လုပ်ငန်းခွင် လေ့လာရေးခရီးစဉ်များ၊ သင်တန်း ခရီးစဉ်များဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကြသော မြန်မာနိုင်ငံသားများကို အိမ် ရှင်နိုင်ငံသားများက သော်လည်းကောင်း၊ တွေ့ဆုံခွင့်ရသော ပုဂ္ဂိုလ်များက သော်လည်းကောင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာ နှစ်ခုကို စိတ်ဝင်တစား မေးမြန်းလေ့ ရှိပါသည်။
ထိုအကြောင်းအရာ နှစ်ခုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ နောက်ဆက်တွဲ အခြေအနေများနှင့် ငြိမ်းချမ်းရေး နိုဗဲလ် ဆု ရှင် ဒေါ်အောင်ဆန်းစုကြည်တို့ အကြောင်းပင် ဖြစ်သည်။
ယခုနှစ်ပိုင်းအတွင်း နိုင်ငံတကာက စိတ်ဝင်စားသော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများ၌ ရခိုင်ပဋိပက္ခ နောက် ဆက် တွဲသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှု အခြေအနေထက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတခု ဖြစ်သည် ဟု ဆိုရပါမည်။
ထိုအကြောင်းအရာ နှစ်ရပ်နှင့် ပတ်သက်သည့် မေးခွန်းများကို အမေးခံလိုက်ရသည့် မြန်မာနိုင်ငံသားများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အခြေအနေကို ဖြေကြားပေးနိုင်သော်လည်း ရခိုင်ပဋိပက္ခကို ဖြေကြားပေးရန်သည် သမိုင်းကြောင်းနှင့်ချီပြီး ရှင်းပြရမည့် ကိစ္စရပ် ဖြစ်နေသဖြင့် ခက်ခဲကြောင်း ပြောဆိုမှုများကိုလည်း တွေ့မြင်ရသည်။
မြန်မာနိုင်ငံသားများက ဖြေကြားပြောဆိုရန် ခက်ခဲနေသော်လည်း ရခိုင်ပဋိပက္ခ နောက်ဆက်တွဲ လူမှုစီးပွား အခြေအနေများနှင့် ပတ် သက်သည့် သတင်းနှင့် သတင်းဆောင်းပါးများကို နိုင်ငံတကာ သတင်းမီဒီယာများက အလေးထားရေးသား ဖော်ပြနေကြပါသည်။
ပြည်ပမီဒီယာများက စိတ်ဝင်စားဖွယ် ရေးသားနေခြင်းမှာ ရခိုင်ပြည်နယ် ပဋိပက္ခနောက်ပိုင်း ဒေသခံ ရခိုင်လူမျိုးများထက် လူနည်းစု ဘင်္ဂါလီ(မွတ်စလင်) လူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများကို အခြေခံသည့် လူ့အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်ပြီး လက်ရှိအစိုးရနှင့် လူသိထင်ရှား အတိုက်အခံများကပါ လျစ်လျူရှုနေခြင်းကြောင့် ဖြစ်သည်ဟု ပြောဆိုရေးသားကြ သည်။
ထို့အပြင် ဘာသာခြား ဘင်္ဂါလီ လူမျိုးများ၏ လူသားချင်းဆိုင်ရာ အခွင့်အရေးများကို အစိုးရ၊ အတိုက်အခံများသာမက ပြည်တွင်းရှိ လူ့မှုအဖွဲ့အစည်းများကပါ မျက်ကွယ်ပြု လျစ်လျူရှု နေသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့် လေ့လာသူများနှင့် နိုင်ငံတကာ ခေါင်းဆောင်များကပါ ဝေဖန်ပြောဆို လာကြသည်။
