လွန်ခဲ့သည့်အနှစ်၂၀ကျော် ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရရှိသည့်နှစ်မှစ၍ နော်ဝေသည် ဒီမိုကရေစီ ငတ်မွတ်နေသော မြန်မာနိုင်ငံသားများ၏ နှလုံးသားထဲသို့ စတင်ဝင်ရာက်လာခဲ့သည်။ ဆယ်စုနှစ် ၂ ခုအတွင်း နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းစစ်ဒဏ်သင့် နိုင်ငံများတွင် ငြိမ်းချမ်းရေး ရရှိရန်အတွက် အကူအညီပေးသည့် နိုင်ငံတနိုင်ငံဖြစ်ခဲ့သည်။
စစ်အစိုးရဟောင်း လက်ထက်က “လေလှိုင်း ပေါ်က လူသတ်သမား” အဖြစ် အစွပ်စွဲခံခဲ့ရသည့် သတင်းဌာနတခုဖြစ်သော နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) မှတဆင့် အတိုက်အခံ နိုင်ငံရေးသမားများထံမှ သတင်းစကားများကို နှစ်ပေါင်းများစွာ ထုတ်လွှင့်ခဲ့ဖူးသကဲ့သို့ ၁၉၈၈ နောက်ပိုင်း ပျောက်ကွယ်နေခဲ့သည့် အဆိုတော် မွန်းအောင်အသံကို ထိုသတင်းဌာမှ တဆင့်ပင် နားထောင်ခဲ့ဖူးသည်။
မနှစ်ကအထိ နော်ဝေသည် DVB အသံလွှင့်ဌာန ရုံးစိုက်ရာနိုင်ငံ ဖြစ်ခဲ့သည်။ သည်ကနေ့တွင်မူ ကွမ်းယာဆိုင်မှစ၍ ရန်ကုန်မြို့လမ်းဆုံလမ်းမရှိ ကြော်ငြာဆိုင်းဘုတ်ကြီးများ ပေါ်ပါမကျန် နေရာယူ ထားသည်က နော်ဝေ၏ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော ဖြစ်လာသည်။ ယခင်က နော်ဝေ၏ ငြိမ်းချမ်းရေး ပုံရိပ်များနေရာတွင် အပြာရောင် တယ်လီနော ပုံရိပ်များက အစားထိုး ဝင်ရောက်လာခဲ့သည်။ ၅ နှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းဖြစ်သော သန်း ၄၀ ကျော်ကို တယ်လီနောကွန်ရက် ရရှိစေရမည်ဆိုသည့် စီမံကိန်းချမှတ်ပြီး ဝင်ရောက်လာသည့် တယ်လီနော နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီကြီးသည် နော်ဝေနိုင်ငံပိုင် ကုမ္ပဏီတခု ဖြစ်သည်။
နိုင်ငံတော် ခရီးစဉ်အဖြစ် လာရောက်သွားခဲ့သည့် နော်ဝေဘုရင်၏ ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး၊ ကုန်သွယ်ရေး ဝန်ကြီးတို့နှင့်အတူ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၃၀ ကျော် လိုက်ပါလာခဲ့သည်။ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမအတွင်း မိန့်ကြားသွားခဲ့သည့် နော်ဝေဘုရင်ကြီး ဟာရိုး၏ မိန့်ခွန်းတွင်လည်း “နှစ်နိုင်ငံကြား နှစ်ရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်ရေး” ကို ရည်ညွှန်း ပြောဆိုသွားခဲ့သည်။
ကမ္ဘာတဝန်းတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများနည်းတူ နော်ဝေနိုင်ငံ၏ ပုံရိပ်အပြောင်းအလဲမှာလည်း မြန်မာနိုင်ငံအတွင်းတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေသည့် အပြောင်းအလဲများထဲမှတခု ဖြစ်သည့်အတွက် အဆန်းတော့ မဟုတ်လှပေ။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် နေအိမ်အကျယ်ချုပ်ဘဝမှ အတိုက်အခံ နိုင်ငံရေးသမား ပါလီမန်အမတ် တယောက်အဖြစ်နှင့် ပါလီမန် အကျယ်ချုပ်ဘဝသို့ ပြောင်းလဲကျခံနေရပြီဟု ဝေဖန်ပြောဆိုမှုများ ရှိလာခဲ့၏။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက်အခံ နိုင်ငံရေးပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ပါလီမန်အတွင်း ဝင်ရောက်လာခဲ့သည့် ကာလကို ယူကေ ထိပ်တန်း သတင်းစာကြီး တစောင်ဖြစ်သည့် ဂါးဒီးယန်း သတင်းစာက မြန်မာနိုင်ငံ၏ “ခေတ်သစ်” တခုအဖြစ်ပင် တင်စားရေးသား အခါတော်ပေးခဲ့ဖူးသည်။
