ဘာလဲဟဲ့ "ဘက်စုံ" ဒီမိုကရေစီ

ဒေါက်တာညိုထွန်း

This article has been converted from Zawgyi One to Unicode

ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာရေး (all-inclusive)၊ အင်စတီကျူးရှင်းများကို အခြေခံသော ဒီမိုကရေစီ (institutionalim) တွေဟာ တကယ်ကော ဒီမိုကရေစီ စနစ်ကို အမှန်အကန် ကိုယ်စားပြုနိုင်ပါသလား။ နိုင်ငံရေးသိပ္ဗံပညာရှင် လာရီဒိုင်းမွန်း ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရ အသိသညာကို ကိုယ်လိုချင်သလို ဘယ်လို ချဲ့တွင်ပြီး သုံးသပ်မှု အမှားတွေကို လုပ်ထားပါတယ်။ သူ့အလိုအရ ဒီမိုကရေစီဆိုတာ အနိမ့်ဆုံး စံနုန်းနဲ့တိုင်းလို့ရတယ်၊ ဒါကြောင့် ရွေးကောက်ပွဲရှိရင် ဒီမိုကရေစီပဲတဲ့။ ဒါဟာ အင်မတန် အသုံးမကျသလောက် အန္တရယ်များလှတဲ့ အတွေးအခေါ်ပါပဲ။

လွယ်ကူသလောက် အထင်ရှားဆုံး သာဓကတခုကိုပဲ ပြောမယ်။ ဟစ်တလာဆိုတာ ရွေးကောက်ပွဲ စနစ်နဲ့၊ ရွေးကောက်ပွဲစနစ်တောင်မှ ပီအာစနစ်နဲ့ မဲပေးခံရပြီး တက်လာတဲ့ စစ်အာဏာရှင်ပဲ။ ကျနော် ဆိုလိုချင်တာက ဒီမိုကရေစီ ဆိုတာ “အပေါ်ယံ ဒီမိုကရေစီ အဆောက်အဦ” (democratic institutions) တွေသက်သက်နဲ့တင် ယတိပြတ် ပုံသေဆုံးဖြတ်လို့ရတာ မဟုတ်ဘူး။

အမေရိကန် ပြည်တွင်းစစ်ကာလမှာ သမ္မတကြီး လင်ကွန်းဟာ အခြေခံဥပဒေကိုတောင် ဂရုမစိုက်ဘူး။ အတိုက်အခံထဲက အခြေအမြစ် မရှိဘဲ ဝေဖန်တဲ့ သူကိုတောင် ဖမ်းသင့်တဲ့လူကို ဖမ်းဖို့ ဝရမ်းထုတ်တာပဲ။ ဒါပေမယ့် အဲဒီတုန်းက လင်ကွန်းရဲ့ ဆောင်ရွက်ချက်တွေဟာ ကမ္ဘာ့သမိုင်းတလျှောက်လုံး အကောင်းဆုံး စီမံခန့်ခွဲမှု အရည်အသွေးကို ပြသခဲ့တာ ဖြစ်တယ် လို့ ပီတာဒရပ်ကားက ပြောဆိုခဲ့ဘူး ပါတယ်။ တကယ်က သမ္မတကြီး လင်ကွန်းရဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကာကွယ်နေတာ ဖြစ်တယ်။ လင်ကွန်းရဲ့ နမူနာမှာ ကျနော်တို့ ဘာသင်ခန်းစာ ယူနိုင်သလဲဆိုတော့ ဒီမိုကရေစီဆိုတဲ့ သဘောဟာ ခေါင်းဆောင်တဦးသည် ချင့်ချိန်ဆုံးဖြတ်ပိုင်းဖြတ်နိုင်မှု စွမ်းရည် (judgement) မည်မျှ ရှိသလဲဆိုတာ ပေါ်မှာလည်း မူတည်တဲ့ သဘောမှာ ရှိပါတယ်။

