ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Gastro.bar အဖျော်ယမကာ ဘားဆိုင်ရဲ့ ကြော်ငြာမှာ နားကြပ် တပ်ထား တဲ့ ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုထားတာ တွေ့ရှိရတဲ့အတွက် ဗဟန်းမြို့နယ် သာသနာရေး ဦးစီးဌာနက တရားလိုအဖြစ် တိုင်ကြား တဲ့ အမှုဖြစ်စဉ် ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ဘားဆိုင် တာဝန်ရှိသူတွေဖြစ်တဲ့ မြန်မာနိုင်ငံသား နှစ်ဦးနဲ့ နယူးဇီလန် နိုင်ငံသား တဦးတို့ကို ဖမ်းဆီးထားပြီး ဆိုင်ကိုလည်း ယာယီ ပိတ်သိမ်းထားတယ်လို့ ဆိုင်တည်ရှိရာ နယ်မြေပိုင်ဖြစ်တဲ့ ဗဟန်းမြို့နယ် ရဲစခန်း စခန်းမှူး ဒု ရဲမှူး သိန်းဝင်းက သတင်း ထောက်တွေကို ပြောဆိုပါတယ်။
“ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့တော့ လက်မခံဘူး။ ဘုရားကို Earphone တပ်ပြီးတော့ DJ တီးနေတဲ့ ပုံစံမျိုး လုပ်တဲ့အတွက်ကြောင့် ဒါ ဘာသာ၊ သာသနာကို စော်ကားတာပဲ၊ သို့အတွက်ကြောင့် ဘာသာ သာသနာ ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့် နေပါတယ်။ မနက်ဖြန် တရားစွဲမှာပါ”လို့ စခန်းမှူး ဒုရဲမှူး သိန်းဝင်းက ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက V Gastro.bar ဆိုင်ရှေ့ကို ရန်ကုန်မြို့ရှိ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ကန့်ကွက်ရန် ရောက်ရှိလာကြပေမယ့် ရဲတပ်ဖွဲ့က အရေးယူ ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောဆိုလိုက်တဲ့ အတွက် လှည့်ပြန်သွား ကြတယ်လို့ ဗဟန်း ရဲစခန်းက တာဝန်ရှိသူများက ပြောပြပါတယ်။
ဆိုင်ရှင်ဖြစ်ကြတဲ့ ဦးထွန်းသူရိန်၊ ဆိုင်မန်နေဂျာ ထွဋ်ကိုကိုလွင်နဲ့ ဆိုင်အထွေထွေ မန်နေဂျာအဖြစ် တာဝန်ယူထားတဲ့ နယူးဇီလန် နိုင်ငံသား Mr.Philips တို့ကို ဗဟန်းရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဒီနေ့မှာ ဗဟန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
V Gastro.bar ဆိုင်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် ပွဲအတွက် ဗုဒ္ဓရုပ်ပွားတော်ပုံနဲ့ ကြော်ငြာထားတဲ့ပုံကို ဆိုင် အထွေထွေ မန်နေဂျာ Mr.Philips က ဖန်တီးခဲ့တာ ဖြစ်ပြီးတော့ ဒီဇင်ဘာ ၉ ရက်မှာ လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာက တဆင့် လွှင့်တင်ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။
လူမူကွန်ရက်မှာ ဝေဖန်သံတွေ ပျံ့နှံ့လာရာမှ ဗဟန်းမြို့နယ် သာသနာရေး ဦးစီးဌာနက သိရှိပြီး ဗဟန်းရဲစခန်းကို အရေးယူ ဆောင် ရွက်ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ဘားဆိုင်ကို ရွှေတောင်ကြားလမ်းမှာ နိုဝင်ဘာ ၂၄ ရက်က စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
V Gastro.bar ဆိုင်ကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ယာယီ ပိတ်သိမ်းထားပြီး ဆိုင်ဝန်းအတွင်းမှာလည်း လုံခြုံရေး ရဲဝန်ထမ်း တွေ ချထားတာကို တွေ့မြင်ခဲ့ရပါတယ်။
“သူ(Mr.Philips)ပြောတာက ဒါမျိုးက နိုင်ငံခြားမှာလည်း လုပ်တယ်။ ထိုင်းမှာလည်း လုပ်တယ်ပေါ့ဗျာ။ ဗုဒ္ဓရုပ်ပွားတော်နဲ့ လုပ်တဲ့ ဒီ Event က ခေတ်စား နေတယ်ပေါ့။ အဲဒါကြောင့် လူစိတ်ဝင်စားမယ် ထင်ပြီးတော့ Promotion လုပ်တာလို့ သူက ပြောတာပဲ”လို့ စခန်းမှူး ဒုရဲမှူး သိန်းဝင်းက ပြောပါတယ်။
ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထားတဲ့ Mr.Philips ကို နယူးဇီလန် သံရုံး တာဝန်ရှိသူတွေက လာရောက် တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။