သမ္မတရာထူးလက်ခံပြီး မကြာမီ သမ္မတ ဦးသိန်းစိန်က အမှတ်တရဖြစ်စရာ ကတိတခုကိုပြောခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး ကာလအတွင်း တိုင်းပြည်ကိုစွန့်ခွာ ထွက်သွားကြသူများ မြန်မာနိုင်ငံသို့ ပြန်လာပါက ကြိုဆိုနေကြောင်း ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၀ဝ၀ ကျော် ရှိနေသေးသော ထိုစဉ်ကာလက သမ္မတ၏ ကြေညာချက်ကို သံသယဖြင့် ယုံကြည်ခဲ့ကြသည်။ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရ၏ ကတိပြုမှုကလည်း မသေချာသေးပေ။ နောက် ၃ နှစ်ကျော် ကြာခဲ့သည့် အချိန်တွင်လည်း ပြည်ပသို့ ရောက်ရှိနေသူ အများအပြားမှာ ပြန်သွားရန် တွန့်ဆုတ်နေကြဆဲဖြစ်သည်။ သာမန်နှင့်မတူသော ကန့်သတ်မှုများ တွေ့ကြုံရကြောင်း ပြန်သွားသူ တချို့ကလည်း ပြောခဲ့ကြပြီး ခွဲခြားတတ်သည့် ဗျူရိုကရေစီ အတားအဆီးများ ဖြစ်ဖွယ်ရှိသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားသူ မည်မျှရှိသည်ကို မည်သူမျှ မပြောနိုင်ကြပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အဆိုအရ ပဋိပက္ခများကို ရှောင်တိမ်းရန် သို့မဟုတ် ပြည်ပနိုင်ငံများတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သော ဒုက္ခသည်နှင့် တခြားသူများ ခန့်မှန်းခြေ ၁ သန်းခန့် ရှိလိမ့်မည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ အများအပြားသည် ပြည်ပနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံကြရသည်။ UNHCR တွင် မှတ်ပုံတင်ထားသူတို့သည် ခရီးသွားလက်မှတ်နှင့် ယာယီနေထိုင်ခွင့် အဆင့်အတန်း ရရှိကြသည်။ နှစ်အနည်းငယ် ကြာပြီးနောက် သူတို့ထဲမှ အမြောက်အမြားသည် အိမ်ရှင်နိုင်ငံများတွင် နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခြင်းခံခဲ့ရပြီး နိုင်ငံကူး လက်မှတ်များလည်း ထုတ်ပေးခဲ့သည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ မြန်မာနိုင်ငံသားများသည် နိုင်ငံ ၂ နိုင်ငံတွင် နိုင်ငံသားအဖြစ် ခံယူခွင့် မရှိပေ။ နိုင်ငံခြားတိုင်းပြည်မှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် မြန်မာနိုင်ငံသို့ ပြန်ရန် ပြည်ဝင်ခွင့် ဗီဇာလိုအပ်ပြီး ဗီဇာရရှိရန်အတွက်လည်း မတူညီသော အစိုးရဝန်ကြီးဌာန ၃ ခု ဖြစ်သည့် ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဝန်ကြီးဌာနများမှ အတည်ပြုချက်ရရှိရန် လိုအပ်သည်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ရယူလိုကြသူများမှာလည်း အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။ မြန်မာအစိုးရက သူတို့ပြန်လာချိန်တွင် ဆောင်ရွက်ပေးရန် နည်းလမ်းများ ပြဋ္ဌာန်းထားခြင်း မရှိသေးဟု တချို့က ရှင်းပြသည်။
“ဒီကိစ္စအတွက် မူဝါဒချမှတ်ထားတာ မရှိဘူး” ဟု NGO အဖွဲ့အစည်းတခုဖြစ်သည့် Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းပြသည်။ သူ မြန်မာနိုင်ငံသို့ ပြန်သွားသည့်အချိန်တွင် အခက်အခဲများစွာ မတွေ့ရသော်လည်း သူ၏ လုပ်ဖော်ကိုင်ဖက် အမြောက်အမြားမှာ ကံမကောင်းကြဟု သူကပြောသည်။
