျှော့ချသွားနိုင်ပြီး အမှတ်တရပစ္စည်း ဝယ်ယူခြင်းမျိုးတွင် ငွေပိုသုံးနိုင်မည် ဖြစ်၍ ဟိုတယ်နှင့် စားသောက်ဆိုင်ကြီးများ ဆီသို့သာ မက ဒေသခံများဆီသို့ပါ ငွေကြေးစီးဆင်းမှု ရှိလာနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ယခုနှစ်ပိုင်းအတွင်း နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အင်တာနက် စာမျက်နှာများတွင် မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ကြေညာမှုများ ရှိလာသည်ဟုလည်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန်၊ ၂၀၁၆ ခုနှစ်ကို ၁၉၉၆ ခုနှစ်ကဲ့သို့ “မြန်မာ့ ခရီးသွားနှစ်” အဖြစ် ပြန်လည် သတ်မှတ်နိုင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန် ကြေညာထားသည်။