လက်ရှိ ဦးသိန်းစိန်အစိုးရဟာ ဒီမိုကရေစီ ဆိုတာကို ပေါ်ပြူလာ ဒီမိုကရေစီ ဝေါဟာရဖြစ်တဲ့ “အားလုံး ပါဝင်ခွင့် ရရှိရေး” (all-inclusive) ဆိုတာကို အသုံးချပြီး အခြေအနေကို ရှုပ်ထွေးပစ်လိုက်ဖို့ ကြံစည်နေတာကို အထင်အရှား တွေ့ရပါတယ်။ ကျနော် ပြောမယ်၊ ရွေးကောက်ပွဲ ရှိရုံနဲ့ ဒီမိုကရေစီ မဟုတ်ဘူး၊ စုံစီနဖာ လူအများကြီး လူစုံတက်စုံ ပါဝင်လာခြင်း ဆိုတာဟာလည်း ဒီမိုကရေစီ မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ “ရှိတာတွေ” နဲ့ စံသတ်ဆုံးဖြတ်လို့ တလွဲတချော် သုံးသပ်ကောက်ချက်ချမှုတွေ ထွက်လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာသည် ရှိခြင်း (positive) က ပဓာနမကျ ၊ မရှိခြင်း (negative definition) ကသာ ပဓာန ကျပါတယ်။ ဘာမရှိခြင်းလဲဆိုတော့ ပြည်သူလူထုရဲ့ ဘဝကို သူလိုသလို ချုပ်ကိုင်လွှမ်းမိုးနေတဲ့ အစိုးရဆိုးနဲ့ စိုးမိုးအုပ်ချုပ်ထားတဲ့ ယန္တရားဆိုး တရပ် မရှိတော့ခြင်း ဖြစ်ပါတယ်။

ပြည်သူတဦးချင်းဟာ မိမိဘာသာ မိမိ အလိုအလျောက် လွတ်လပ်စွာ တိုးတက် မြင့်မားပိုင်ခွင့် ရှိသော အလိုအလျောက် လူမှုဖြစ်စဉ် (Spontaneous Order) တွေ လူ့ဘောင်မှာ ဖြစ်ထွန်းလာပြီးလျှင် ၎င်းပြည်သူ တဦးချင်းတို့ ကိုယ့်ဘာသာကိုယ် ကိုယ်လိုလားသူတို့ နဲ့အတူ လွတ်လပ်စွာ ပူးပေါင်းပြီး မိမိတို့ သန်ရာသန်ရာ လမ်းကြောင်းကို လျှောက်လမ်းနိုင်ဖို့ လမ်းကြောင်းတွေ ပေါ်လာနိုင်ဖို့ရန် ရယ်ရွယ်ဦးတည်တဲ့ ဥပဒေပြဌာန်းမှုတွေ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ၎င်းဥပဒေ ပြဌာန်းမှုတွေမှာ အရေးကြီးဆုံး တချက်ဟာ သီးသန့် လူတဦး (သို့မဟုတ်) သီးသန့် အုပ်စုတစုက နိုင်ငံရဲ့ စီးပွားရေး အရင်းအမြစ်တွေကို စိတ်ထင်သလို ခြယ်လှယ်ခွင့် (legal looting) အလျဉ်းမရှိစေရန် ရှေ့ကနေ ကြိုတင်အပြီး ကန့်သတ်ချုပ်ခြယ် ထားပစ်လိုက်ရပြီး မည်သည့် ဥပဒေပြဌာန်းမှု မဆိုဟာ လူအုပ်စုတစု၊ လူတန်းစား တရပ်ရဲ့ သီးသန့် အသာစီးကောင်းကျိုးအမြတ်ကို ရယူရန် ဆိုတဲ့ ရည်ရွယ်ချက်စေတနာမျိုး အလျဉ်း မရှိရပါဘူး။

