သတင်း

ရန်ကုန်မြို့ လမ်းဘေးဈေးသည်များကို နေရာပေးရန် YCDC စီစဉ်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)ပိုင် ဈေးများကို အထပ်မြင့် အဆောက်အအုံအဖြစ် တိုးချဲ့တည်ဆောက်ပြီး လမ်းဘေး ဈေးသည်များ အတွက် နေရာချထားပေးရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် YCDC ပိုင် ဈေးများကို အထပ်မြင့်အဖြစ် တိုးချဲ့သွားမည်ဖြစ်သည်ဟုလည်း YCDC က ဧရာဝတီသို့ ပြော သည်။

“ဆောက်လုပ်ဖို့ ဘတ်ဂျက်ကို တိုင်းလွှတ်တော်ကို တင်ထားပြီးပြီ။ ရှိနေတဲ့ဈေး အဆောက်အအုံတွေကို ချဲ့ပြီး လမ်းဘေး ဈေးသည်တွေကို နေရာပေးဖို့ စီစဉ်နေတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး။ ပြောလိုက်ရင် လမ်းဘေး ဈေးသည်တွေ ပိုများလာလိမ့်မယ်”ဟု YCDC ဈေးများဌာန ဒု ဌာနမှူး ဦးစည်သူလွင်က ပြောဆိုသည်။

ရန်ကုန်မြို့ရှိ ပလက်ဖောင်းများသည် လူသွားရန် ပြုလုပ်ထားသော်လည်း ယခုအခါ လမ်းဘေး ဈေးသည်များ ဝင်ရောက် ရောင်းချနေသောကြောင့် လူများသွားလာရန် အခက်အခဲ ဖြစ်နေရကြောင်း ရန်ကုန်မြို့ခံ တချို့က ဧရာဝတီသို့ ပြောသည်။

“တကယ် လူသွားလမ်းကြပ်တဲ့ နေရာတွေမှာတော့ မရောင်းစေချင်ဘူး။ လမ်းကြားတွေမှာ လုပ်ပေးသင့်တယ်။ မရောင်းရဘူး ဆို ရင်လဲ သူတို့ရဲ့ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နိုင်တယ်’’ဟု ရန်ကုန်မြို့ခံ တဦးဖြစ်သည့် ဦးမျိုးနိုင်က ပြောဆိုသည်။

ရန်ကုန်မြို့တွင် လမ်းဘေးဈေးသည် အများဆုံး တည်ရှိရာ ပန်းဆိုးတန်းလမ်း၊ ၃၂ လမ်း၊ ၃၁ လမ်း၊ ၃၈ လမ်း၊ ဆိပ်ကမ်း သာလမ်း၊ ရွှေဘုံသာလမ်း၊ ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်း၊ အနော်ရထာလမ်းတို့မှာ ပျံကျဈေးသည်များကြောင့် လူအများ လမ်းသွားလာရာတွင် အခက်အခဲများ ဖြစ်နေသည်ကို တွေ့ရသည်။

ရန်ကုန်မြို့ရှိ ပလက်ဖောင်း လမ်းမများပေါ်တွင် ဈေးရောင်းချမှုကို YCDC က စောင့်ကြည့်ရေးအဖွဲ့များ ထားရှိပြီး ဖမ်ဆီး အရေးယူမှုများ ဆောင်ရွက်နေသော်လည်း လမ်းဘေးဈေးသည်များကို ထိရောက်စွာ တားဆီးနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ရန်ကုန်မြို့ဧ။် အဓိက လမ်းမကြီးများဖြစ်သည့် မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းများ ပေါ်တွင် လမ်း ဘေး ဈေးသည်များ ဖွင့်လှစ်ရောင်းချခွင့်ကို ညနေ ၃ နာရီမှ ည ၈နာရီ အထိ YCDC က ခွင့်ပြုထားသည်။

“လမ်းမ ပလက်ဖောင်းဘေး တွေမှာတော့ ရောင်းချခွင့် မရှိဘူး။ ဒါပေမယ့် နားလည်မှုနဲ့တော့ ရောင်းနေရတာပေါ့။ တပတ် ကို ၂၀၀၀၊၂၅၀၀ တော့ ပေးရတာပေါ့’’ဟု ဗိုလ်တထောင်မြို့နယ် ပလက်ဖောင်းပေါ်တွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်း ချနေသည့် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

လမ်းဘေး ဈေးသည်များကို အချိန်သတ်မှတ် ရောင်းချခွင့် ပြုထားသော်လည်း စည်းကမ်းလိုက်နာမှု မရှိပါက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဥပဒေ ပုဒ်မ(၆၈)အရ ဒဏ်ငွေ ကျပ် ၁၀၀၀၀ မှ ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်။

YCDC ဈေးများဌာနက ၂၀၁၅ ခုနှစ်တွင် ဒေါပုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များ၌ ဈေးသစ်များ တည်ဆောက်ရန် ရှိနေပြီး အဆိုပါဈေးများ တည်ဆောက်ပြီးပါက ပျံကျဈေးသည်များကို နေရာချပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် မည်သည့်ပုံစံဖြင့် ချထားပေးသွားမည်ကိုမူ အသေးစိတ် မပြောနိုင်သေးကြောင်း YCDC က ပြောသည်။

“ဒေါပုံမှာ ရှိတဲ့ ဒေါပုံဈေး၊ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ပတ္တမြားဈေးတို့ကို အသစ်ပြန်တည်ဆောက်ဖို့ ရှိတယ်။ ဈေးကြီးဆောက်ပြီး ရင် မူလဈေးသည်တွေကို အဲဒီမှာ နေရာပေးမယ်။ ပျံကျဈေးသည်တွေကို အပေါ်ဆုံးထပ်မှာ နေရာ ပေးဖို့တော့ ရှိတယ်”ဟု ဦးစည်သူလွင်ကလည်း ပြောဆိုသည်။

Loading