မြန်မာ ပြည်သူများသည် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ပညာဗဟုသုတ လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရ ပြောသည်။
လူ့အခွင့်အရေး ဖော်ဆောင်သည့်ရာ၌ အနှောင့်အယှက်များစွာ ရှိနေကြောင်း၊ ဖြစ်ပေါ်နေသည့် ပြဿနာများကို ရေရှည်တည်တံ့ သည့် အဖြေ ရှာရန်အတွက် လိုအပ်ကြောင်း ပြဿနာများ ဖြေရှင်းရာတွင် လုံလောက်သည့် ဗဟုသုတများရှိရန် လိုအပ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် ၆၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့တွင် ဦးဝင်းအမရက ပြောကြားခဲ့သည်။
၆၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ကို ပြည်သူအများ တက်ရောက်နိုင်ရန်အတွက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စမ်းချောင်းသာ ကွင်းတွင် ပထမဆုံးအကြိမ် အနေဖြင့် လူ့အခွင့်အရေး လုပ်ဆောင်နေသည့် လူမှုကွန်ရက်များ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ နှင့် အမေရိကန် သံအမတ်၊ ဥရောပ သံအမတ်၊ ကနေဒါ သံအမတ် များပါ တက်ရောက်ကြသည်။
ဦးဝင်းမရ က“စားဝတ်နေရေးအတွက် လူ့အခွင့်အရေးကို မတောင်းဆိုတတ်ရင်၊ တောင်းဆိုမှုတွေမရှိဘူးဆိုရင် လူ့အခွင့်အရေးကို ခံစားနိုင်မှာမဟုတ်ပါဘူး။ အရေးကြီးတာကတော့ ပညာဗဟုသုတ ရရှိဖို့ပဲ လိုအပ်ပါတယ်။ အသိအမြင် ကြွယ်ဝတဲ့ ပြည်သူတွေဖြစ်ဖို့အတွက် ပညာပေးဖို့ ဖြစ်ပါတယ်”ဟုလည်း ပြောသည်။
လူ့အခွင့်အရေး အတွက် လုပ်ဆောင်နေသည့် Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က လူ့အခွင့်အရေး အကြောင်း သိရှိစေရန် ပညာပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လူထုအကြေား လူ့အခွင့်အရေး ကောင်းမွန်သိရှိစေရန် ဖျော်ဖြေမှုများလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း ၆၆ ကြိမ်မြောက် လူ့အခွင့်အရေး နေ့တွင် ပြောကြားသည်။
“မြန်မာပြည်မှာ တတိယအကြိမ် မြောက် ကျင်းပတဲ့ပွဲပါ။ ဒါပေမယ့် လူထုကြားထဲ ကျင်းပတာကတော့ ပထမဆုံးအကြိမ်ပါ။ အရင်က ဟိုတယ်တွေ၊ ခန်းမတွေမှာပဲ လူ့အခွင့်အရေး လုပ်ဆောင်နေတဲ့ လူမှုအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖိတ်ခေါ်ပြီးတော့ ဟောပြောပွဲတွေပဲ လုပ်ဆောင်ခဲ့ပါတယ်”ဟုလည်း ဦးအောင်မျိုးမင်းက ပြောဆိုသည်။
ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ခွင့်ပြုချက်ဖြင့် လူ့အခွင့်အရေး ပိုစတာများကို ရန်ကုန်မြို့ လမ်းမများနှင့် လမ်းဆုံများတွင် ကပ်နိုင်ခဲ့ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းကြောင်း လူ့အခွင့်အရေး ဆိုသည့် စကားလုံးကို လူအများ မျက်လုံးထဲတွင် မြင်ပြီး သိကျွမ်းမှုများ ဖြစ်လာမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ဆိုသည် ကြောက်ရွံ့ရန် မဟုတ်သည် ကို လူတိုင်းသိလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့်အခါ အဓိက တာဝန်ရှိသူမှာ အစိုးရပိုင်းဖြစ်ပြီး ချိုးဖောက်မှုကို ပြုပြင်ပေးနှင့် ကုစားပေးရန် အတွက် အစိုးရပိုင်းက လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်သည် အစိုးရ ကဲ့သို့ အာဏာမရှိကြောင်း၊ တိုင်ကြားမှုများ၊ ချိုးဖောက်များကို စနစ်တကျ ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်ကို အကြံပြု၍ အစိုးရ အာဏာပိုင်များကို တင်ပြကြောင်း ဦးဝင်းမရ က ဆိုသည်။
“လူ့အခွင့်အရေးက လူတယောက် တယောက် လူတစု ခံစားဖို့မဟုတ်ပါဘူး။ လူတိုင်း လူတိုင်းခံစားဖို့ နေ့စဉ်ခံစားဖို့ လိုအပ်ပါတယ်” ဟုလည်း ဦးဝင်းမရ က ပြောကြားသည်။
၆၆ကြိမ်မြောက် လူ့အခွင့်အရေး နေ့ အထိမ်းအမှတ်ပွဲတွင် အမျိုးသမီး အခွင့်အရေး၊ ကျား၊ မ တန်းတူညီမျှမှု အခွင့်အရေး၊ LGBT စသည့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ဆိုင်ခန်းများစွာဖွင့်လှစ်ပြီး လာရောက်လည်ပတ်သည့် ဧည့်သည်များကို လူ့အခွင့်အရေး များသိရှိစေရန် ပညာပေးမှုမျိုးများ ပြုလုပ်ကြသည်။
ထို့ပြင် ယင်းပွဲကို အဆိုတော်များစွာလည်း လာရောက် ဖြေဖျော်ခဲ့ကြသည်။
ယခုနှစ်တွင် လူ့အခွင့်အရေး နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၂၅ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက် တာကိုလည်း ပြည်နယ်၊တိုင်း ဒေသကြီး ၁၁ ခုတွင် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၂ရက်နေ့ ကလေး အခွင့်အရေး လှုပ်ရှားမှုကိုလည်း ကျင်းပခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ကိုလည်း ယမန်နေ့က ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ ကုလသမဂ္ဂ က ပြဌာန်းလိုက်သည့် အဓိက လူ့အခွင့်အရေး စာချုပ်စာတမ်း ၉ ခုအနက် မြန်မာနိုင်ငံသည် စာချုပ် ၃ ခု ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်များမှာ ကလေးများ အခွင့်အရေး၊ မသန်စွမ်း အခွင့်အရေး၊ အမျိုးသမီးများ အခွင့်အရေးတို့ ဖြစ် ကြောင်း သိရသည်။