အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) က ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များ (IDPs) အတွက် တာဝန်ယူ ဆောက်လုပ်နေသည့် အိမ်ရာစီမံကိန်းကို ဒီဇင်ဘာလ အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
ထို အိမ်ရာ စီမံကိန်း အတွက် အသုံးပြုမည့် ဘတ်ဂျက်ကို နယ်စပ်ဒေသ ပညာရေးနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ညွှန်ကြားမှု ဦးစီးဌာန (နတလ) က အိမ်ရာ အလုံး ၅၀ ဆောက်လုပ်ရန် ၂၀၁၃ ခုနှစ် ကတည်းက ချပေးခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် မှသာ ဆောက်လုပ်နိုင်ခြင်း ဖြစ်သည်ဟု KNPP ၏ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ဦးပလူးရယ်က ပြောသည်။
“အရင်နှစ် ကတည်းက ဘတ်ဂျက် ချပေးခဲ့တာ၊ အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး။ အခုတော့ ဒီဇင်ဘာ အပြီး အိမ်ခြေ ၂၅ လုံး ဆောက်လုပ်ဖို့ ရှိတယ်။ ကျန်အိမ်ရာ ၂၅ လုံးကို လာမယ့်နှစ်မှာ ဆက်လက် ဆောက်လုပ်သွားမယ်”ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါအိမ်ရာ စီမံကိန်းကို ကယားပြည်နယ်၏ မြေမြှုပ်မိုင်း အထူထပ်ဆုံးရှိရာ မြို့နယ်တခု ဖြစ်သည့် ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ မယ်ယုချောင်းဘေး၌ အလျား ပေ ၈၀၊ အနံ ပေ ၆၀ ရှိ မြေကွက်ပေါ်တွင် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး တထပ် နေ အိမ်များ တည်ဆောက်သွားမည် ဖြစ်ပြီး အိမ်တလုံးလျှင် ကျပ် သိန်း ၅၀ အကုန်ကျခံ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
ယခုတည်ဆောက်မည့် အိမ်ရာစီမံကိန်းရှိရာ ကျေးရွာနှင့် ပတ်ဝန်းကျင်၌ ဒေသခံများ မြေမြှုပ်မိုင်း အန္တရယ် ကင်းရှင်းရေး အတွက် INGO နှင့် ပူးပေါင်းပြီး မိုင်း ရှာဖွေရန် အစိုးရသို့ တင်ပြခဲ့သော်လည်း ခွင့်မပြုသဖြင့် ဘူဒိုဇာဖြင့် မြေညှိပြီး မိုင်းရှင်းလင်းခဲ့ရကြောင်း၊ ထို မိုင်းများ လာရောက် ရှင်းလင်းပေးရန် တပ်မတော်ဘက်က ကမ်းလှမ်းခဲ့သော်လည်း လက်မခံခဲ့ကြောင်း ဦးပလူးရယ်က ပြောပြ သည်။
KNPP နှင့် အစိုးရ အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များတွင် ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်များအား ပြန် လည် နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပါဝင်သဖြင့် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု သိရ သည်။
အဆိုပါ အိမ်ရာတွင် စစ်ဘေးကြောင့် ဒုက္ခရောက်ပြီး အမှန်တကယ် နေနိုင်ကြမည့် သူများကိုသာ ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ နေထိုင်ကြမည့် ဒေသခံများအတွက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် INGO များနှင့် ချိတ်ဆက် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးပလူးရယ်က ပြောသည်။
ထိုသို့အိမ်ရာ စီစဉ်ပေးမှု အပေါ် လွိုင်ကော်မြို့ အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်း တခုဖြစ်သည့် ကိန္ဒရာ ကျေးလက် လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ ဒါရိုက်တာ ဦးဌေးရယ်က“တချို့ ဒုက္ခသည်တွေက လွိုင်ကော်မြို့ထဲ ပြန်ဝင်ချင်တယ် ဆိုရင်လည်း ပြန်ဝင်ခွင့်ပေးဖို့၊ ရှားတောလို တောရွာလေးတွေမှာ ပြန်နေချင်တယ် ဆိုရင်လည်း ပြန်ခွင့် ပေးစေချင်တယ်။ ဒီသံလွင်မြစ် ရှေ့ခြမ်းမှာပဲ စံပြရွာဆောက်ပြီး ဝိုင်းနေကြမယ် ဆိုတာထက် သူတို့ရဲ့ဆန္ဒကိုလည်း နည်းနည်း တီးခေါက် ပေးစေချင်တယ်။ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပေးစေချင်တယ်”ဟု ပြောသည်။
အဆိုပါ စစ်ရှောင် ဒုက္ခသည်များသည် အစိုးရနှင့် KNPP တို့ ၁၉၉၅ ခုနှစ်က အပစ်အခတ် ရပ်စဲပြီး ၃ လ အကြာ ပြန်လည်ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကယားပြည်နယ် ရှားတောမြို့နယ်ရှိ ကျေးရွာပေါင်း ၁၀၀ ကျော်ကို အစိုးရ စစ်တပ်က ဖြတ်လေးဖြတ် အစီ အစဉ်ဖြင့် အဓမ္မ ရွှေ့ပြောင်းခံရသဖြင့် လွိုင်ကော်၊ ရှားတော၊ ရွာသစ်၊ ဘော်လခဲ မြို့များရှိ စုစည်းကျေးရွာများနှင့် ထိုင်း နယ်စပ် ရှိ ကရင်နီ ဒုက္ခသည် စခန်း အမှတ် (၁)၊ အမှတ် (၂) စခန်းများသို့ ထွက်ပြေး ခိုလှုံနေရသူများ ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက် က ထုတ်ပြန်သော ကရင်နီ လူမှုအသင်းအဖွဲ့ ကွန်ရက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်၌ ကယားပြည်နယ်တွင် ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁၆၀၀၀ ကျော် ရှိကြောင်း သိရသည်။
ထိုအိမ်ရာ စီမံကိန်းနှင့် ပတ်သက်ပြီး မိုလို အမျိုးသမီး သတ္တုတွင်း စောင့်ကြည့်လေ့လာရေး ကွန်ရက်တာဝန်ခံ မအဲမူထူးက လက်ရှိ KNPP နှင့်အစိုးရအကြား အပစ်အခတ် ရပ်စဲထားခြင်းသာရှိပြီး အမှန်တကယ်ငြိမ်းချမ်းရေး မရရှိသေးကြောင်း၊ ကျေးရွာ အနီး တဝိုက် သာ မိုင်းရှင်းလင်းထားသဖြင့် ဒေသခံများအနေဖြင့် ရွာအနီးဝန်းကျင်နေရာများသို့ သွားရောက်ရာ၌ မြေမြှုပ်မိုင်း အန္တရာယ်များ ရှိနိုင် သည်ဟု ပြောဆိုသည်။
ကယားပြည်နယ် အခြေစိုက် KNPP သည် အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) နှင့် တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ အဖွဲ့ဝင်လည်း ဖြစ်သည်။