ဗုဒ္ဓရှင်တော်က “စေတနာသာလျှင် ကံတရားဖြစ်သည်ဟု ငါဘုရား ဟောတော်မူ၏”လို့ ဆိုခဲ့တဲ့ သဘောဟာ အလွန် လေးနက်သလို တိကျပါတယ်။ ဗုဒ္ဓရဲ့ ညွှန်ပြမှုကို သည်နေရာမှာ ကျနော်တို့ အသုံးချပြီး ကြည့်မြင်နိုင်တာက ဒီမိုကရက်တစ် အင်စတီကျုးရှင်း (democratic institutions) တွေဟာ လူတန်းစား၊ လူအုပ်စု တရပ်ရဲ့ သီးသန့်ကောင်းကျိုးကို အသာစီးရယူလိုတဲ့ ရည်ရွယ်ချက်စေတနာနဲ့ ဖွဲ့စည်းလာခဲ့မယ်ဆိုရင် မည်သည့် ဒီမိုကရေစီ နာမည်တွေ တပ်ပြီး ခေါ်နေနေ ဒါဟာ ဒီမိုကရေစီ လုံးဝ မဟုတ်ပါဘူး။ ဗမာပြည်အစိုးရဟာ ဘယ်လိုဘဲ “အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး”၊ “ဒီမိုကရေစီ အဆောက်အဦများ ပြုပြင်တိုးတက်ရေး”၊ “အရပ်ဘက် အဖွဲ့အစည်းများ ပေါ်ပေါက်လာရေး” ၊ “အားလုံးပါဝင်ခွင့် ရရှိရေး” ၊ “ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေး” လို့ပဲ နာမည် အလှအပတွေ တပ်နေနေ ၎င်းတို့၏ စေတနာဟာ နိုင်ငံရဲ့ အရင်းအမြစ် (သယံဇာတ) တွေကို ချုပ်ကိုင်ထားတဲ့ သီးသန့် လူအုပ်စုတစုရဲ့ အသာစီးအမြတ်ရယူရေးကို ရည်ရွယ်ထားပြီး လုပ်နေတယ်ဆိုရင် ဒါဟာ ဒီမိုကရေစီ လုံးဝ မဟုတ်ပါဘူး။

ဒီမိုကရေစီဆိုတာ ပြည်သူ “တဦးချင်း” မည်သူမဆို ကနေပြီး အစိုးရဆိုတဲ့ (အာဏာရှိလို့) ဖောက်ပြန်နိုင်တဲ့ လူကို ဘယ်လို ဝိုင်းဝန်းကွပ်ညှပ် ထိန်းချုပ်ထားနိုင်သလဲဆိုတဲ့ (device mechaism) ရှိ မရှိ ပေါ်မှာ အဓိကမူတည် ပါတယ်။ အဲသလို ပြည်သူအားလုံးက ဝိုင်းဝန်း ထိန်းချုပ်နိုင်တဲ့ အစိုးရကိုသာ ဒီမိုကရေစီအစိုးရ အဖြစ် သတ်မှတ်နိုင်ပါတယ်။ အမေရိကန် သမ္မတကြီး လင်ကွန်းက “Democracy is the government of the people, by the people, for the people” ဒီမိုကရေစီသည် ပြည်သူ၏ အစိုးရ၊ ပြည်သူက ကွပ်ကဲထိန်းချုပ် (ကန့်သတ်)ထားတဲ့ အစိုးရ၊ ပြည်သူ့အတွက် အစိုးရသာ ဖြစ်၏” တဲ့။ သည့်ထက်ကောင်းတဲ့ အဓိပ္ဗာယ်သတ်မှတ်ချက် ရှာလို့ မရပါဘူး။