တချိန်တည်းမှာပင် အနောက်နိုင်ငံကြီးများက စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ဖြေလျှော့သူက ဖြေလျှော့၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏မိတ်ဖက် ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများအပေါ် ကန့်သတ်ထားသည့် ဗီဇာပိတ်ဆို့မှုများကို ဖြေလျှော့သူက ဖြေလျှော့ စသည်ဖြင့် သဘာဝသယံဇာတနှင့် ဈေးကွက်ဝင် စားသုံးသူဦးရေ ကြွယ်ဝသည့် မြန်မာနိုင်ငံ၏ “အပျိုစင် စီးပွားရေးဈေးကွက်” သို့ အလုအယက် ဝင်ရောက်ရန် ကြိုးစားလာခဲ့ကြသည်။
သို့သော်လည်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပလဲနံပသင့်ခဲ့သည့် မြန်မာပြည်၏ “ခေတ်သစ်” ပျားရည်ဆမ်း ခရီးကာလက ထင်သလောက် မရှည်ကြာခဲ့ပေ။
စစ်တပ်က ဦးဆောင်သည့် နိုင်ငံရေးကို ကျောထောက်နောက်ခံ ပေးထားသည့် ၂၀ဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံ နိုင်ငံရေးသမားများက စတင်တောင်းဆိုလာခဲ့သည့် အချိန်မှစတင်၍ နိုင်ငံရေး ပျားရည်ဆမ်းခရီး ကုန်ဆုံးသွားခဲ့သည်။
အရပ်ဝတ် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထားသည့် အစိုးရသစ်၏ အရပ်သားများထံ အာဏာ လွှဲပြောင်းလိုဟန် မရှိသည့် ဇာတိသရုပ်သကန်များ ပေါ်ပေါက်လာခဲ့သည်။ အမေရိကန် ထိပ်တန်းစစ်အရာရှိ တဦးက မြန်မာနိုင်ငံသည် “စစ်တပ်၏တင်းကျပ်သည့် ထိန်းချုပ်မှု” အောက်တွင် ရှိနေသေးသည်ဟု လတ်တလော ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် သုံးသပ်ခဲ့သည်။
နိုင်ငံတကာ၏ အလွန်အကျွံ အကောင်းမြင်ဝါဒတို့သည် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးတခု ဖြစ်ပေါ်လာရေးအတွက် အနုတ်လက္ခဏာ ဆောင်ခဲ့သည်ဟု သုံးသပ်ရမည့် သဘောပင် ဖြစ်သည်။
မြန်မာနိုင်ငံအပေါ် အလွန်အကျွံအကောင်း မြင်ခဲ့သည့် နိုင်ငံထဲတွင် နော်ဝေက ထိပ်ဆုံးကပါခဲ့သည်။ မြန်မာနိုင်ငံ၏ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံတကာ အကူအညီ အထောက်အပံ့များ ရရှိနိုင်ရန်အတွက် ကူညီဆောင်ကျဉ်းပေးရန်”သမ္မတ ဦးသိန်းစိန်က ပထမဆုံး ချဉ်းကပ်ခဲ့သည့် နိုင်ငံမှာ နော်ဝေနိုင်ငံ ဖြစ်သည်။ ၂၀၁၂ နှစ်ဦးပိုင်းတွင် လာရောက်ခဲ့သည့် နော်ဝေနိုင်ငံရေးဝန်ကြီး Jonas Gahr Store ၏ ပထမဆုံး နိုင်ငံတော် ခရီးစဉ်အတွင်းမှာပင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုအဖွဲ့ တဖွဲ့အနေဖြင့် The Myanmar Peace Support Initiative (MPSI) ကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
သိပ်မကြာမီမှာပင် မြန်မာနိုင်ငံအပေါ်တွင် တင်ရှိနေသည့် ကြွေးမြီဒေါ်လာ ၅၃၄ သန်းကို လျော်ပစ်ခဲ့၏။ နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံသို့ နိုင်ငံတကာ အလှူရှင်များမှ အကူအညီ အထောက်အပံ့များ ပေးနိုင်သည့် အဖွဲ့အစည်းတခုဖြစ်သည့် The Peace Donor Support Group (PDSG) ကို စတင်တည်ထောင်သည့် နိုင်ငံတနိုင်ငံအဖြစ် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။
