ဒေါက်တာမောင်မောင်၏ ၈၈ အရေးအခင်း စာအုပ် စာမျက်နှာ ၂၇၆-၂၇၇ တွင်ပါရှိသော မှတ်တမ်းကို ဖော်ပြ လိုပါသည်။ “နိုင်ငံရေးသမားများခင်ဗျာ များသော အားဖြင့် ကျောင်းသားများ၏ ကြိုးဆွဲရာကိုသာကနေခဲ့ကြ ရသည်။ တခါကကျောင်းသားများက နိုင်ငံရေးသမားများအားတွေ့ဆုံဆွေးနွေးပွဲတခုသို့ ဖိတ်ခေါ်ခဲ့ရာ ထို အခမ်းအနားသို့ နှစ်ဦးနှစ်ဖက် စုံညီစွာ တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသူများအား သတင်းသမားများက ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူပြီးသော် ကျောင်းသားများ က နိုင်ငံရေးသမားများကို ထိုအခမ်းအနားမှာပင် ချက်ချင်းလက်ငင်း ကြားဖြတ်အစိုးရတဖွဲ့ ဖွဲ့စည်းကြေညာ ပေးရန် အကျပ်ကိုင် တောင်းဆိုလိုက်ပြီး ဖွဲ့စည်းဖြစ်ပေါ်လာမည့် ယင်းကြားဖြတ်အစိုးရအား ကျောင်းသားတို့ မှ နိုင်ငံတဝန်းလုံးသို့သာမက တကမ္ဘာလုံးသို့ပင် ထုတ်ဖော်အသိပေး ကြေညာမည့်အကြောင်း ပြောကြားခဲ့ ရာ နိုင်ငံရေးသမားတို့မှ ထစ်ငေါ့စွာဖြင့် ဆင်ခြေဆင်လက်များပေးလျက် အမျိုးမျိုးအဖုံဖုံ အကြောင်းပြရှင်း လင်းချက်ထုတ်ကြသလို တဖက်တွင်လည်း ပြန်လည်စဉ်းစား သုံးသပ်နိုင်ဖို့အချိန်ယူရဦးမည်ဆိုကာနောက် ဆုံးမှာတော့ သူရသတ္တိဖြင့် ပြည့်စုံပြီး မှန်ကန်စွာ ဝေဖန်ပိုင်းခြားတတ်သူများ မဟုတ်ကြသည့်အလျှောက် ဆုတ်ခွာထွက်ပြေး ခဲ့ကြလေသည်” ဟု ဒေါက်တာမောင်မောင်က မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
၈၈ ကာလတွင် “အထိုင်” နိုင်ငံရေး စိတ်ကူးယဉ်ခဲ့သည့် သူများအဖို့ အရှက်ရစရာ မှတ်ချက်ဖြစ်သည်။ လမ်းမတော် ဆေးတက္ကသိုလ် ၁ ၌ ကျောင်းသားများနှင့် နိုင်ငံရေးသမားများ တွေ့ဆုံပွဲကို ဒေါက်တာ မောင်မောင် ရည်ညွှန်းဟန်ရှိပါသည်။ အမှန်တကယ် ထိုသို့ပင် ဖြစ်ပျက်ခဲ့ပါသည်။ “အရွေ့” တာဝန် ကျေပွန်ခဲ့သော ပြည်သူများ၏ ပါရမီဖြည့်မှု အထောက်အပံ့ကို ထိုက်သူများကတော့ ၈၈ ပါတီစုံ ခေတ်အပြောင်းတွင် ဘဝပါပြောင်းလောက်အောင် ခံစား၊ စံစားခွင့်များ ကြုံခဲ့ရခဲ့ကြပြီ ဖြစ်ပါသည်။
ဤကဲ့သို့ဖြစ်ခဲ့ရခြင်းမှာ အရည်အချင်း ချို့ယွင်းသော နိုင်ငံရေးခေါင်းဆောင်များကို စာရေးသူတို့ ပြည်သူများ က အရွေးမှား၍ ဖြစ်ရသည်ဟု စာရေးသူ မှတ်ယူပါသည်။ စာရေးသူတို့ အခြေခံပြည်သူများက မဆလ အစိုးရ ပြုတ်ကျအောင် တိုက်ပွဲဝင်နေစဉ် အထိုင် နိုင်ငံရေးသမားများသည် ရန်သူမဆလဂိုဏ်းက ဘာတွေ အတွင်း ကျိတ်ကြံစည်နေကြသည်ကို မစဉ်းစားဘဲ သူ့ထက်ငါ စင်ပေါ်တက်နိုင်ရေးကိုသာ ကြိုးစားခဲ့ကြသည်မှာ ယနေ့ တိုင်ဖြစ်ပါသည်။