အမေရိကန်အခြေခံဥပဒေကို ရှေ့ဆောင်ရေးဆွဲခဲ့သူ ဂျိမ်းမက်ဒီဆင်ဟာ Federalist (ပြည်ထောင်စုဝါဒရှင်) စာတမ်းတွေကို ရေးသားရင်းနဲ့ပဲ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျုးပါတယ်။ “ဤလောကတခွင်မှာ မဖြစ်တည်ဘူးသော တရားကောင်း တရားမြတ်တို့ဟာ ငါတို့ရဲ့ အမေရိက တိုက်ကြီးမှာ ဖြစ်တည်လာရပါမယ်။ ခေတ်အဆက်ဆက် အစိုးရဆိုတာ ပြည်သူကို ထိန်းချုပ်သူ အဖြစ် နားလည်စွဲမှတ်ခဲ့ရာ ကနေ ယခုအခါမှာ ဒါရဲ့ ပြောင်းပြန် အောက်ခြေပြည်သူလူထုမှ အစ၊ ရပ်ကွက်အစိုးရ နဲ့ ဒေသန္တရ အစိုးရတို့ အလယ်၊ ပြည်နယ်အစိုးရတို့ပါ မကျန် မည်သူမဆိုကနေပြီး ဗဟိုအစိုးရကို ဝိုင်းဝန်းထိန်းချုပ်ထားနိုင်သော အစိုးရကောင်းကြီး တရပ်ဟာ ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်”တဲ့။ ဒါဟာ “အစိုးရကို ဝိုင်းဝန်းကွပ်ညှပ် ထိန်းချုပ်ထားနိုင်မှု” (device mechanism) ဖြစ်ပြီး ယနေ့အချိန်ထိ အမေရိကန်ပြည်ထောင်စုဟာ သည်သဘောတရား ဟန်ချက်ကို အနှစ်သာရပြု ဦးတည်လို့ကာ အစိုးရယန္တရားကို အစိုးရနဲ့တကွ အရပ်ဘက်အဖွဲ့အစည်း အဆင့်ဆင့်က ကွပ်ညှပ်ထိန်းညှိရပါတယ်။

သည်မှာလည်း ဂျိမ်းမက်ဒီဆင်က “ပြည်ထောင်စုဝါဒရှင်” စာတမ်းတွေမှာ အဓိက ညွှန်ပြထားတာက ဒီမိုကရေစီဆိုတာ လူစုံတက်စုံ ပါဝင်ဖို့ သက်သက်ပဲ ဦးတည်ခွင့်ပြုရင် ဒါဟာ confusion (ရှုပ်ထွေးစေရန်) တမင် ရည်ရွယ်လိုရင်း စေတနာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ရူပ်ထွေးကုန်လျှင် ပြည်သူလူထုဟာ ကစဉ့်ကလျား လွင့်စဉ်ကုန်ပြီး (factionalism) ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဆိုတဲ့ ခွန်အားကြီးအစိုးရတရပ်ဟာ ကစဉ့်ကလျား ဖြစ်နေတဲ့ လူ့အဖွဲ့အစည်း အားလုံးကို ချုပ်ကိုင်လွှမ်းမိုးဖို့ ဆိုတဲ့ ဆင်ခြေနဲ့ ရပ်တည်လာလိမ့်မှာ ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီ ဆိုတာကို ဖော်ဆောင်ရင် အရေးကြီးတဲ့ တချက်ဟာ ဤသို့ ပြည်သူလူထုအကြား လူစုံတက်စုံ ပါဝင်မှုကို ခွင့်ပြုခြင်း ဆိုတာကို အသုံးချပြီး ရှုပ်ထွေးအောင်၊ ပြည်သူလူထုအကြား ကစဉ့်ကလျား လွင့်စဉ်မှုတွေကို ဖန်တီးဖော်ဆောင်လို့ မရအောင် တိကျရေရာသော စည်းမျဉ်းတွေနဲ့၊ device mechanism တွေနဲ့ ကြိုတင်စည်းချထားရပါတယ်။

