နာဂ တိုင်းရင်းသားများ ကိုယ်တိုင် ဦးဆောင်ပြီး ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက် ဆက်ဆံနိုင်သည့် နိုင်ငံရေး ရပိုင်ခွင့်ကို အသိ အမှတ်ပြုပေးရန် နာဂ အမျိုးသား ညီလာခံက တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ချင်းပြည်နယ်ထဲတွင် ထည့်သွင်းထားပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသော်လည်း နာဂ နယ် မြေ ထူထောင်ခွင့်နှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်လုံးတွင် နာဂများ ကိုယ်တိုင် ဦးဆောင်သွားမည် ဟု လည်း သိရသည်။
နာဂအမျိုးသား ညီလာခံအပြီး ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် နာဂ အမျိုးသား ညီ လာခံ ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဦးရှုမောင်က မီဒီယာများသို့ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“နာဂ နယ်မြေ အပိုင်းအခြားကို အားလုံး ပြန်လည် စုစည်းပြီးတော့ နိုင်ငံရေး အခွင့်အာဏာ အပြည့်အ၀ ကျင့်သုံးခွင့် ရှိတဲ့ နာဂ နယ်မြေ အပိုင်းအခြားတခု အနေနဲ့ ပြန်လည် သတ်မှတ်စေချင်ပါတယ်။ ကိုယ့်ရဲ့ဌာနေလူမျိုး တွေရဲ့ ရပိုင်ခွင့် အခွင့်အရေး၊ နိုင်ငံ ရေး ရပိုင်ခွင့် အားလုံးကို အပြည့်အဝကျင့်သုံးနိုင်တဲ့ Administrative Unit လို နယ်မြေ အပိုင်းအခြား တခုတော့ ကျတော်တို့ အပြည့်အ၀ လိုလားတယ်”ဟု ဦးရှုမောင်က ပြောသည်။
နာဂဌာနေ လူမျိုးများ၏ နိုင်ငံရေး အခွင့်အရေး ရပိုင်ခွင့်များကို အကာအကွယ်ပြုသည့် နိုင်ငံရေး စနစ်တခု ပေါ်ပေါက်လာစေရန် သမိုင်းကြောင်းအရ နာဂနယ်မြေဟု အသိအမှတ်ပြုခဲ့သော နယ်မြေများကို အစိုးရက အသိအမှတ် ပြုပေးရန် လိုအပ်ကြောင်း တောင်းဆိုသည်ဟုလည်း သိရသည်။
နာဂအမျိုးသား ညီလာခံမှ အတည်ပြုထားသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး၊ ဌာနေလူမျိုးများ၏ ရပိုင်ခွင့်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ကဏ္ဍဆိုင်ရာ တောင်းဆိုချက်များကိုလည်း ဒီဇင်ဘာ ၉ ရက်က တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။
နာဂ နယ်မြေ သတ်မှတ်သည့်အခါ မည့်သည့် အပိုင်းအခြားများ ပါဝင်သည်ဆိုသည်ကိုမူ အသေးစိတ် ပြန်လည် လေ့လာရန် လိုအပ်သေးသောကြောင့် အတည်ပြု ပြောဆိုနိုင်ခြင်း မရှှိသေးကြောင်း၊ နာဂလူမျိုးများသည် မြန်မာနိုင်ငံတွင် နေထိုင်သည့် တရားဝင် ဌာနေလူမျိုးတမျိုး ဖြစ်သည့်အတွက် နာဂတို့၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်သည့်၊ အပြည့်အဝကျင့်သုံးနိုင်သည့် နိုင်ငံရေးစနစ်တခုကို တောင်းဆိုခြင်း ဖြစ်ကြောင်း နာဂအမျိုးသား ညီလာခံကျင်းပရေး ဦးစီးကော်မတီဝင်များက ပြော ဆိုသည်။
နာဂအမျိုးသား ညီလာခံကျင်းပရေး ဦးစီးကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင့်ဖြိုးကလည်း“ကျနော်တို့ အခုတောင်း ဆိုထားတာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး သုံးခုပေါ့နော်။ ကျနော်တို့ အတွက် ပြည်နယ်တွေ၊ တိုင်းတွေ အမည်နာမက အရေးမကြီးဘူး။ ကျနော်တို့ရဲ့ အခွင့်အရေးက အရေးကြီးတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ နာဂလူမျိုးများ၏ ပထမဆုံးအကြိမ် နာဂအမျိုးသားညီလာခံကို ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းညီလာခံသို့ မြန်မာနိုင်ငံ အနှံ့အပြားရှိ နာဂမျိုးနွယ်စုဝင် ၇၅၄ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ယခု ပြုလုပ်သည့် နာဂအမျိုးသား ညီလာခံသည် မြန်မာနိုင်ငံအတွင်းရှိ နာဂလူမျိုးများနှင့်သာ သက်ဆိုင်ကြောင်းကိုလည်း ကော် မတီဝင်များက ပြောဆိုကြသည်။
နာဂများသည် အိန္ဒိယနိုင်ငံတွင် နာဂလန်း ပြည်နယ်၊ အရူနာချာပရာဒေ့ရှ် ပြည်နယ်၊ အာသံ ပြည်နယ်နှင့် မဏိပူ ပြည်နယ်များတွင် နေထိုင်လျက်ရှိပြီး အိန္ဒိယနှင့် မြန်မာ ၂ နိုင်ငံလုံးတွင် လူဦးရေ ၄ သန်းခန့် ရှိကြောင်း နာဂ အမျိုးသား ညီလာခံကျင်းပရေး ဦးစီး ကော်မတီ က ပြောသည်။
နာဂများသည် မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂဒေသများဖြစ်သော လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ရှင်ဘွေယန်မြို့နယ်၊ တနိုင်းမြို့နယ်၊ မြစ်ကြီးနားမြို့များတွင် ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေ ၃ သိန်းခွဲခန့် ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များသည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သ များ ဖြစ်သည်။