၎င်းတို့ထဲမှ တဦးမှာ Burma Partnership အမည်ရှိ လူ့အခွင့်အရေး ကွန်ရက်ကို တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ဒေါ်ခင်ဥမ္မာလည်း အပါအဝင် ဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင် ဒေါ်ခင်ဥမ္မာ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသား ဖြစ်သွားသည်။ ဦးသိန်းစိန်က နိုင်ငံခြားသို့ ရောက်ရှိနေသူများကို ပြန်လာရန် ဖိတ်ခေါ်ခဲ့ပြီး နောက်ပိုင်းတွင် အလည်အပတ်ဗီဇာ လျှောက်ထားခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း လူမှုရေး အလည်အပတ် ဗီဇာကို အသုံးပြု၍ နိုင်ငံခြားသို့ရောက် ရှိနေသူများသည် မြန်မာနိုင်ငံသို့ အကြိမ်မြောက်မြားစွာ ခရီးသွားခဲ့ကြသည်။ ဒေါ်ခင်ဥမ္မာ၏ အဆိုအရ ယခုကဲ့သို့ သွားလာကြခြင်းသည် ဘယ်တုန်းကမျှ ပြဿနာ မဟုတ်ခဲ့သော်လည်း ယခု ပြဿနာပေါ်နေပါသည်။
မကြာသေးမီက ဗီဇာလျှောက်ထားရာတွင် နှောင့်နှေးကြန့်ကြာမှုရှိခဲ့ပြီး နေပြည်တော်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသည်ဟု မြန်မာသံရုံးက အကြောင်းပြခဲ့ကြောင်း သူက ဧရာဝတီသို့ ပြောသည်။
ထိုအကြောင်းပြချက်သည် စိုးရိမ်ဖွယ်ရာဖြစ်ပြီး မကြာခဏဆိုသလို ထပ်မံဖြစ်ပေါ်လာဖွယ် ရှိသည်ဟု ပြည်ပရောက် ထင်ရှားကျော်ကြားသူ တချို့က ပြောကြသည်။ နိုဝင်ဘာလအတွင်းတွင် နော်ဝေ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ နာမည်ကျော် အဆိုတော် မွန်းအောင်ကို ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးက ဗီဇာထုတ်ပေးရန် ငြင်းပယ်ခဲ့ရာတွင် အလားတူ အကြောင်းပြချက်နှင့်ပင် ဖြစ်သည်။
ကိုမွန်းအောင်၏ လျှောက်လွှာကို ထိန်းထားရခြင်းမှာ ၂၀၁၃ ခုနှစ်အတွင်းက သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်၌ ဆန္ဒပြခဲ့ရာတွင် ကိုမွန်းအောင် ပါဝင်ခဲ့၍ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီသို့ အတည်ပြုခဲ့သည်။ ဦးဝင်းမောင်က ဗီဇာလျှောက်ထားရာတွင် လျှောက်ထားသူသည် လုပ်ဆောင်ပုံအဆင့်ဆင့်ကို နားလည်သင့်သည်ဟု ပြောသည်။ လျှောက်ထားသူ တချို့ကမူ ဗီဇာလျှောက်ထားရာတွင် နည်းလမ်းများသည် ရှင်းလင်းမှုမရှိဘဲ အတည်ပြုချက် ပေးရာတွင်လည်း အာဏာရှင်ဆန်သော သဘောမျိုးရှိသည်ဟု ပြောကြသည်။
နော်ဝေ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် ပြည်ပရောက် ကဗျာဆရာတဦးဖြစ်သော ချိုစိမ့်သည်လည်း ယခုနှစ်အစောပိုင်းက ဗီဇာထုတ်ပေးရန် ငြင်းပယ်ခံခဲ့ရသည်။ ချိုစိမ့်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မြစ်ဖြစ်သည်။ ၁၉၈၈ အရေးအခင်းမှ ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သော ဦးမိုးသီးဇွန်ကိုလည်း ဇွန်လအတွင်းက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရန် ငြင်းပယ်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးများ စတင်သည့် အချိန်မှစ၍ မြန်မာနိုင်ငံသို့ ၂ ကြိမ်တိုင်တိုင် လာရောက်ခွင့်ပေးခဲ့ပြီးမှ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ သူသည် နိုင်ငံခြားတွင်ရှိနေစဉ် သူ၏ နိုင်ငံရေး ဆောင်ရွက်မှုများက နိုင်ငံမတည်မငြိမ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် သေဒဏ်ချ မှတ်ခံထားရသူလည်း ဖြစ်သည်။ တက်ကြွလှုပ်ရှားသူ ကျောင်းသားဟောင်းနှင့် သူရိယနေဝန်း ဂျာနယ်ကို တည်ထောင်သူ တဦးဖြစ်သော ဦးမိုးဟိန်းကိုလည်း ယခုနှစ် အစောပိုင်းက ဗီဇာထုတ်ပေးခြင်း မပြုတော့ပေ။
“နိုင်ငံခြားတိုင်းပြည်တွေမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူဟောင်းတွေရဲ့ ဗီဇာလျှောက်ထားမှုတွေကို ဖြေရှင်းဖို့အတွက် အစိုးရအနေနဲ့ တိကျသေချာတဲ့ နည်းဥပဒေတွေ လုပ်ထုံး လုပ်နည်းတွေကို ချမှတ်ထားသင့်ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