အမေရိကန်မှာ သမ္မတအုပ်ချုပ်ရေးအဖွဲ့ဟာ (သမ္မတရုံး၏ ရုံးသုံးစရိတ် အနည်းအကျဉ်းကလွဲလို့) လွှတ်တော်က ချပေးတဲ့ ဘတ်ဂျက်ပမာဏကိုသာ သုံးစွဲပိုင်ခွင့်ရှိတယ်။ လူများစုက မဲအားနဲ့ လူနည်းစုကို အနိုင်ကျင့်လို့ မရအောင် filibuster လိုဟာမျိုးနဲ့ တင်းတင်းကျပ်ကျပ် စည်းမျဉ်းခံထားရတယ်။ လူနည်းစုဟာလဲ တန်းတူညီမျှ အခွင့်အရေးကို ဖော်ဆောင်ပေးတဲ့ လူများစုရဲ့ မူဝါဒပိုင်းဆိုင်ရာကို (compromise) လက်ခံသဘောတူပေး ရပါတယ်။ သမ္မတအဖွဲ့ဟာ ဒီမိုကရေစီဆိုပြီး ငါလည်း ငါ့အုပ်ချုပ်ရေး အမြင်နဲ့ငါ၊  ကာကွယ်ရေးဝန်ကြီးဌာနကလည်း ငါလည်း ငါ့စစ်ရေး အမြင်နဲ့ငါဆိုပြီး နိုင်ငံရဲ့ အရင်းအမြစ်တွေကို ကစဉ့်ကလျား ကွဲပြားစွာ သုံးစွဲပိုင်ခွင့် မရှိပါဘူး။ နိုင်ငံတော်မူဝါဒတွေကို လူများစု အတွက် ပေါ်လစီက တမျိုး၊ လူနည်းစုအတွက် ပေါ်လစီကတမျိုးဆိုပြီး ကစဉ့်ကလျား လုပ်လို့ မရပါဘူး။

လွတ်လပ်မှုဆိုပြီး တဘက်ဘာသာတရားကို စော်ကား၊ တဘက် ဘာသာဝင်တွေကို အန္တရာယ် ဖြစ်စေလောက်အောင် အပြောအဆို အရေးအသားတွေကို လုပ်လာမယ်ဆိုရင် တရားစွဲဆိုခံရပြီး အပြစ်ရှိတယ်လို့ တွေ့ရင် တရားစီရင်ခံရမှာ ဖြစ်တယ်။ လွတ်လပ်မှုဆိုပြီး လူ့ဘောင်ကို ကစဉ့်ကလျား (confusion) ဖြစ်အောင် အစိုးရတရပ်ဟာ တမင် ဖန်တီးလုပ်လို့ မရပါဘူး။ ဒါရဲ့ ပြောင်းပြန် ပြည်သူလူထုဟာ ဒီမိုကရေစီ ပြည်သူ့အစိုးရ ယန္တရားကို ကစဉ့်ကလျား မဖြစ်သွားရေလေအောင် အဖွဲ့အစည်း အဆင့်ဆင့်က ဝိုင်းဝန်းကွပ်ညှပ် ထိန်းချုပ်ထား ပါတယ်။ သည်လို ပြည်သူက အစိုးရကို မပြိုကွဲသွားအောင် တိကျတဲ့ စည်းမျဉ်းယန္တရားတွေနဲ့ ထိန်းချုပ်တဲ့ သဘောဟာ (unity) စည်းလုံးညီညွတ်မှုပါ။ ဗမာပြည်မှာလိုမျိုး ပြည်သူကို ကစဉ့်ကလျား ဖြစ်သွားမှာ စိုးလို့ဆိုပြီး အစိုးရက ထိန်းချုပ်တာဟာ unity မဟုတ်ပါဘူး၊ အခုဟာက ဗမာပြည် နိုင်ငံရေးလူမှုရေး ဖြစ်အင်တွေဟာ တမင်ကစဉ့်ကလျား ဖြစ်အောင်လုပ်ကာ ဒါမျိုး ကစဉ့်ကလျား မဖြစ်သွားရလေအောင် (ပြည်ထောင်စု မပြိုကွဲရေး အတွက်) ငါတို့ လက်ရှိ အုပ်ချုပ်သူလူတန်းစား (စစ်အာဏာ သဘော)ဟာ နိုင်ငံရေးမှာ အမြဲပါဝင်ဖို့ လိုတယ်လို့ အကြပ်ကိုင်သလို ဖြစ်နေပါတယ်။

