“ကျမတို့ ဘဝမှာ မီးမမြင်ရရင်နေပါ။ နောင်လာမယ့် ကလေးတွေကိုတော့ မီးလင်းထိန်နေတာကို မြင်စေချင်တယ်”ဟု ကယား ပြည် နယ် လွိုင်ကော်မြို့ ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေ့ ကျေးရွာမှ အသက် ၆၀ ကျော် အရွယ် အမေအို တဦးက ပြောသည်။
“သူများ မြို့လို တီဗီတွေကို ကြည့်စေချင်တယ်။ မီးလုံးတွေနဲ့ စာကျက်စေချင်တယ်”ဟုလည်း အမေအိုက ဆက်လက် ပြောဆို ပါသည်။
ကယားပြည်နယ်ရှိ လောပိတ ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတဝန်းကို လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ရှိလာပြီဖြစ်သော်လည်း ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကျေးရွာပေါင်းများစွာသည် လက်ရှိအချိန်အထိ လျှပ်စစ်မီး မရရှိသေးပေ။
လျှပ်စစ်မီး မရရှိသေးသည့်အတွက် ဖယောင်းတိုင်၊ ထင်းရှူးဆီ နှင့် တရုတ်ပြည်ထုတ် ဆိုလာပြားများကို အားကိုးအသုံးပြုနေရပြီး လျှပ်စစ်မီး ရရှိရန် အတွက် ကိုယ်ထူကိုယ်ထ အနေဖြင့် အစိုးရကို ကျေးရွာတရွာလျှင် ကျပ်သိန်း ၁၀၀ စီ ပေးဆောင်နေရသော် လည်း ယခုအချိန်အထိ မရရှိသေးကြောင်း လွိုင်ကော်မြို့ ဒီမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာမှ ဒေသခံများက ပြောဆိုကြသည်။
ကယားဒေသ ကျေးရွာများတွင် လျှပ်စစ်မီးမရရှိသဖြင့် ဒေသဖွံ့ဖြိုးမှု၌ များစွာဆုံးရှုံးနေရကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေများတွင် အခက်အခဲ ကြုံနေရကြောင်း၊ လျှပ်စစ်မီး အသုံးပြုနေရသည့် လုပ်ငန်းများအတွက် အဆင်မပြေကြောင်း ကရင်နီပြည် လူငယ်များ သမဂ္ဂအဖွဲ့မှ ကိုခွန်အာသန်း က ဧရာဝတီသို့ ပြောသည်။
“လျှပ်စစ်မီး မရတဲ့အတွက် ဒေသ ဖွံ့ဖြိုးမှု၊ လူနေမှုဘဝ နိမ့်ကျတယ်။ ကယားပြည်မှာ တာဝါတိုင်တွေ ဖြတ်သန်းထားတာတော့ မြင်ရပြီး ရွာတွေကိုယ်တိုင် မီးမရတဲ့အပြင် ရွာသားတွေက တာဝါတိုင် သွယ်ဖို့အတွက် လုပ်အားစိုက်ရတယ်”ဟု ကိုခွန်အာသန်းက ပြောပြ သည်။
တိုက်နယ်ဆေးရုံများတွင်လည်း လျှပ်မီး မရရှိသေးသည့်အတွက် အအေးခန်း၌ ထားရှိရမည့် ဆေးပစ္စည်းများကို မသိမ်းဆည်း နိုင်ကြောင်း၊ ဆေးခန်းတွင်လည်း ဆိုလာပြားများ၊ ဖယောင်တိုင်းများနှင့် ထင်းရှူးဆီများကိုသာ အားကိုးနေကြရကြောင်းလည်း ကိုခွန်အာ သန်း က ပြောသည်။
ထို့ကြောင့် ဒေသခံများက အခြားဒေသများနည်းတူ လျှပ်စစ်မီးရရှိရေးအတွက် ငွေကြေး မည်မျှကုန်သည်ဖြစ်စေ ကျေးရွာ မီးလင်း နေသည်ကို မြင်ချင်ကြသည်။
ကိုယ်ထူကိုယ်ထ တိုင်များစိုက်၍ မီးသွယ်တန်းပြီးစီးသော်လည်း ကယားပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား မလွှတ် ပေးသေးသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေရသည်ဟု မီးမရရှိသေးသည့် ဒီမော့ဆိုမြို့နယ် ဆင်တောအုပ်စု ဝီသဲကူးမြောက်ရွာ မှ ဦးငါးရယ် ကလည်း ပြောသည်။
“ကျနော်တို့ ဆီက တပြည်လုံး မီးလင်းဖို့ လောပိတ ရေအားလျှပ်စစ်ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ကယားပြည်က မှောင်မည်း နေ တုန်းပဲ။ ညဆိုရင် မီးအလင်းရောင်ကိုမြင်ချင်တဲ့အတွက် အစိုးရကို ဘယ်လောက်ကုန်ကုန် ပိုက်ဆံပေးပြီး လုပ်ပေးဖို့ တောင်းဆိုနေ တာလည်း ကြာခဲ့ပါပြီ”ဟု ဦးငါးရယ်က ပြောပြသည်။
ကယားပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနမှ ကယားပြည်နယ်အတွင်းရှိ ကျေးရွာများမီးရရှိရေးအတွက် တရွာလျှင် ကျပ် သိန်း ၁၀၀ ပေး ဆောင်ပါက လျှပ်စစ်မီးတိုင် ၂၁ တိုင်နှင့် လျှပ်စစ်မီးကြိုး ပေ ၂၁၀၀ ရရှိမည်ဟု ပြောဆိုကြောင်း၊ လက်ရှိတွင်မူ ကြိုးမီးတိုင်များထောင် ပြီးသော်လည်း လျှပ်မီးလွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။
“ကလေးတွေ စားကြည့်ဖို့အတွက် ဆိုလာပြားတွေ ဖယောင်းတိုင်တွေနဲ့ပဲ အသုံးပြုရတယ်။ ဆိုလာပြားကတော့ တခုကို သုံးသောင်း တန်ပဲ သုံးနိုင်တယ်။ လျှပ်စစ်မီးရမယ်ဆိုပြီး ပိုက်ဆံတွေတော့ ကောက်သွားတယ်။ အခုထိ တော့ မီးမရသေးဘူး”ဟု ကယားပြည် နယ် ဒေါဆိုရှေ့ ကျေးရွာမှ အသက် ၅၀ကျော် မိခင်တဦးက ဧရာဝတီသို့ ပြောသည်။
ယခုနောက်ပိုင်းတွင် ထင်းများလည်း အလွန်ရှားပါးလာသည့်အတွက် မီးသွေးဝယ်ရသည့်အခါ ဈေးကြီးကြောင်း၊ ထမင်းဟင်းချက်ပြုတ် ရသည်မှာလည်း ခက်ခဲကြောင်း၊ ရုပ်ရှင် တီဗီများကိုလည်း မကြည့်နိုင်ကြကြောင်းလည်း ၎င်းက ပြောပြသည်။
ဆင်တောကျေရွာ မှ ဦးစိုးရယ် ကလည်း“ကျနော်တို့ ရွာကို မီးစဆွဲတာ ၄ လပိုင်းကပါ။ ၈ လပိုင်းမှာ မီးဆွဲတာတွေ အားလုံးပြီးသွားတယ်။ ချက်ချင်း မီးလွှတ်ပေးမယ်လို့ ပြောပြီး အခုထိ မလွှတ်သေးဘူး။ ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေး အကြောင်းပြပြီး လုပ်နေကြ တယ်။ ပြီးတော့ ကျနော်တို့ ရွာသားတွေက မီးရဖို့ ကိုယ်ထူကိုယ်ထ လုပ်နေရတယ်”ဟု ပြောသည်။
ထိုသို့သော အခြေအနေများကြောင့် လျှပ်စစ်မီး ရရှိရန် နှင့် ပြည်နယ်အတွင်းက ထွက်ရှိသော သယံဇာတကို ဒေသခံ တိုင်းရင်းသား များပါ ခွဲဝေသုံးစွဲရန် အတွက် သက်ဆိုင်ရာကို တောင်းဆိုထားကြောင်းလည်း သိရသည်။
“ကျေးရွာတွေမှာ မီးမရတဲ့အတွက် ကလေးတွေ ဖယောင်းတိုင်တွေနဲ့ စာကြည့်ရတယ်။ တချို့ဆို စာဖတ်ရင်း အိပ်ပျော်သွားလို့ အိမ် မီးလောင်တဲ့အဆင့်ပါ ရောက်တယ်”ဟု ကယားဒေသခံ အမျိုးသမီး တဦးဖြစ်သည့် မူအန်ဂျေ က ပြောပြသည်။
လွိုင်ကော်မြို့ ပေါ်တွင်လည်း လမ်းမကြီးပေါ်နှင့် လမ်းမကြီး အနီးတဝိုက်သာ လျှပ်မီးရရှိသေးကြောင်း၊ လွိုင်ကော်မြို့ ရပ်ကွက်တချို့တွင် မီးမရရှိသေးကြောင်းလည်း လွိုင်ကော်မြို့မှ ကိုတောမတ်က ပြောသည်။
“မြို့ပေါ်က ရပ်ကွက်တချို့တွေပဲရသေးတယ်။ တချို့ကတော့ ဆိုလားပြားနဲ့ မီးထွန်းကြတယ်။လျှပ်စစ်မီးရဖို့က ကျနော်တို့ တောင်း ဆို နေတာကြာပါပြီ။ ကြိုးသွယ်တယ်။ မီးမလွှတ်တာတွေပေါ့။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆွယ် စည်းရုံးရေးမှာလည်း လွိုင် ကော် မီးရရှိရေး နဲ့ မဲဆွယ်ခဲ့တယ်။ တကယ်တော့ မီးမရဘူး။ လာမယ့် ၂၀၁၅ မဲဆွယ်စည်းရုံးရေးလည်း မီးရရှိရေးပဲ လုပ်မယ် ထင်တာပဲ”ဟု ကိုတောမတ်က ပြောဆိုသည်။
အစိုးရက ရေအားလျှပ်စစ်များစွာ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ ရောင်းချနေပြီး လောပိတာ ရေအားလျှပ်စစ် ရှိသည့် လွိုင်ကော်မြို့တွင် မီးအားမပေးနိုင်သေးသည်ကို ဒေသခံများက စိတ်မကောင်းမှုများ ဖြစ်ပွားနေသည်ဟုလည်း ကိုတောမတ် က ဆိုသည်။
ကယားပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးကမူ ကယားပြည်နယ် တခုလုံး မီးရရှိစေရန် နည်းစနစ်သည် အဓိက ကျကြောင်း၊ ကျေးရွာအားလုံးကို ၂၀၁၅ ခုနစ်အတွင်း မီးလင်းစေရန် အတွက် ဆောင်ရွက်နေကြောင်း၊ မီးရရှိရန် နိုင်ငံတကာ အကူအညီ ရရှိရေး အတွက် လုပ်ဆောင်နေကြောင်းနှင့် အမှတ်(၃) လောပိတ ရေအားလျှပ်စစ် စက်ရုံအသစ် မကြာမီပြီးစီးတော့မည် ဖြစ်ကြောင်း ပြော သည်။
“လောပိတ အမှတ် (၃) စက်ရုံထုတ် လျှပ်စစ်မီးက ထိုင်းနိုင်ငံနဲ့ စာချုပ် မချုပ်ပါဘူး။ ပြည်တွင်းကိုပဲ ဖြန့်မှာပါ။ ကုမ္ပဏီ သုံးခုတောင် တင်ဒါ ရသွားပြီ။ တယူနစ် ဘယ်လောက် ဖြစ်မယ် ဆိုတာတော့ မသိသေးဘူး”ဟု ဦးစောဟူးဟူးက ပြောဆိုသည်။
လက်ရှိတွင် လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်၊ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့နယ်၌ လျှပ်စစ်မီး တိုင်လိုင်းများ ဆွဲထားကြောင်း၊ လျှပ်စစ်မီး မရရှိသေးသည့် မြို့နယ်နှင့် ကျေးရွာပေါင်း ၃၀၀ ကျော် ရှိနေသည်ဟုလည်း ဆိုသည်။

ကယားပြည်နယ် တခုလုံး၌ တရားဝင် စာရင်းများအရ မြို့ ၇ ခု၊ မြို့နယ်ခွဲ ၁ ခု၊ ကျေးရွာ ၅၂၁ ရွာ ရှိကြောင်း သိရသည်။
ဒုတိယ ကမ္ဘာစစ်ပြီးနောက် ဂျပန်က မြန်မာနိုင်ငံသို့ စစ်လျော်ကြေး ပေးသည့် အနေဖြင့် လောပိတ ရေးအားလျှပ်စစ် အမှတ် ၂ စက်ရုံ ကို ဂျပန်နိုင်ငံ၏ ODA(Official Development Assistance) ဖွံ့ဖြိုးရေး အကူအညီဖြင့် လွိုင်ကော်မြို့နယ်အတွင်း လောပိတကျေးရွာ အနီးရှိ ဘီလူးချောင်း၏ လောပိတ ရေတံခွန် အောက်ဘက်တွင် ဆောက်လုပ်ပေးခဲ့သည်။
ထိုရေအားလျှပ်စစ် စက်ရုံကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီး အဆင့် နှစ်ဆင့်ဖြင့် ဆောက်လုပ်ထားသည်။ ပထမအဆင့် တည်ဆောက် ရေး လုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်တွင် ပြီးဆုံးခဲ့ပြီး ဒုတိယအဆင့်သည် ၁၉၇၄ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့၍ လျှပ်စစ် ဓာတ်အား ၁၆၈ မီဂါဝပ်ကို ထုတ်လုပ်ပေးလျက် ရှိသည်။
ထိုဓာတ်အားပေးစက်ရုံ ၂ ခုမှ ထွက်ရှိလာသည့် ဓာတ်အားများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ မဟာ ဓာတ်အားလိုင်းများမှ တဆင့် သွယ်တန်း ပေးထားကြောင်း သိရသည်။
၂၀၀၈ ခုနှစ် ကရင်နီ သုတေသန အစုအဖွဲ့ (KDRG) က ထုတ်ဝေသည့် အစီရင်ခံစာတခုတွင် လောပိတစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အား ၉၅ ရာခိုင်နှုန်းသည် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ အဓိက လွှတ်ပေးပြီး ကယားပြည်နယ်တွင်မူ ၅ ရာခိုင်နှုန်းသာ ဒေသခံပြည်သူများ အကျိုးခံစားခွင့်ရှိကြောင်း ဖော်ပြထားသည်။
အာဏာပိုင်များကမူ ထိုစက်ရုံများ တည်ဆောက်ပြီးစီးပါက ထိုဒေသတွင် လယ်ယာစိုက်ပျိုးမြေများအတွက် ရေသွင်းစိုက်ပျိုးရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စသည့် အကျိုးအမြတ်များကို ဒေသခံများ ခံစားရရှိမည်ဟု ကတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။ ။