သို့သော် ထိုပဋိပက္ခ၏ အခြေခံသည် ခေတ်အဆက်ဆက် မြန်မာအစိုးရ လက်ထက်များကတည်းက တိုးတိုးကြိတ်ကြိတ် ဖြစ်နေ သော ဒေသခံ ရခိုင်များနှင့် ရွှေ့ပြောင်းအခြေချ နေထိုင်လာကြသူများ အကြားရှိ ပြဿနာများပင် ဖြစ်သည်။
ရခိုင်ပြည်နယ်သည် ဖွံဖြိုးတိုးတက်မှု နိမ့်ကျနေသော မြန်မာနိုင်ငံ၏ ဒုတိယမြောက် အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်သကဲ့သို့ ခေတ် အဆက်ဆက် အစိုးရများ၏ အုပ်ချူပ်ရေးစနစ် အားနည်းချက်များ ဒဏ်ကိုလည်း များစွာခံခဲ့ရသည့် ပြည်နယ်တခုလည်း ဖြစ်နေ သည်။
ထိုသို့သော ဒဏ်ရာများစွာ ရရှိခဲ့သည့် ရခိုင်ပြည်နယ်သည် ဖွံဖြိုးမှု ကျဆင်းပြီး ပညာရေး၊ စီပွားရေး နိမ့်ကျမှုများကို ရာစုနှစ် ချီ၍ ရင် ဆိုင်ခဲ့ရသည်။
ခြစားမှုများ ရှိနေသော အစိုးရ ဗျူရိုကရေစီ အုပ်ချူပ်ရေး ယန္တရား စနစ်များကြောင့် ရခိုင်ဒေသခံများ၏ စိုးရိမ်သောကနှင့် အကျပ် အတည်းများသည်လည်း တစစဖြင့် ကြီးထွားလာခဲ့သည်။
ပထဝီဝင် အနေအထားအရ မြန်မာနိုင်ငံ အနောက်ဘက် အခြမ်း၌ တည်ရှိနေသော ရခိုင်ပြည်နယ်တွင် နယ်နိမိတ်ချင်း ထိစပ်နေ သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရွှေ့ပြောင်းဝင်ရောက် အခြေချ နေထိုင်လာသူများ နှစ်ပေါင်းရှည်ကြာ ကာလကပင်ရှိနေခဲ့သည်။
ထို ရွှေ့ပြောင်း နေထိုင်သူများနှင့် ဒေသခံ ရခိုင်လူမျိုးများအကြား ဘာသာမတူ လူမျိုးမတူညီခြင်း အပြင် အကျိူးစီးပွား ဆိုင်ရာများအပါအဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများဘက်က နိုင်ငံသား အသိအမှတ်ပြုရန် သာမက တိုင်းရင်းသား အဖြစ်လက်ခံရန် တောင်းဆိုလာချိန်၌ ပဋိပက္ခ ရေချိန်လည်း မြင့်တက်လာခဲ့ရကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

အစိုးရ၏ ပံ့ပိုးထောက်ပံ့မှု နည်းပါးမှုဒဏ်ကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လူမှုဘ၀ ဖွံဖြိုးနိမ့်ကျမှုကို ဆယ်စုနှစ်နှင့်ချီ ၍ ခံစားလာရသော ဒေသခံ ရခိုင်လူမျိုးများသည် ၎င်းတို့၏ ဒေသဖြစ်သော အနောက်ဘက် အခြမ်းကို ကာကွယ်နိုင်ရေး အတွက် ကြိုးပမ်းနေရချိန် ပဋိပက္ခ ဖန်တီးချင်သူ တချိူ့က ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော မှိုင်းတိုက်မှုများ ဖန်တီးလိုက်၍ ကမ္ဘာကပင် သိလာရသည့် ပဋိပက္ခကြီး ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ရသည်ဟု သတင်းမီဒီယာများကလည်း ရေးသားခဲ့ကြ သည်။
