အစိုးရတပ်နှင့် ကေအိုင်အေ ဦးဆောင်သည့် မဟာမိတ် တပ်ပေါင်းအဖွဲ့တို့ ရှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပိုမို ပြင်းထန်လာနေကြောင်း သတင်း ရရှိသည်။
ရှမ်းပြည် မြောက်ပိုင်း တာမိုးညဲ၊ ကွတ်ခိုင်မြို့နယ်များနှင့် ထိစပ်လျက်ရှိသော ဒေသများတွင် တိုက်ပွဲပြင်းထန်လာခြင်း ဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် အစိုးရတပ်ဘက်မှ လက်နက်ကြီး အနည်းဆုံး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဒုတိယ ပြန်ကြားရေး တာဝန်ခံ ပါပန်လက ဧရာဝတီသို့ ပြောသည်။
“ အခုချိန်ထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ကွတ်ခိုင်ဘက်မှာ ပိုဖြစ်တယ်။ ဒီနေ့ အဆိုးဆုံးပဲ။ တိုက်ပွဲက တနေကုန် ဖြစ်နေတာ ၃ ရက်လောက်တောင် ရှိနေပြီ။ ဟိုဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်နေသလို လက်နက်ကြီး တင်လာတဲ့ ကားတွေ ထပ်ပို့နေတယ်လို့ သတင်း ရထားတယ်။ ထိခိုက်ကျဆုံးစာရင်းကတော့ အတည်မပြုနိုင်သေးဘူး ” လက်နက်ကိုင် မဟာမိတ် ပူးပေါင်းအဖွဲ့မှ TNLA ဒုတိယ ပြန်ကြားရေး တာဝန်ခံ ပါပန်လက ပြောသည်။
ဒီဇင်ဘာလ ၁၁ရက်နေ့က ဖြစ်ပွားသော တာမိုးညဲမြို့နယ်ခွဲ ဆိုက်ခေါင်ကျေးရွာနှင့် ဟိုပုံကျေးရွာအကြား တိုက်ပွဲတွင် အစိုးရတပ်မတော်ဘက်မှ တပ်ခွဲမှူး အဆင့် ၁ ဦးအပါအဝင် ၁၂ ဦး ကျဆုံး၍ ဒုစစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မန်တုံမြို့နယ် နမ့်ပါကျိုင်း ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့ တပ်မတော်ဘက်မှ ၉ ဦးကျဆုံး၍ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
တိုက်ပွဲများမှာ အစိုးရတပ် တပ်မ ၈၈ ၊ ၉၉ နှင့် ၅၅ တို့ လှုပ်ရှားနေသည့် နေရာများနှင့် ကေအိုင်အေ ဦးဆောင်သည့် မဟာမိတ် တပ်ပေါင်းအဖွဲ့တို့ လှုပ်ရှားရာနေရာများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲများကြောင့် အစိုးရတပ်ဘက်မှ ကျဆုံးသွားသော စစ်သည်များ၏ မိသားစုဝင်များကို အားပေးသည်များကို အွန်လိုင်း ဆိုရှယ်မီဒီယာ Facebook စာမျက်နှာများတွင် တွေ့ရသည်။
တိုက်ပွဲများမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း သိသိသာသာ လျော့ကျခဲ့သော်လည်း ထိုနောက်ပိုင်း ဆက်တိုက် ပြန်လည် ဖြစ်ပွားလာကြောင်း ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး တိုက်ပွဲ အရှိန်ပြန်လည် မြင့်တက်လာရာ ယနေ့သည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာကြောင်း ၊ အစိုးရတပ်က လေကြောင်း ပစ်ကူပေးမည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း TNLA က ပြောသည်။
အထက်ပါ တိုက်ပွဲ သတင်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ စစ်ဆင်ရေး ဌာနမှူးရုံး ၊ ပြည်နယ် ရဲတပ်ဖွဲ့များထံသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားရန် ငြင်းဆိုကြသည်။