ဗကသ၊ မကသ၊ တကသ၊ ရကသ၊ အထက်ဗ၊ အောက်ဗ၊ အလယ်ဗ၊ ၆၂၊ ၇၄၊ ၈၈၊ ကလေးအဖေ ဘွဲ့ရ စသည် စသည် ဗိုလ်တထောင်၊ တပည့်မရှိအဖွဲ့များ အသီးသီးပေါ်ထွက်ခဲ့ရသည့် အဖြစ်များသည်လည်း အမှန်တကယ်ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။ ပြည်တွင်းခေါင်းဆောင်၊ ပြည်ပအဝေးရောက် ခေါင်းဆောင်၊ အဝေးရောက် ခေါင်းဆောင်နေရာ ယာယီခွဲတမ်းယူ ခေါင်းဆောင်ဆိုသည်များလည်း ပေါ်ခဲ့ကြသည် မဟုတ်ပါလား။
တနည်းအားဖြင့် မြန်မာနိုင်ငံ၌ အာဏာရှင်စနစ် သက်ဆိုးရှည်ရသည့် အကြောင်းတရားများတွင် စာရေးသူတို့ မြန်မာနိုင်ငံသား အများစု၏ အချောင်သမား မင်းလောင်းမျှော် စိတ်ဓာတ်ကပင် စာရေးသူတို့ ပြည်သူများ၏ ဘဝနှင့် ယုံကြည်မှုကို ပျက်ယွင်းစေခဲ့ခြင်းဖြစ်သည်ဟု ဆိုရပါတော့မည်။
၈၈ ဒီမိုကရေစီ တိုက်ပွဲဝင် ပြည်သူတို့၏ ပါရမီအထောက်အပံ့ကို ရရှိသောကြောင့်သာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် နဝတ၊ နအဖ ဗိုလ်ချုပ်များ ဘဝအခြေအနေ တိုးတက်ပြောင်းလဲ သွားခဲ့ရခြင်း ဖြစ် သည်ကို မဆလ တပါတီ အထက်အမိန့်ပေး စနစ်အောက်တွင်နေခဲ့ရသော အဆိုပါ စစ်တပ်အရာရှိများ အသိဆုံးဖြစ်ပါသည်။
ဒုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်သန်းရွှေဆိုလျှင် ၈၈ ဒီမိုကရေစီ အရေးတော်ပုံသာ မပေါ်ပေါက်ပါက ကျန်း မာရေး အကြောင်းပြချက်ဖြင့် ဆေးပင်စင်သွားရန် မဆလခေါင်းဆောင်ပိုင်းက ညွှန်ကြားထားခြင်းခံရသူဟု တပ်မတော် စစ်ဆေးရုံ အသိုင်းအဝိုင်း၌ သတင်းထွက်ခဲ့သူ ဖြစ်ပါသည်။
မိမိအတိတ်ဘုန်းကံကြောင့် နိုင်ငံအကြီးအကဲ ဖြစ်ရမည့် ကံပါသော်လည်း ဆိုင်ရာဆိုင်ရာ ပါရမီဖြည့်ဖက် များရှိမှ ရေကန်အသင့် ကြာအသင့်ဖြစ်ချိန် ရောက်ရသည်ကို သတိပြုဖို့တော့ လိုပါသည်။ အလားတူပင် နဝတ၊ နအဖ အနွယ်ဝင် စစ်ခေါင်းဆောင်များသည် မဆလ အာဏာရှင်ကို ဖြိုချခဲ့သည့် ၈၈ ဒီမိုကရေစီ တိုက်ပွဲဝင် ပြည်သူများ၏ ကျေးဇူးတရားကို ထောက်ထားဖို့လိုအပ်ပေသည်။
၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး၏ အတွင်းသရုပ်ကို မှန်မှန်ကန်ကန် သိမြင်မှသာ မဆလအာဏာ ရှင် လက်အောက်မှ ပြည်သူကယ်တင်ခဲ့ရသော တပ်မတော်လား၊ တပ်မတော်ကသာ ၈၈ တိုင်းဆူပြည် ဖျက် များရန်မှ တိုင်းပြည်ကို ကယ်တင်ခဲ့ရတာလား ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်မည် ဖြစ်ပါသည်။