ပဋိပက္ခကြီး နောက်ပိုင်း နောက်ဆက်တွဲ ပြဿနာအဖြစ် ဒေသခံ ရခိုင်လူမျိုးများနှင့် ရွှေ့ပြောင်း အခြေချ နေထိုင်လာကြသော ဘင်္ဂါလီ လူမျိုးစု နှစ်စုအကြား အတူယှဉ်တွဲ နေထိုင်၌ မရတော့ခြင်း၊ ယုံကြည်မှု ပျက်ပြယ်ခြင်း၊ ယုံမှားသံသယ ရှိနေခြင်းများကြောင့် အာဏာပိုင်များက လုံခြုံမှုရှိစေရန် ရည်ရွယ်ပြီး ဘင်္ဂါလီ လူမျိုးများကို ဒုက္ခသည် စခန်းဆောက်လုပ် နေထိုင်စေ၍ လုံခြုံရေးယူပြီး စောင့်ရှောက်ထားသည်။
အစိုးရက ဒုက္ခသည် ဘင်္ဂါလီ လူမျိုးများကို အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုခြင်း၊ ပြည်စုံ လုံလောက်သော ပံ့ပိုးမှုမျိုးကို ထောက်ပံ့ကူညီမှု မပေးနိုင်ခြင်း၊ နိုင်ငံတကာ အကူအညီများအပေါ် ဒေသခံ ရခိုင်လူမျိုးများက ကန့်ကွက်နေခြင်းတို့က ဘင်္ဂါလီ လူမျိုးများအား လူသားချင်း စာနာမှု ဆိုင်ရာ အခွင့်အရေးများကို လျစ်လျူရှုသည့် အကြမ်းဖက်မှုဟု နိုင်ငံတကာက ရှုမြင်လာကြသည်။
ICFJ (International Center for Journalists ) အဖွဲ့၏ မီဒီယာ အမှုဆောင် အကြံပေး ဖြစ်ပြီး The Washington Post နှင့် The Wall Street Journal တို့၏ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူ Mr. Marcus Brauchli က ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော ရိုဟင်ဂျာ(ဘင်္ဂါလီ) အရေးကိစ္စသည် စစ်ပွဲကြီးများတွင် ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိူးဖောက်မှုနှင့် မတူဘဲ၊ အကြမ်းဖက်မှု အသွင် ဆောင် သည့် လူသားဆိုင်ရာ အခွင့်အရေးအား လျစ်လျူရှုမှုဟု ယူဆပြီး နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေရခြင်း ဖြစ် သည်ဟု မြန်မာသတင်း မီဒီယာများကို ပြောဆိုခဲ့သည်။
အလားတူ ဂျာမနီနိုင်ငံ အခြေစိုက် taz.de သတင်းစာ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ သတင်းအယ်ဒီတာဖြစ်သူ Mr. Sven Hansen က မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းများ၌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများထက် ရခိုင်ပြည်နယ် ပဋိပက္ခသတင်းများကို လူတွေ ပိုအာရုံစိုက်လာသဖြင့် ပျမ်းမျှအားဖြင့် သတင်းအေဂျင်စီများက ရေးသားထားသည်များကို ဂျာမန် ဘာသာဖြင့် ပြန်ဆိုပြီး တလလျှင် ၁ ပုဒ်ခန့် ဖော်ပြလာသည်ဟု ပြောဆိုသည်။
ယခင် အစိုးရများ အုပ်ချူပ်စဉ် တလျှောက်၌ ဝင်ရောက်သွားလာခွင့် ကန့်သတ်ခံခဲ့ရသော ရခိုင်ပြည်နယ်ကို ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခကြီး နောက်ပိုင်း နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သတင်းမီဒီယာများနှင့် လေ့လာစောင့်ကြည့်သူ တချိူ့ကို လက်ရှိ အစိုးရက သွားလာခွင့် ပြုလာ၍ လူမျိုးနှစ်စုကြားရှိ ပြဿနာအား နိုင်ငံတကာက လေ့လာ စောင့်ကြည့်ခွင့်ရလာ ခဲ့ သည်။
