ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသည့် ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲအစား ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ဒီဇင်ဘာလ ၁၀ ရက်နေ့က အတည်ပြုလိုက်ပြီး ယင်းအဆိုပြုချက်ကို ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တောင်းဆိုထားသည့် ၆ပွင့်ဆိုင်တွေ့ဆုံမှုထက် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးစေလိုကြောင်း ဒီဇင်ဘာ ၉ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က အရေးကြီး အဆို တင်သွင်းခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်း လွှတ်တော် တွင် မဲခွဲဆုံးဖြတ်၍ ယင်းအဆိုကို အတည်ပြုလိုက်ကြောင်း သိရှိရသည်။
ကရင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အရေးကြီး အဆိုသည် မည်သူတဦး တယောက်၏ တိုက်တွန်းမှုမှ မဟုတ်ဘဲ မိမိစိတ်ဆန္ဒအရ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်တွင် ပြောဆိုသည်။
“လွှတ်တော်တွင်းမှာ ဘယ်သူ့ လွှမ်းမိုးမှုကို ခံရလို့ တင်တာဟုတ်ဘူး။ ဒီလိုပြောတာကသူတို့ရဲ့အမြင်ပါ။ ကျနော့်သဘော၊ ကျနော့် တိုင်းရင်းသားတွေအတွက် တင်တာပါ။ ပြည်ထောင်စုလွှတ်တော်ကို ကန့်ကွက်တာ မဟုတ်ပါဘူး။ ကျနော်အနေနဲ့ ရှေ့ရေးကို စဉ်းစားပြီး တင်ပြတာပါ ”ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောဆိုသည်။
၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုကို သဘောတူကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရကိုယ်စား နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှုးကြီး တင်ဝင်းက လွှတ်တော်တွင် ပြောဆိုပြီး အဆိုကို အတည်ပြုရေး လိျှု့ဝှက်မဲစနစ်ဖြင့် မဲခွဲ ဆုံးဖြတ် ရာတွင် အဆိုကို ထောက်ခံမဲ ၉၉မဲ၊ ကန့်ကွက်မဲ ၉မဲဖြင့် အတည်ပြုလိုက်ကြောင်း သိရှိရသည်။
“ဓလေ့ထုံးစံတိုင်းက တိုင်းရင်းသားတခုခုနဲ့မတူပါဘူး။ နောက်တခုကဖွဲ့စည်းပုံပြင်ဖို့က တိုင်းရင်းသားတိုင်းနဲ့ဆိုင်တယ်။
တိုင်းရင်းသား တဦးကပဲ ပြောလို့မရနိုင်ပါဘူး။ ဒါကြောင့် လွှတ်တော်ကို ကရင်တိုင်းရင်းသား ဝန်ကြီးတင်သွင်း တဲ့ဒီအဆို ကို တိုင်းအစိုးရ အနေနဲ့ လက်ခံဖို့ဆွေးနွေးတင်ပြပါတယ်”ဟု သူက ဆိုသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကလည်း ၆ ပွင့်ဆိုင် တွေ့ဆုံမှုမှာ တနိုင်ငံလုံးကို မလွှမ်းခြုံနိုင်သဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးမှ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပြင် တိုင်းဒေသကြီး အသီးသီးမှ ကိုယ်စားလှယ်အသီးသီး ပါဝင် ဆွေးနွေရေး တောင်းဆိုသည့် အရေးကြီးအဆိုတခုကို ဒီဇင်ဘာလ ၉ ရက်နေ့က အတည်ပြု ခဲ့ကြောင်း သိရှိရသည်။