ဤနေရာတွင် “ဘူးလက်လှဆွေ ဆိုသော တပ်မတော်သားဟောင်း ကြံ့ခိုင်ရေးအမတ် တယောက်က “ထောက်လှမ်းရေးများကြောင့် တပ်မတော် နာမည်ပျက်ရသည်” ဟူသော သတင်းမှတ်ချက်တခုကို လည်းကောင်း၊ စစ်ထောက်လှမ်းရေးဟောင်းများကလည်း ဘူးလက်လှဆွေအား မကျေမနပ် ပြန်လှန်ဝေဖန် စာ အချို့ကိုလည်းကောင်း စာရေးသူ မကြာခင်က အင်တာနက်နှင့် စာနယ်ဇင်းအချို့တွင် ဖတ်ရှုသိရှိခဲ့ ရပါသည်။
သာမန်တိုက်ခိုက်ရေး တပ်မတော်သားဘဝမှာ ရိုးရှင်းပါသည်။ အထက်အမိန့်ပေး စနစ်အရ တက်ဆို တက်၊ ဆုတ်ဆို ဆုတ်၊ ပစ်ဆို ပစ်ရန်သာ ရှိသည်။ အာဏာရှင်လက်အောက်မှ အခွင့်ထူးခံ စစ်ထောက်လှမ်းရေးများ ဘဝမှာ မရိုးရှင်းပါ။
ဥပဒေနှင့် ဆန့်ကျင်သောအလုပ်၊ ပြည်သူတွင်း၌ အဖျက်အမှောင့်လုပ်ရမည့် အလုပ်တို့ကို သိလျက်နှင့် အထက်ကခိုင်းလျှင် လုပ်ရပါသည်။ တပ်မတော်နှင့် ပြည်သူ အထင်မှားအမြင်မှား ဖြစ်စေသော အလုပ်ကိုပင် ခိုင်းလျှင်လုပ်ကြရပါသည်။
ပြည်သူကတော့ စစ်ယူနီ ဖောင်းဝတ်ထားလျှင် စစ်သားဟုသာ မြင်သည်။ စစ်ထောက်လှမ်းရေးနှင့် တိုက်ခိုက် ရေး စစ်သားဟူ၍ ခွဲခြားမမြင်တတ်ပါ။ ထိုအကြောင်းကို ကောင်းကောင်းသိသော ဘူးလက်လှဆွေက စစ် ထောက်လှမ်းရေးများ ကျူးလွန်ခဲ့သည့် ပြည်သူက တပ်မတော်အပေါ် အထင်မှားစေသည့် လုပ်ရပ်များကို မကျေနပ်၍ ဝေဖန်ခဲ့ခြင်း ဖြစ်ဟန်ရှိပါသည်။
၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးအား တိုင်းဆူပြည်ဖျက်လုပ်ရပ်ဟု နာမည်ဖျက်ရန် ဩဂုတ်လ ၂၆ ရက် အင်းစိန်ထောင် ဆူပူမှုနှင့် မြန်မာနိုင်ငံတွင်းရှိ အခြားအကျဉ်းထောင်၊ အချုပ်ထောင်၊ ရဲဘက်စခန်းများ ဖွင့် ဖောက်သည့်လုပ်ရပ်ကို ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်းရေးများက အဓိက ဦးဆောင်လှုံ့ဆော် လှုပ်ရှားခဲ့ပြီး၊ ၎င်းတို့ကိုယ်တိုင် ထောင်ဖွင့်ပေးခဲ့သည့် လုပ်ရပ်ကို ပြည်သူအများစုကတော့ စစ်တပ်က လုပ်သည်ဟုသာ မြင်ကြပေသည်။
တိုက်ခိုက်ရေးတပ်သား အများစုမှာ ယင်းကိစ္စကို မသိကြ၊ သူတို့မကျူးလွန်ရဘဲ သူတို့စစ်တပ်အား ဘာ ကြောင့် ပုတ်ခတ်ရသလဲဟု ပြည်သူများအပေါ် မကျေမနပ် ခွန်းတုံ့ပြန်ကြ၏။ စစ်ထောက်လှမ်းရေး ဝါဒဖြန့် အဖွဲ့ကလည်း နှစ်ဖက်မခံချင်အောင် အရေးအသားများဖြင့် အာဏာရှင် သက်ဆိုးရှည်အောင် အခါအခွင့်သင့်တိုင်း ခလောက်ဆန်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။
ဤနေရာတွင် ရိုးရှင်းသော တပ်မတော်သား ဘဝတွင် အထက်အမိန့်ပေးမှုကို မလွဲမသွေ တာဝန် ထမ်း ဆောင်ရသည့် တပ်မတော်သား အားလုံးအတွက် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ အဖြစ်ကို အနီးဆုံး သင်ခန်း စာယူသင့်ပါသည်။