နိုင်ငံတကာ သတင်းမီဒီယာဌာန အသီးသီးကလည်း ရခိုင်ပြည်နယ် အတွင်းသို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာပြီး ရေးသားတင်ဆက် လာကြသည်။
ပဋိပက္ခနောက်ပိုင်း နယ်မြေ ကန့်သတ်ထားသော ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြရသည့် ဘင်္ဂါလီ လူမျိုးများ၏ လူနေမှုဘဝများ ယိုယွင်းကာ စီးပွားရေးချိူ့တဲ့လာမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးခြင်း၊ ဝင်ငွေ မရရှိခြင်းတို့ကြောင့် မိခင်နှင့်ကလေး များ အာဟာရ ချိူ့တဲ့လာကြောင်း၊ လူငယ်များသည်လည်း နေရပ်ကို စွန့်ခွာပြီး ပင်လယ်ပြင်ကို စွန့်စားကျော်ဖြတ်၍ လုပ်ငန်းများ ရှာဖွေနေကြရကြောင်း သတင်းများလည်း ရေးသားလာကြသည်။
စစ်တွေမြို့ ဘုမင်ရွာရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းတွင် နေထိုင်သော အသက် ၆၀ နီးပါးရှိ ဦးအောင်ဝင်းက“ကျနော်တို့ ဘိုးဘွားတွေ လက်ထက်ကတည်းက နေထိုင်ကြတာပဲ၊ ကိုယ့်ကိုယ်ကိုယ် မွတ်စလင် ရခိုင်လို့ပဲ ထင်ထားတာ၊ ရခိုင်အိမ်နီးချင်တွေနဲ့ အတူနေ တယ်။ ရခိုင်စကားပဲ ပြောတယ်။ ပဋိပက္ခတွေ ဖြစ်ပြီးနောက်လည်း သူတို့တွေနဲ့ မဆက်သွယ်ဘဲ ကျနော်တို့ချည်း နေလို့မှ မရတာ၊ ဒုက္ခသည် စခန်းထဲ သူတို့ ဝင်ထွက် သွားလာလို့ရတော့ လိုအပ်တာတွေ လာရောင်းနေကြတာပဲ။ ဒီစခန်းထဲလာတဲ့ သူတို့ကို ဘယ် သူမှ ဒုက္ခမပေးဘူး။ အပြင်မှာ ပြောဆိုနေကြတာတွေက တမင်ကို ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာ။ ကျနော်တို့တွေထဲကလည်း အာဏာပိုင်တွေကို ပိုက်ဆံ သိန်း ဆယ်ချီ ပေးနိုင်ရင် အပြင်ကို သွားနိုင်တယ်။ ဒီဒုက္ခသည် စခန်းမှာ ပိုက်ဆံသာ ရှာဖို့မလွယ်တာ။ ဒါတွေကို အစိုးရက မသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး”ဟု ပြောပြသည်။
အလားတူ ဒေသခံ ရခိုင်လူမျိုးများကလည်း ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ပညာရေးစံချိန် နိမ့်ပါးလွန်းသော ဒေသခံ ရခိုင်များအပေါ် ဆူပူထကြွလိုသူများက အလွယ်တကူ သွေးထိုးလှုံ့ဆော် နိုင်ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ မိမိတို့ဒေသ အကျိူးစီးပွား နစ်နာမှုသည် ဘင်္ဂါလီ လူမျိုးများကြောင့် မဟုတ်ဘဲ အစိုးရက ပံ့ပိုးကူညီမှုနည်းပြီး ဒေသမှ ထွက်ရှိသော သဘာဝရင်းမြစ်များကိုသာ သုံးစွဲ ယူငင်သွားသည့် အတွက် ဆင်းရဲမွဲတေမှုကို ပိုမိုခံစားလာရကြောင်း ပြောဆိုကြသည်။
