အကြမ်းဖက်မှုနှင့် ဆက်သွယ်ချက်များရှိနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော မွတ်စလင် ၂၀ ဦးသည် စီရင်ချက်ချမည့်အချိန်ကို စောင့်ဆိုင်းရင်း ထောင်တွင်းတွင် ၅ လ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိန်းသိမ်း ခံထားရသူတချို့အတွက် လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေတဦးက တရားစီရင်မှုသည် မျှတခြင်းမရှိဘဲ လုံလောက် ခိုင်မာသည့် သက်သေအထောက်အထားမဲ့ စွပ်စွဲခြင်းသာဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးခံထားရသည့် အမျိုးသား၊ အမျိုးသမီးများသည် တောင်ကြီး၊ ကျောက်ဆည်နှင့် နေပြည်တော်မှ ဖြစ်ပြီး သြဂုတ်လ အတွင်းက မင်္ဂလာဆောင်တခုသို့ သွားရောက်စဉ် ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
“သူတို့ကို နိုင်ငံတော်အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) နှင့် ပုဒ်မ ၅ (ဌ) တို့နဲ့ တရားစွဲထားတယ်။ သူတို့က ဘယ် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းနဲ့မှ အဆက်အသွယ် မရှိပါဘူး။ သူတို့က မင်္ဂလာဆောင်ကို သွားကြတာပါ။ သူတို့က သာမန်ပြည်သူတွေပါ။ ရဲအဖွဲ့က တရားစွဲပေမယ့် လက်နက်ကိုင်အဖွဲ့တခုနဲ့ အဆက်အသွယ် ရှိတယ်လို့ တရားရုံးမှာ သက်သေမပြနိုင်ပါဘူး” ဟု ထိမ်းသိမ်းခံထားရသူ ၁၂ ဦး၏ ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးချုပ် ဝင်းခေါင်က အဆိုပါ တရားခံများသည် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဆက်သွယ်မှုရှိကြောင်း၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့သည်ဟု ၎င်းတို့က ဝန်ခံထားကြောင်း RFA သတင်းဌာနသို့ ပြောဆိုထားသည်။
စွဲချက် ၂ ခုလုံးသည် ထောင်ဒဏ် အများဆုံး ၇ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။
“သူတို့တွေကို မျှတစွာ စီရင်မှာ မဟုတ်ဘူးလို့ ကျမ ထင်တယ်။ ထိပ်ပိုင်း အရာရှိတွေကနေပြီးတော့ တောင်ကြီး တရားရုံးကို ဘယ်လို အပြစ်ပေးရမယ်ဆိုတာ ညွှန်ကြားချက် ပေးထားတယ်လို့ ကျမယုံကြည်ပါတယ်” ဟု ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။
မွတ်စလင် အယောက် ၂၀ လုံးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး တချို့သည် လက်ရှိ အာဏာရပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ ဖြစ်ကြသည်ဟု သူတို့၏ ရှေ့နေ၏ အဆိုအရ သိရသည်။
ဖမ်းဆီးခံရသူများကို သြဂုတ်လမှစ၍ မန္တလေးရှိ အကျဉ်းထောင်တခုတွင် ထိန်းသိမ်းထားကြောင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုနေစဉ်အတွင်း ချုပ်နှောင်ခံထားရခြင်းနှင့် ပတ်သက်၍ သူတို့၏ ရှေ့နေက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
“ထောင်ဆိုတာက ပြစ်ဒဏ်ချခံရသူတွေ အတွက်ပါ။ သူတို့တွေဟာ အပြစ်ရှိကြောင်း အခုချိန်အထိ မပြနိုင်သေးပါဘူး။ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ်မှာ သူတို့ကို ထောင်ထဲမှာ မထားသင့်ပါဘူး” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
မိသားစုများနှင့် တွေ့ဆုံခွင့်ပြုရန်ကိုလည်း ထောင်အာဏာပိုင်များက ငြင်းပယ်ခဲ့သည်ဟု သူကဆိုသည်။ အမျိုးသမီး ၄ ဦး နှင့် အမျိုးသား ၁၆ ဦး ပါဝင်သည့် ၎င်းတို့ အဖွဲ့ကို အကြိမ် ၂၀ မျှ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖြစ်သည်ဟုလည်း သိရသည်။
အမှုစစ်ဆေးကြားနာတိုင်း ၉၆၉ အဖွဲ့မှ ဘုန်းတော်ကြီးများ လာရောက်နားထောင်ကြပြီး သူ့ကိုလည်း Facebook တွင် ၉၆၉ အဖွဲ့ဝင်တဦးက ခြိမ်းခြောက်ခဲ့သည်ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
“ရုံးထုတ်တိုင်း သူတို့လာပြီး အင်အားပြကြတယ်။ အမှုစစ်ဆေးနေချိန်မှာ ဆိုရင် ရုံးရှေ့မှာ စောင့်နေကြတယ်။ တခါတလေ ကျရင် ပြဿနာဖန်တီးဖို့အတွက် သူတို့ အင်အားပြခဲ့ကြတယ်။ တရားခံတွေရဲ့ မိသားစုတွေကို အကြောင်းကိစ္စမရှိဘဲ တရားရုံးကို မလာဖို့ ကျမပြောထားရတယ်” ဟု သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် လူမျိုးရေးဆိုင်ရာ တင်းမာမှုများ ရှိနေသည်။ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ခဲ့သည့် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များအကြား ပဋိပက္ခများကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ရသည်။ နောက်ဆုံး ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခမှာ ယခုနှစ် ဇူလိုင်လအတွင်း မန္တလေးမြို့တွင်ဖြစ်ပြီး ၂ ရက်ကြာ ပဋိပက္ခကာလအတွင်း ဗုဒ္ဓဘာသာဝင် တဦးနှင့် မွတ်စလင်တဦး အသတ်ခံခဲ့ရသည်။
The Irrawaddy အင်္ဂလိပ်ပိုင်းမှ Lawi Weng ၏ 20 Muslims Facing Trial on Terrorism Charges ကို ဘာသာပြန်ဆိုသည်။