ခြေလွန်လက်လွန်ပြစ်မှုများ ကျူးလွန်ထားသည့် မဆလ တပါတီအာဏာရှင် အစိုးရတာဝန်ကို ဦးနေဝင်းက ဗိုလ်ချုပ်ကြီး စောမောင်အား အမိန့်ပေးလွှဲပြောင်း တာဝန်ယူခိုင်းခဲ့သည့် ဖြစ်စဉ်ကို ဗိုလ်ခင်ညွန့်၏ မိန့်ခွန်းတွင် တွေ့ရှိနိုင်ပါသည်။
ဗိုလ်ချုပ်ကြီးစောမောင်က သူ့အား ဦးနေဝင်းမှ အစိုးရ လုပ်ခိုင်းသည်ကို သူကမလုပ်တတ်ပါဟု ငြင်းပါသည်။ ဦးနေဝင်းက ဒီကောင်တွေ၊ ဒီကောင်တွေကို မေးပြီး လုပ်ပါဟု ဆက်လက်အမိန့်ပေး ခိုင်းစေသဖြင့် မြန်မာနိုင် ငံကို ကယ်တင်ခဲ့ဖူးသည့် ကျန်စစ်သား မင်းကြီးပမာ၊ မဆလ CEC ထဲမှ တဦးတည်း ကျန်ရှိ ပေါ်ထွက်လာသူ အဖြစ် မဆလဂိုဏ်း မြှောက်ပင့်ချက်ဖြင့် ဗိုလ်စောမောင်တယောက် စစ်အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်လာ ခဲ့ရခြင်း ဖြစ်ပါသည်။
“I Saved Burma” ဟု ကြွေးကြော်ရင်း အာဏာရယူခဲ့သော ဗိုလ်ချုပ်ကြီးသည် မင်းစည်းစိမ်အာဏာဖြင့် အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်လာရသော်လည်း မဆလ အစိုးရဟောင်း၏ ရှင်းမရသော အရှုပ်ထုပ်များ သူ့လည်ပင်း ကြိုးကွင်းစွပ်သလို ပါလာသည်ကို ဗိုလ်စောမောင် ဂဃနဏ သိပုံမရပါ။
ထို့အတူ ကျောင်းပညာ ရှစ်တန်းအထိသာ သင်ယူခဲ့ရပြီး “ရဲညွှန့်” ကလေးစစ်သားဘဝမှ ဦးနေဝင်း မြှောက် စား၍ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာရသူ ဗိုလ်စောမောင်အတွက် တန်ပြန်သပိတ် ဖြိုခွဲရေးကော် မတီ၏ တိုင်းဆူပြည်ဖျက် အမည်ခံ ခြေလွန်လက်လွန် ရာဇဝတ်မှုများကြောင့် သူ့လက်ထဲရောက်လာသော အာဏာ ကို ပြန်စွန့်လို့မရသည်ကို လည်းကောင်း၊ သူ့ဆန္ဒအလျောက် တပ်စခန်းသို့ ပြန်သွားခွင့် မရှိတော့သည်ကို လည်းကောင်း ဗိုလ်စောမောင် သိရှိ ချင့်တွက်နိုင်ခြင်းမရှိခဲ့။
ထို့ကြောင့် ရွေးကောက်ပွဲပြီးလျှင် သူနှင့် သူ့စစ်တပ် စစ်တန်းလျားပြန်မည်ဟု လူထုရှေ့၌ ခပ်လွယ်လွယ် ပြောခဲ့ခြင်းဖြစ်သည်။
စာရေးသူသည် ဒေါက်တာမောင်မောင် အစိုးရ တရားလက်မဲ့ အကျဉ်းထောင်များ ဖွင့်ဖောက်ပေးခဲ့သည့် သတင်းမှားအား ဩဂုတ်လ ၂၆ ရက်တွင် ဘီဘီစီသို့ ခရစ္စတိုဖာဂန်းနက် အမည်ဖြင့် သတင်းပေးခဲ့မိပြီး နောက် ရှင်းချက်မထုတ်တော့ဘဲ အဆိုပါသတင်းကို မဆလဂိုဏ်းသားများ ကစားကွက်ဆုံးအောင် ကစားပုံ ကို စောင့်ကြည့်သည့် အလုပ်ကိုသာ လုပ်ခဲ့ပါသည်။ ယင်းသတင်း နောက်ဆက်တွဲ အကျိုးဆက်များကို ဘီဘီစီသို့မပို့ဘဲ နေခဲ့ပါသည်။
စာရေးသူသည် ထောင်ဖွင့်လွှတ်ပေးခဲ့သည့် အမှုများကိစ္စကို တက်လာသည့်အစိုးရ မည်သို့အဆုံးသတ်မည်၊ မည်သည့်အခါ မဆလဂိုဏ်း၏ ကစားကွက် အဆုံးသတ်သည်ကို စောင့်ကြည့်ပြီးမှသာ ယင်းသတင်းအဖြစ် မှန် နိဂုံးချုပ်ကို ပြည်သူသို့ အပိုင်တင်ပြမည်ဟု ဆုံးဖြတ်၍ အေးအေးဆေးဆေး စောင့်နေခဲ့သူဖြစ်ပါသည်။
စာရေးသူသည် ရှေ့နေဖြစ်သဖြင့် အင်းစိန်ထောင်အတွင်း၌ ပြစ်မှု မူလမှု၊ ပြစ်မှုအယူခံမှု၊ ပြစ်မှုပြင်ဆင်မှုဖြင့် အမှုရင်ဆိုင်နေရသူများ ရှိသည်ကို ပိုင်ပိုင်နိုင်နိုင် သိထားသူဖြစ်ပါသည်။
၎င်းတို့၏ အမှုတွဲများ တရားရုံးအသီးသီးတွင် ရှိနေသည်ကို လည်းကောင်း၊ တရားရုံးအမှုတွဲ မှတ်တမ်းတွင် ၎င်းပုဂ္ဂိုလ်များ ထောင်ထဲရှိသူအဖြစ် မှတ်တမ်းဝင်ထားပြီး ဖြစ်သည်ကို လည်ကောင်း၊ အပိုင်သိရှိထားပြီး ဖြစ်ရာ ထောင်ထဲ၌ မရှိတော့သော အမှုသည်များနှင့် ပတ်သက်၍ မဆလဂိုဏ်းဆရာကြီးက တရားရုံးမှတ် တမ်းတွင် မည်သို့ စာရင်းချုပ်မည်ကို စာရေးသူ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါသည်။
နဝတအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင် အမိန့်နှင့် ၁၉၊ ၇၊ ၈၉ နေ့တွင် နဝတ၏ အမိန့်ကြေညာစာ အမှတ် ၄/၈၉ ထွက်ရှိလာသောအခါ မဆလဂိုဏ်းသည် သူတို့ကျူးလွန်ခဲ့သော နိုင်ငံတော် သစ္စာဖောက်မှု များအား အစိုးရမလုပ်တတ်သောကြောင့် အာဏာသိမ်း စစ်အစိုးရခေါင်း ဆောင်လုပ်ရန် ငြင်းဆိုခဲ့သူ ဗိုလ်ချုပ်ကြီးအပေါ် ပုံချလိုက်ပြီကို စာရေးသူက သိရှိလိုက်ပါသည်။
တိုက်ခိုက်ရေးသမား ဗိုလ်ချုပ်မှူးကြီးသည် သူထုတ်ပြန်လိုက်သောအမိန့်၏ အတိမ်အနက်ကို သိပုံမရပါ။ တရားရုံးများ၊ ထောင်များတွင် စာရင်းသာရှိပြီး လူ မရှိသည့်အဖြစ်အား လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် စာရင်းပိတ်လက်ကျန်ကို ရှင်းပေးခဲ့ပြီး လွတ်ငြိမ်းခွင့် ပေးခြင်းခံရသူများအား မကျေနပ်သူရှိပါက အမှုဖွင့် တိုင်ကြားနိုင်ပါသည်၊ အမှုဖွင့်ခံရသူများကို အစိုးရက ပြန်လည်ဖမ်းဆီး အရေးယူပေးပါမည်ဟု ဆိုပါသည်။
အဖြစ်မှန်ကို ဖော်ထုတ်တင်ပြရမည်ဆိုလျှင် မဆလခေတ်တွင် တရားရေးဝန်ထမ်းများ ဘဝမှ နဝတ၊ နအဖ ခေတ်တွင် တရားသူကြီးဖြစ်လာသူ ဦးအောင်တိုး၏ တရားရေးဝန်ထမ်း အဖွဲ့သားများသည် ဒေါက်တာမောင် မောင် သမ္မတအဖြစ် အုပ်ချုပ်စဉ်ကပင် အကျဉ်းထောင်များမှ အကျဉ်းသားများ တရားလက်မဲ့ လွှတ်ပေးခဲ့ပြီး ဖြစ်သည်ကို သိရှိထားပြီး ဖြစ်ကြပါသည်။
၄/၈၉ အမိန့်အရ တရားရုံး အမှုတွဲများတွင် မှတ်တမ်းဝင်နေသော ထောင်ထဲမှတရားခံ စာရင်းကို ဖျက်ပေးရ သည့်အလုပ်အား တရားရေး ဝန်ထမ်းများသည် လုပ်ပေးခဲ့ရသူများ ဖြစ်သည်။ နှုတ်ပိတ်ခအဖြစ် တရားရေး ဝန်ထမ်းတဖြစ်လဲ တရားသူကြီးများအား နဝတ၊ နအဖခေတ် တလျှောက်လုံး ဗိုလ်ခင်ညွန့်တို့အဖွဲ့မှ မည် သည့်ဆုလာဒ် အခွင့်အရေး ပေးခဲ့ရသည်၊ မပေးခဲ့ရသည်ကို သက်ဆိုင်သူများသာ သိနိုင်ပါမည်။
မည်သို့ဆိုစေ ဒေါက်တာမောင်မောင်၏ မဆလ အစိုးရ ယုတ်မာကောက်ကျစ်စွာ ပြည်သူအပေါ် ကျူးလွန်ခဲ့ သည့် သစ္စာဖောက်မှုကြီးအား တပ်မတော် အစိုးရအပေါ် ရက်ရက်စက်စက် ချနင်းအသုံးချခဲ့သည်ကို စာရေး သူ တွေ့ရှိလိုက်သည့်အခါ ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ဘဝနှင့် အနာဂတ်သည် လည်းကောင်း၊ နဝတ သည်လည်းကောင်း မဆလဆရာကြီးများ လက်ထဲ၌သာရှိသည်။ ဆရာကြီးအလိုကျ မကတတ်သော ဗိုလ်စောမောင်၏ အနာဂတ်သည် မကောင်းနိုင်တော့ကြောင်း၊ ၄/၈၉ အမိန့်ထုတ်သည့် အချိန်ကပင် စာရေးသူက ကောက်ချက်ထုတ်ခဲ့ပါသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရသူအား နိုင်ငံတော်အာဏာ လွှဲအပ်ပြီးနောက် မိမိတို့တပ်မတော်က တပ်စ ခန်းပြန်မည်ဟု ရိုးရှင်းစွာပြောခဲ့သူ ဗိုလ်ချုပ်မှူးကြီးသည် တပ်စခန်းပြန်ခွင့် မရနိုင်တော့ဘဲ မူမမှန်သော စိတ်ဝေဒနာ ခံစားရသူအဖြစ် ဗိုလ်ခင်ညွန့်တို့ အဖွဲ့မှသတ်မှတ်ကာ ရာထူးမှအဓမ္မဖယ်ရှား အငြိမ်းစားပေးမှုကို ခံလိုက်ရရှာသည်။
မဆလဂိုဏ်းဆရာကြီး ဦးနေဝင်း၏ လမ်းညွှန်အတည်ပြုချက်ဖြင့် ဗိုလ်ခင်ညွန့်အဖွဲ့မှ ဗိုလ်ချုပ်မှူးကြီး၏ သေနတ်တွင်းမှ ကျည်ဆန်အစစ်များကို အတုများနှင့် အစားထိုးလဲလှယ်မှု ကြိုတင်ပြုလုပ်ပြီး ဗိုလ်ချုပ်မှူးကြီး အား နဝတခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခဲ့ရသည့်အဖြစ်ကို ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်ရေး နှစ် ၅၀ ကျော် ကိုယ်တွေ့များ၊ စတုတ္ထတွဲ အခန်း ၈၃ ကိုသာ ဖတ်ကြည့်ကြပါရန် ရည်ညွှန်းလိုပါသည်။
ဗိုလ်ချုပ်မှူးကြီး စောမောင် ရာထူးဖယ်ရှားခံရ သည့်အချိန်အထိ ဦးနေဝင်းနှင့် ဗိုလ်ခင်ညွန့်တို့၏ စနက် မကင်းသည်ကို သိရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်းကိုယ်တိုင် “ဒုတိယ ဗိုလ်စောမောင်” ဘဝ မရောက်စေရန် လက်ဦးမှုယူ၍ ဦးနေဝင်းနှင့် ဗိုလ်ခင်ညွန့်အုပ်စုကို ဖယ်ရှားမှုပြုခဲ့ရသည်ကို စာဖတ်သူများနှင့် တပ်မတော်သားများ သိရှိနိုင်လောက်ပြီဟု စာရေးသူ ထင်မြင်ပါသည်။
မြန်မာနိုင်ငံကြီးကို ၈၈ အရေးအခင်း ချောက်ကမ်းပါးအတွင်းမှ ကယ်တင်လိုက်သူဟု မိမိကိုယ်မိမိ ကြွေး ကြော်ခဲ့သော I Saved Burma ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၂၃-၄-၉၂ တွင် ဦးနေဝင်း လမ်းညွှန်ချက် ဖြင့် ဗိုလ်ခင်ညွန့်တို့က လျှို့ဝှက်အာဏာသိမ်းခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
ဗိုလ်ခင်ညွန့်တို့ လက်ထဲတွင် ၅ နှစ်ခန့် မထင်မရှား နေခဲ့ရပြီး ၂၄-၇-၉၇ နေ့တွင် ကွယ်လွန်ကြောင်း နာရေး ကြော်ငြာကို ၂၅၊ ၇၊ ၉၇ နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အမျိုးသားရေးကို ဘယ်တော့မှသစ္စာ မဖောက်ဘူးဟု ကြွေးကြော်လေ့ရှိသော စစ်ခေါင်းဆောင်များ၏ ထုံးစံအတိုင်း မြန်မာအမျိုးသားထုကြား ထဲ၌ မထင်မရှားသတင်းဖြင့် ဘဝနိဂုံးချုပ်ခဲ့ရကြောင်း တွေ့ရှိရပါသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဦးနေဝင်း၏ အာဏာစက်မှ ရုန်းထွက်ခဲ့သော်လည်း စစ်တပ်ကို လိုသလို အသုံးချ၍ အုပ်ချုပ်ပုံစနစ်မှာ ဦးနေဝင်းထက်ပင် ဆိုးနိုင်သည်ဟု ခန့်မှန်းရသည်။ စာရေးသူတို့ ပြည်သူအများ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ပို၍သိရှိနိုင်ရန် နဝတ၊ နအဖ စစ်ဗိုလ်ချုပ်ဟောင်းများ ကိုယ်တိုင် မကြာမီ ထုတ်ဖော်ပြောကြားလာဖွယ် ရှိပါသည်။
သို့ပါ၍ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း မဆလအစိုးရ ခေါင်းဆောင်များနှင့် ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးအဖွဲ့ ကျူးလွန်ခဲ့သော နိုင်ငံတော် သစ္စာဖောက်မှု၊ စစ်ရာဇဝတ်မှုများကို အပြစ်မဲ့ ပြည်သူများအပေါ် တရားခံအဖြစ် လုပ်ကြံဖန်တီးခဲ့ပြီး ပြည်သူတို့၏ ရိုးသားသော ဒီမိုကရေစီ တောင်းဆိုပွဲကို တိုင်းဆူပြည်ဖျက်တို့၏ အဓမ္မလုပ်ရပ်များအဖြစ် ယနေ့ထက်တိုင် လက်ရှိအစိုးရ၏ ဝါဒဖြန့်ယန္တရားများက အဖြစ်မှန်ကိုမသိ (သိလျက်နှင့် မသိချင်ယောင်ဆောင်သည်လည်း ဖြစ်နိုင်ပါသည်) တရားခံ အစစ်အမှန်ကို မဖော်ထုတ်ဘဲ လွဲမှားစွာ ရေးသားထုတ်လွှင့်မှု ပြုနေဦးမည်ဆိုလျှင် မဆလဂိုဏ်းနှင့် ဗိုလ်ခင်ညွန့် ထောက်လှမ်းရေးအုပ်စု ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို လက်ရှိအစိုးရသည် ထိန်ချန်ဖုံးဖိသူများအဖြစ် ဆက်လက်ပါဝင် ပတ်သက်ငြိစွန်းသူများ ဖြစ်လာနိုင်ပါသည်။
မဆလအစိုးရ အုပ်ချုပ်သော ၁၉၈၈ ခုနှစ် ဩဂုတ်လမှ စတင်ခဲ့သော စစ်ရာဇဝတ်မှုသည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၅ ကို အကြောင်းပြု၍ အကာအကွယ်ယူခွင့် မရှိသည်ကို မဆလဂိုဏ်းနှင့် ၎င်းတို့၏ ခိုင်းစေချက်အရ လုပ်ဆောင်ခဲ့ရသော စစ်ထောက်လှမ်းရေးများ သတိပြုသင့်ပါသည်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း ပေါ်ပေါက်ခဲ့သည့် ဦးနေဝင်း ဦးဆောင်သည့် တန်ပြန်သပိတ် ဖြိုခွဲရေး ကော်မတီ၏ ခိုင်းစေမှုကြောင့် နိုင်ငံတော် သစ္စာဖောက်မှု၊ စစ်ရာဇဝတ်မှုများကို ကျူးလွန်ရပါကြောင်း ဝန်ခံထွက်ဆိုသူ မရှိလျှင် ဥပဒေအရ ဦးနေဝင်းတွင် တာဝန်ရှိမည် မဟုတ်ပါ။ ကွယ်လွန်သူ သမ္မတ ဒေါက်တာမောင်မောင် အစိုးရအဖွဲ့နှင့် ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးအဖွဲ့ဝင် များသည်သာ ဥပဒေအရ တာဝန်ရှိမည်ဖြစ်ပါသည်။
အင်းစိန်ထောင်အတွင်း ကာယကံမြောက် ဝင်ရောက်၍ အဖျက်အမှောင့် ထောင်ဆူသည့် လုပ်ရပ်တွင် ပါဝင်ကျူးလွန်ခဲ့သော အမှတ် ၆ ထောက်လှမ်းရေး အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသားများ၏ မျက်နှာ၊ ရိုးသားသော တပ်မတော်သားများ၏ မျက်နှာကို ထောက်ထား၍ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်သစ်များ နောက်ထပ် ပေါ်ထွက်မလာစေရန် ရည်သန်ပြီး မိမိတို့ကျူးလွန်ခဲ့ရသည့် အဖျက်အမှောင့် လုပ်ရပ်များ အကြောင်းကို ထုတ်ဖော်ဝန်ခံကြပါရန် စာရေးသူက အနူးအညွတ် တောင်းခံအပ်ပါသည်။
ဗိုလ်ခင်ညွန့်၏ စစ်ထောက်လှမ်းရေး ဂိုဏ်းအဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အတွက် ပြည်သူများနှင့် လက်တွဲ၍ အဖြစ်မှန်ကို ထုတ်ဖော်ဝန်ခံမည်လား။ သို့မဟုတ် ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း အဖျက်အမှောင့် လုပ်ရပ်များကို မိမိတို့မကျူးလွန်ကြောင်း ငြင်းဆိုကြမည်လား ဆိုသော အချက် ၂ ရပ်နှင့် ပတ်သက်၍ ယနေ့ အဆုံးအဖြတ်ပေးရန်အချိန်ကို ရောက်နေပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နောက်ထပ် စစ်အာဏာရှင် ပေါ်ထွက်မလာစေရန် မိမိတို့ ကျူးလွန်ခဲ့မိသော အမှားများကို ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ဝန်ခံသော ထောက်လှမ်းရေးများကိုလည်း စာရေးသူတို့ ပြည်သူအများက သဘောထားကြီးစွာ နားလည်ခွင့်လွှတ် လက်ကမ်းကြိုဆိုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗိုလ်ခင်ညွန့်၏ အဖွဲ့သည် ပြည်သူဘက်သို့ အမှန်တကယ် ကူးပြောင်းကြမည်ဆိုလျှင် အမှန်တကယ် ကြို ဆိုသင့်သောအဖွဲ့ဟု စာရေးသူက မြင်ပါသည်။ ဤသို့ ရိုးသားပွင့်လင်းစွာ ပြောဆိုဝန်ခံပြီး နားလည်ခွင့် လွှတ်သော စိတ်ဓာတ်များဖြင့်သာလျှင် ယနေ့ အမှန်တကယ် လိုအပ်နေသော စစ်မှန်သည့် အမျိုးသားပြန် လည် သွေးစည်းညီညွတ်မှုကို ထူထောင်နိုင်မည်ဖြစ်ပါသည်။
အတိတ်က အဖြစ်မှန်ကို ဖော်ထုတ်ဝန်ခံ သင်ခန်းစာမယူဘဲ သင်ပုန်းချေ၍ မရပါ။ အမှန်က အမှား၊ အမှားက အမှန်၊ ငါက တသိန်း နင်က တကျပ်၊ အတူတူအနူနူ ဇာတ်သိမ်းကြပါစို့လို့တော့ ပြော၍မဖြစ်ပါဟု တင်ပြရင်း ဤနေရာတွင် အပတ်စဉ်တင်ပြနေသော ကျနော့်ဆောင်းပါးကို အဆုံးသတ်လိုက်ပါသည်။