အချုပ်အားဖြင့် ဦးသိန်းစိန် ဖော်ဆောင်နေတဲ့ ဒီမိုကရေစီဟာ ဒီမိုကရေစီဟန်ပြ ဖြစ်ပါတယ်။ နေပြည်တော်လို၊ လွှတ်တော်အဆောက်အဦကြီးလို ဆောက် ကိန်းကြီးခန်းကြီး လုပ်နေပြီး စစ်တပ်က ပေးသနားတဲ့ ဒီမိုကရေစီကို ဒါ ဒီမိုကရေစီပဲ လို့ စွဲမှတ်ယူခိုင်း နေတာ ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့သလို ပြည်သူတဦးချင်း မည်သူမဆိုနဲ့ အရပ်ဘက် အဖွဲ့အစည်း အဆင့်ဆင့်က အစိုးရယန္တရားကို ထိန်းချုပ်ကွပ်ညှပ်ခွင့်ကို ဖော်ဆောင်တာမျိုး မတွေ့ရသေးပါဘူး။

ဒါ့ကြောင့် “ပြည်သူက ထိန်းချုပ်ကွပ်ညှပ်နိုင်တဲ့ အစိုးရ”ဆိုတဲ့ အနှစ်သာရ တခုတည်းကိုသာ ဦးတည် ဖော်ဆောင်ပါ။ ဘာမှ “ဘက်စုံ” လုပ်နေစရာ မလိုပါဘူး ။ ဘက်စုံကို လုပ်ဖို့လဲ ကမ္ဘာပေါ်မှာ ဘယ်အစိုးရကမှ အရည်အချင်း မရှိပါဘူး။ ဘက်စုံဆိုတာဟာ အားလုံးကျွမ်းကျင်နေပြီလို့ ကိုယ့်ဘာသာ စိတ်ကြီးဝင်နေတဲ့ လူတစုက နိုင်ငံ့ အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ် ခြယ်လှယ်တာ မဟုတ်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရပြီ ဖြစ်တဲ့ ပြည်သူလူထုကသာ သူတို့ဘာသာသူတို့ နေရာစုံ ကဏ္ဍစုံ ကျွမ်းကျင်မှုအစုံကနေ ကိုယ့်အလုပ်ကိုယ် လုပ်ကိုင်ဆောင်ရွက်မှု (specialized labor) ဖြစ်ပါတယ်။ တကယ့်အနှစ်သာရကို မလုပ်ဘဲနဲ့ အားလုံးပါဝင်ခွင့်တို့၊ ဘက်စုံ ဖော်ဆောင်ဖို့တို့ ဆိုပြီး လုပ်နေတဲ့ စကားတွေဟာ ရည်ရွယ်ချက် စေတနာ မမှန်ကန်ပါဘူး။

(ဒေါက်တာညိုထွန်းသည် Bill and Melinda Gates Foundation၊ ဥရောပ သမဂ္ဂ နှင့် အမေရိကန် နိုင်ငံတကာ ဖွံဖြိုးရေး အစီအစဉ်တို့မှ ကမကထပြုသော ကျန်းမာရေး မူဝါဒဆိုင်ရာ သုတေသန လေ့လာမှု စီမံကိန်း တို့တွင် နိုင်ငံတကာ အကြံပေး ပညာရှင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့တွင် နေထိုင်လျက် ရှိသည်။)

Loading