နော်ဝေ၊ ယူကေ၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂ နိုင်ငံများအပြင် ကုလသမဂ္ဂ နိုင်ငံများနှင့် ကမ္ဘာ့ဘဏ်တို့ ပါဝင်သည့်ငြိမ်းချမ်းရေး အထောက်အပံ့ အလှူရှင်များအဖွဲ့ (PDSG) က အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ခန့်ကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ထောက်ပံ့သွားမည် ဆိုသည်ကို သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂ လအတွင်း ကတိကဝတ် ပြုခဲ့ကြသည်။
အမှန်တကယ်တွင် ပျားရည်ဆမ်းခရီး ၂ လအတွင်း မြန်မာနိုင်ငံ၏ “ခေတ်သစ်” အကူးအပြောင်းကို နိုင်ငံတကာက မိတ်ဆွေများက အိပ်မက်မက်ခဲ့ကြသည်မှာ တဆိတ် သိပ်စောလွန်းလှသည်ဟု ထင်စရာ မဟုတ်ပါလား။
သိပ်မကြာခင်မှာပင် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လိုလားသူကြီးများထံမှ သင်ခန်းစာတချို့ကို နော်ဝေ လေ့လာခဲ့ရတော့သည်။ MPSI က ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် “မြန်မာစစ်တပ်အပေါ် မယုံကြည်မှုက ပြဿနာတခု ဖြစ်နေဆဲ၊ တချို့နေရာများမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ” ဟု ဖော်ပြထားခဲ့သည်။
တကယ်တွင် နော်ဝေက သူ့အိမ်စာကို ကြေအောင်လုပ်ခဲ့ပုံ မပေါ်ပေ။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံတကာ ဖိအားများ နိုင်ငံတွင်း မငြိမ်သက်မှုများနှင့် ရင်ဆိုင်ရတိုင်း မြန်မာစစ်ဗိုလ်ချုပ်များ အသုံးပြုလေ့ရှိသည့် ထွက်ပေါက်မှာ “တွေ့ဆုံဆွေးနွေးရေး” ဆိုသည့် ခေါင်းစဉ်ဖြစ်သည်။
သုံးပွင့်ဆိုင် လေးပွင့်ဆိုင် ခြောက်ပွင့်ဆိုင် ဆယ့်လေးပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စသည် ဖြင့်မည်သို့ပင် နာမည်ပေးစေကာမူ မည်သည့်နိုင်ငံရေး သဘောတူညီမှုမှ လောက်လောက်လားလား မထွက်ခဲ့သည့် ဆွေးနွေးပွဲများမှာ ဟန်ပြသက်သက် သာဖြစ်ခဲ့သည်။
၁၉၈၀ နောက်ပိုင်း ၁၉၉၀ ရွေးကောက်ပွဲအပြီး ကာလများကတည်းက စတင်ခဲ့သည့် စစ်အစိုးရ၏ တရားဝင် ရပ်တည်နိုင်မှုကို တည်ဆောက်ရန် နိုင်ငံရေး ဗျူဟာတရပ်အနေဖြင့် ချုပ်ဆိုခဲ့သည့် အပစ်အခတ် ရပ်စဲရေး စာချုပ်များမှာလည်း ကျိုးလွယ်ပဲ့လွယ် ထိရှလွယ်သော စာချုပ်များသာဖြစ်ခဲ့သည်။
ယခု ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင်လည်း ထိုအသုံးပြုခဲ့သော နိုင်ငံရေးဗျူဟာ အဟောင်းအမြင်းကြီးကိုပင် ထပ်သုံးကာ စစ်သားတမတ်သား ပါဝင်သည့် အရပ်သားအစိုးရ တရပ်အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာအလယ်တွင် တရားဝင် အစိုးရတရပ် အဖြစ်ရပ်တည်နိုင်ရန်အလို့ငှာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကြီးကို အသစ်တဖန် ပြန်စတင်ကြလေသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခဲရပ်စဲရေး စာချုပ်များချုပ်ဆိုရန် ဧကာဒသမ အကြိမ်မြောက် ဆွေးနွေးပွဲများ ကျင်းပနေသည့်ကြားမှ နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာ့အစိုးရ တပ်မတော်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) သင်တန်းကျောင်းကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့မျိုးစုံမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ မှုက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အယုံအကြည်မဲ့ဖွယ် ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် မတ်လက ပြုလုပ်ခဲ့သည့် ညီလာခံတခုတွင် မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလင့်တနာက မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်းတွင် “တိုင်းရင်းသား ပဋိပက္ခရေးရာများတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အခွင့်အာဏာမရှိ” ဟု ပြောဆိုခဲ့သည်။
အမှန်တကယ်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုသည်မှာ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဗန်းပြပြီး နိုင်ငံတကာ အထောက်အပံ့များ ရရှိလာအောင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရန် ပြုလုပ်သည့် လုပ်ငန်းစဉ်တရပ်သာ ဖြစ်သည်။
ထို့ကြောင့်ပင် ဘာတေးလင့်တနာက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ နိုင်ငံတကာ ငြိမ်းချမ်းရေး ကျွမ်းကျင်သူ ပညာရှင်တွေ၊ အစိုးရ မဟုတ်တဲ့အဖွဲ့ အစည်းတွေက ငြိမ်းချမ်းရေး အရင်းပြုပြီး ဖွံ့ဖြိုးရေး လုပ်ငန်းကြီးတွေ လုပ်ကြဖို့ ပိုက်ဆံရှာကြတဲ့ စီးပွားဖြစ် လုပ်ငန်းစဉ်ကြီးတခုပဲ” ဟု ဝေဖန်သုံးသပ်ခဲ့၏။
နော်ဝေနိုင်ငံသည်လည်း ဦးသိန်းစိန်အစိုးရ၏ ဗျူဟာမြောက် ချဉ်းကပ်မှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာခဲ့သကဲ့သို့ မြန်မာအစိုးရက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သည်နှင့် တပြိုင်တည်းဦးစွာ ဝင်ရောက်လာခဲ့သည့် နိုင်ငံတကာ လုပ်ငန်းရှင်များထဲတွင် နော်ဝေနိုင်ငံလည်း ပါဝင်လာခဲ့သည်။
မြန်မာနိုင်ငံတွင် တယ်လီနောကုမ္ပဏီ လိုင်စင်ရသွားပြီး ၆ လအကြာတွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ဟောင်း Katja Nordgaard ကို တယ်လီနော ကုမ္ပဏီ၏ အကြီးအကဲ တယောက်အဖြစ် ခန့်လိုက်ခြင်းက နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်မှုကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
နော်ဝေ ထိပ်တန်းရေနံကုမ္ပဏီကြီး Statoil သည်လည်း မြန်မာ့ကမ်းလွန် ရေနံစီမံကိန်းများတွင် အလားအလာ ကောင်းသည့် ရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့သည်။ တယ်လီနောနှင့် စတက်အွိုင်း(လ်) နှစ်ခုစလုံးသည်ပင် နော်ဝေအစိုးရမှ ရှယ်ယာအများဆုံး ပါဝင်သည့် ကုမ္ပဏီကြီးများ ဖြစ်ကြသည်။
ထိုဖြစ်စဉ်များက နော်ဝေအစိုးရ၏ နိုင်ငံခြားရေး ပေါ်လစီကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးပေးရန် နော်ဝေနိုင်ငံက ကူညီနေခြင်းသည် သူတို့၏ စီးပွားရေး အကျိုးအမြတ်အတွက် ကူညီနေသည်လားဟု စဉ်းစားဖွယ်ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံသည် နော်ဝေ၏ အာရှတွင်း ဈေးကွက်အသစ်တခု ဖြစ်ခဲ့ပြီလား၊ နော်ဝေနိုင်ငံ၏ ငြိမ်းချမ်းရေးသင်္ကေတ “နိုဘဲလ်ငြိမ်းချမ်းရေးဆု” နေရာတွင် အပြာရောင် တယ်လီနော သင်္ကေတများက လွှမ်းမိုးသွားတော့မည်လားဟု ဝမ်းနည်းဖွယ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တော့သည်။
(စာရေးသူသည် ရန်ကုန်အခြေစိုက် ကဗျာဆရာ၊ သတင်းစာဆရာ ဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ရုပ်သံမှတ်တမ်းများကိုလည်း စီစဉ်ရိုက်ကူးထုတ်လုပ်သည်။)