ဦးဘိုကြည်သည် ယခုအခါတွင် မြန်မာအစိုးရက ဖွဲ့စည်းထားသည့် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ၏ အဖွဲ့ဝင်တယောက် ဖြစ်သည်။ သို့သော်လည်း သူကိုယ်တိုင်ပင် ပြည်ဝင်ခွင့်ပါမစ် အသစ်ပြန်လည် လျှောက်ထားရေးအတွက် စိုးရိမ်နေရဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာဏာပိုင်များက ဗီဇာဥပဒေနှင့် ပတ်သက်၍ ဥပဒေအချက် အလက်များကို ရွေးချယ်အသုံးချနေခြင်းကြောင့် ဖြစ်သည်။ ဥပမာလူမှုရေး အလည်အပတ် ဗီဇာများကို ပြည်ပနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများက မြန်မာပြည်သို့ ပြန်လာရန် အသုံးပြုခဲ့ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် နေထိုင်သည့် ဆွေမျိုးသားချင်း မရှိသူများသည် အဆိုပါ ဗီဇာလျှောက်ထားရန် တရားဝင်ခြင်း မရှိပေ။
ပြန်လာသူများအတွက် ဖြစ်နိုင်ခြေရှိသော တခြားအဖြေတခုမှာ တရားဝင်နေထိုင်ခွင့်ပါမစ် (PR) ထုတ်ပေးရေး စနစ်ဖြစ်သည်။ PR စနစ်ကို ကျင့်သုံးရန် မကြာသေးမီက “နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများ” ကို ဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်လိုက်သည်။ PR စနစ်အရ နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသား ဟောင်းများသည် ၅ နှစ်တွင် တကြိမ်နေထိုင်ခွင့် သက်တမ်းတိုးရမည် ဖြစ်သည်။
ယင်းနည်းဥပဒေတွင် PR လျှောက်ထားလိုသူများသည် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်းခံရသူ မဟုတ်ခြင်း၊ နိုင်ငံတခုခု၌ နိုင်ငံရေး ခိုလှုံခွင့် ရရှိနေထိုင်သူ မဟုတ်ခြင်းဟူသော အချက်များ ပါဝင်သည်။ ယင်းအချက်များက ပြည်တော်ပြန်ပြီး PR လျှောက်လိုသည့် တက်ကြွလှုပ်ရှားသူနှင့် ပညာရှင် မြန်မာနိုင်ငံသားဟောင်းများအတွက် အတားအဆီးဖြစ်နေသည်။
တိုင်းပြည်၏ အတွေ့အကြုံ အရှိဆုံးနှင့်အသိ ပညာရှင် အတတ်ပညာရှင်များလည်းဖြစ်သော ပြည်တော်ပြန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ပညာတတ်များကို နိုင်ငံရေးတွင် ချန်လှပ်ထားခြင်းခံရမည့် အခြေအနေကလည်း ရှိသည်။ ဥပဒေအရ မြန်မာနိုင်ငံတွင် ၁၀ နှစ်ဆက်တိုက် နေထိုင်ခဲ့ခြင်း မရှိသူများသည် တိုင်းပြည်၏ လွှတ်တော်တွင် ပါဝင်ခွင့်မရှိပေ။
နိုင်ငံသားဖြစ်ခွင့် ပြန်လည်ရယူရန် ဆန္ဒရှိကြသော ပြန်ရောက်လာသူများသည် တခြားသော အတားအဆီးများနှင့် ရင်ဆိုင်ရသေးသည်ဟု ဦးဘိုကြည်က ပြောသည်။ ပြည်ပရောက် မြန်မာများ ပြန်လာကြရန် ဦးသိန်းစိန်က ဖိတ်ခေါ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခဲ့သူ ၁၀ဝ ခန့်အတွင်းတွင် ဦးဘိုကြည်သည်လည်း တယောက်အပါအဝင် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ အဖြေကို စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ အစိုးရအနေဖြင့် အင်အားတောင့်တင်းသူများ၊ စွမ်းရည်ရှိသူများကို ရွေးချယ် လက်ခံနိုင်ရန်အတွက် ပြည့်စုံသောမူဝါဒ ချမှတ်ထားနိုင်ခြင်း မရှိဟုသူက ပြောသည်။
“တချို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးပြီးတော့ နိုင်ငံခြား တိုင်းပြည်တွေကို ခရီးသွားနိုင်ကြပြီ။ ကျနော်တို့ လို နိုင်ငံသားလျှောက်ထားတဲ့ သူတွေကိုတော့ ဘာတုံ့ပြန်မှုမှ မလုပ်သေးဘူး” ဟု ဦးဘိုကြည်က ဆိုသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ငြိမ်းငြိမ်း၏ Burma’s Exiles Want Clear Rules for Return ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)