စစ်တွေမြို့ ဒေသခံ ရေလုပ်ငန်းရှင် တဦးဖြစ်သူ ဦးဇော်ဝင်းကလည်း“အစိုးရက ဒေသခံတွေ အဓိက လုပ်ကိုင်ကြတဲ့ ရေလုပ်ငန်းကို ဖွံဖြိုးအောင် မလုပ်ပေးတဲ့ အပြင် သဘာ၀ ပင်လယ် ငါးဖမ်းလုပ်ငန်းတွေကိုလည်း နိုင်ငံခြားသားတွေကို လုပ်ကိုင်ခွင့် ပြုတယ်။ ဒီမှာ ကုလား တန် ရေနက်ဆိပ်ကမ်း စီမံကိန်း လာလုပ်နေတော့ ဒေသခံတွေ အလုပ်ရတယ်သာပြောတာ အလုပ်ကြမ်း လုပ်တာတောင် ၃၅၀၀ ပဲ ရတယ်။ ဈေးထဲမှာ ပစ္စည်ထမ်းတောင် ဒီလုပ်ခထက် ပိုရကြတယ်။ စီမံကိန်းပြီးလည်း အိန္ဒိယပဲ အကျိူးများမှာ၊ ဒါတွေက ဒေသခံထက် အစိုးရကသာ ကောင်းစားသွားတာ”ဟု ပြောသည်။
ရခိုင်ပြည် ပဋိပက္ခ အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ နိုဝင်ဘာလ အတွင်းက လာရောက်ခဲ့သည့် အမေရိကန် သမ္မတ မစ္စတာ အိုဘားမားက တိုင်းပြည်တပြည်ရှိ ပြည်သူများသည် လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ခွဲခြားမှု ခံရလျှင် ဖွံဖြိုးတိုးတက် သည့် တိုင်းပြည်တခု ဖြစ်မလာနိုင်ကြောင်း၊ ကမ္ဘာကြီးတွင် ကွဲပြားခြားနားသည့် ယဉ်ကျေးမှု၊ ယုံကြည်မှုများ ရှိနေကြရာ မလွှဲမရှောင် သာ ထိပ်တိုက်တွေ့ကြရမည် ဖြစ်ကြောင်း၊ ထိုအခြေအနေများ အပေါ် တဦးနှင့်တဦး သည်းခံပြီး လေးစားမှုဖြင့် ဖြေရှင်းနိုင်မှသာ အောင်မြင်စွာ ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ မြန်မာနှင့် အာဆီယံ လူငယ်များအား တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
လက်ရှိအချိန်၌ ရခိုင်ပြည်နယ် အတွင်း လူဦးရေ ၃.၂ သန်း နေထိုင်ပြီး ဘင်္ဂါလီ လူမျိုးများသည် လူနည်းစုဖြစ်ကာ လူဦးရေ အချိုးအစားအရ ရခိုင်လူမျိုး ၂ ယောက်ရှိလျှင် ဘင်္ဂါလီလူမျိုး ၁ ယောက်သာ ရှိသော်လည်း ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မောင်တောဒေသတွင် အဆိုပါ ကိန်းဂဏန်းများသည် ပြောင်းပြန် ဖြစ်နေပြီး လူဦးရေ ၅ သိန်း ၁ သောင်း ရှိရာတွင် ရခိုင်လူမျိုး (သို့) ဘင်္ဂါလီ လူမျိုး မဟုတ်သူက ၃ သောင်း သာ ရှိသည်ဟု Reuters သတင်း ဌာန မှတ်တမ်းတွင် ဖော်ပြထားသည်။
မည်သို့ပင် ဖြစ်စေ ပဋိပက္ခ ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ကျော် ကြာခဲ့ပြီဖြစ်သော ရခိုင်ပြည်နယ်ကို တခါတခေါက်မှ ရောက်ဖူးခြင်း မရှိသေးသူ တဦးသည် ဒေသန္တရ လေ့လာရေးအနေဖြင့် သော်လည်းကောင်း၊ လုပ်ငန်း တာဝန်အရ သော်လည်းကောင်း ရခိုင်ပြည်နယ် အတွင်းက မြို့တမြို့ကို သွားရမည် ဆိုပါလျှင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် တည်ငြိမ် အေးချမ်းမှု ရှိပါ့မလား၊ လုံခြုံမှုရော ရှိပါ့မလား ဆိုသည့် သံသယစိတ် အရိပ်မည်းသည် ယနေ့ အချိန်အထိ ရှိနေသေးသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ။