Environment

နန်းလာ (သို့မဟုတ်) ရှမ်းရိုးမရဲ့ သမီးပျို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

“ကျမတို့က လယ်ကွင်းထဲမှာ အလုပ်လုပ်တဲ့ လယ်သမားအသိုင်းအဝိုင်းပါ” ဟု သန့်ရှင်းသပ်ရပ်သော ရှမ်းဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးက ပြောသည်။ ခပ်တိုးတိုးပြောခြင်း ဖြစ်သောလည်း စကားသံက ရှင်းလင်းသဲကွဲသည်။  “ဒါမှ မရှိရင် ကျမတို့မှာ ဝင်ငွေမရှိဘူး။ ကျမတို့မှာ တခြား ဘာမှ မရှိဘူး”

သူ၏ အသက် ၃၁ နှစ်အတွင်းတွင် သိရှိခဲ့သော အသိပညာကြောင့် နန်းလာ (နန်းကောင်တစ် ဟုလည်းသိကြသည်) အနေဖြင့် သူ့အသိုင်းအဝိုင်း၏ အကျပ်အတည်းများဝင် ပါဝင်ပတ်သက်ခဲ့ရသည်။ ၂၀၀၇ ခုနှစ်မှ စ၍ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ် နားဟိုင်းလုံ ကျေးရွာအနီးမှ လွိုင်ခမ်းတောင်ကုန်းများတွင် ကုမ္ပဏီ အမြောက်အများက ရွှေစတင်ပြီး တူးဖော်ခဲ့ကြသည်။

ကုမ္ပဏီများက တောင်ကုန်းများကို တူးပြီး ရွှေထုတ်ယူရန်အတွက် ဆိုင်ယာနိုတ်ကို ပမာဏ ကြီးမားစွာ အသုံးပြုခဲ့ကြပြီး တူးဖော်ရေးလုပ်ငန်းမှ စွန့်ပစ် ပစ္စည်းများကိုလည်း ကျေးရွာပြည်သူများအတွက် အဓိက ရေ အရင်း အမြစ်ဖြစ်သည့် နမ့်ခမ်း ချောင်းအတွင်းသို့ စွန့်ပစ်ခဲ့ကြသည့်အတွက် လယ်မြေဧက ၃၀၀ ကျော် စိုက်ပျိုး၍ မရတော့ဘဲ အိမ်ထောင်စုပေါင်း ၉၀ ကျော်၏ ဝင်ငွေလည်း ထိခိုက်ခဲ့ရသည်။

အစပိုင်းတွင် ကျေးရွာနေပြည်သူများက သူတို့၏ စိုရိမ်ပူပန်မှုများကို ကုမ္ပဏီများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များကို ပြောပြခဲ့ပြီးနောက်ပိုင်း လျော်ကြေးငွေ အနည်းငယ်ရရှိခဲ့သော်လည်း ဘာမှ ပြောင်းလဲမှု မရှိခဲ့ပေ။ ရွှေတူးဖော်သည့် ကုမ္ပဏီများက လယ်သမားများ၏ စိုးရိမ်ပူပန်မှုကို လျစ်လျူရှုခဲ့ကြပြီး ရွှေတူးဖော်မှုများလည်း လျော့ပါးသွားခြင်းမရှိဘဲ ဆက်လက်တူးဖော်နေခဲ့သည်။ ကျေးရွာပြည်သူများကလည်း အလျှော့မပေးဘဲ ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။

ဇူလိုင်လတွင် နန်းလာနှင့် ထိခိုက်နစ်နာခဲ့ရသော လယ်သမားများသည် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးသို့ သွား ရောက်ခဲ့ကြပြီး ရှမ်းလယ်သမား ကွန်ရက်၏ အကူအညီဖြင့် သတင်းစာရှင်းလင်းပွဲ တခုပြုလုပ်ခဲ့သည်။

“ကျမတို့မှာ သင့်တော်တဲ့ စိုက်ပျိုးမြေမရှိတော့ဘူး။ ၂၀၁၂ ခုနှစ်ကထဲက ကျမတို့ လယ်မစိုက်နိုင်တော့ဘူး။ ကျမမိသား စုမှာ လယ် ၁၇ ဧက ရှိတဲ့ထဲက ၁၂ ဧကက အနယ်အနှစ်တွေ (ရွှေတွင်းတွေကနေ နမ့်ခမ်းချောင်းထဲကို စွန့်ပစ်မှုတွေ) ကြောင့် ညစ်ညမ်းကုန်ပြီ။ ကျမတို့ရဲ့ ရေ အရင်းအမြစ်ကလည်း ညစ်ညမ်းနေပြီးတော့ ညစ်ပတ်တဲ့ ရေတွေကြောင့် ငါးတွေတောင် သေကုန်ပြီ” ဟု နန်းလာက ဧရာဝတီသို့ ပြောသည်။

လယ်သမားများထဲတွင် ထင်သာမြင်သာအရှိဆုံးနှင့် ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်သော နန်းလာ သည် မွေးချင်း ၇ ယောက်တွင် အငယ်ဆုံး ဖြစ်ပြီး နားဟိုင်းလုံ ကျေးရွာ ဇာတိဖြစ်သည်။ ရှမ်းတိုင်းရင်းသား ကျေးရွာကလေး၏ တက္က သိုလ်ကျောင်းဆင်း အနည်းငယ်ထဲမှ တယောက်ဖြစ်သလို ဗမာစကားလည်း ကျွမ်းကျင်စွာပြောနိုင်သည့် အတွက် သူ့မှာတာဝန်ရှိသည်ဟု နန်းလာ ခံယူခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အစိုးရက ခန့်ထားသည့် သားဖွားဆရာမ တယောက် ဖြစ်လာပြီး နားဟိုင်းလုံ ကျေးရွာ အနီးတဝိုက် ကျေးရွာ ၂၀ အတွက် တာဝန်ယူရသည်။ မြန်မာနိုင်ငံတွင် သားဖွားဆရာမများသည် ကျန်းမာရေး စနစ်၏ အခြေခံအကျဆုံးနေရာတွင်ရှိနေသည်။ ကိုယ်ဝန်ဆောင်မိခင်များ ကလေးမမွေးဖွားမီနှင့် မွေးဖွားပြီးနောက်ပိုင်းတွင်သာ တာဝန်ယူရခြင်းမျိုး မဟုတ်ဘဲ အခြားသော လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှု များကိုပါ လုပ်ဆောင်ပေးရသည်။ အထူးသဖြင့် တိုင်းပြည်၏ ကျေးလက်ဒေသများတွင်ဖြစ်သည်။

သူတို့၏ တာဝန်များထဲတွင် ကနဦးကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အထက်ဆေးရုံများသို့ လူနာလွှဲပြောင်းပေးခြင်း၊ ကလေးငယ်များ ကို ကာကွယ်ဆေးပေးရန် နှင့် ရောဂါ စောင့်ကြည့်ရေးနှင့် ထိန်းချုပ်ရေးတို့ ဖြစ်သည်။ ထိုတာဝန်များကို ထမ်းဆောင်ရင်း သူ၏ အသိုင်းအဝိုင်း၏ ဘဝများနှင့် ကျန်းမာရေး အပေါ် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ဆိုးကျိုးသက်ရောက် မှုကို သတိပြုမိခဲ့ပါသည်။

သြဂုတ်လ အတွင်းတွင် ကျေးရွာပြည်သူများက သူတို့၏ ဆန္ဒများကို လူသိရှင်ကြားဆက်လက် ထုတ်ဖော်ခဲ့သည်။ ထိုနေရာသို့ ရှမ်းပြည်နယ် အစိုးရမှ သတ္တုတွင်းနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း ရောက်လာသည့်အခါတွင် တွေ့ဆုံပြီး ထိခိုက်နစ်နာမှုများကို ပြောပြခဲ့ကြသည်။ ရွာသားများ၏ စိုးရိမ်ပူပန်မှုကို သိရှိခဲ့ပြီးနောက် ဦးစိုင်းအိုက် ပေါင်း က လုပ်ငန်းများကို ရပ်ဆိုင်းရန်၊ လယ်မြေများကို နဂိုအတိုင်းဖြစ်လာအောင်ပြန်လုပ်ပေးရန်နှင့် ဒေသခံလယ်သမားများ ကို လျော်ကြေးပေးရန် ညွှန်ကြားခဲ့သည်။

သို့သော်လည်း ကုမ္ပဏီများက ပြည်နယ်ဝန်ကြီး၏ အမိန့်ကို ဥပေက္ခာပြုခဲ့ကြသည်။

“အထက်က အမိန့်ပေးပေမယ့် လက်တွေ့ အခြေအနေမှာတော့ ဘာမှ မပြောင်းလဲဘူး။ ဒါ နေပြည်တော်ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ပြည်ထောင်စု အစိုးရက ပြည်နယ် အစိုးရထက်ပိုကြီးတယ်လေ” ဟု နန်းလာက ပြောသည်။

နားဟိုင်းလုံ ကျေးရွာမှ အကျပ်အတည်းသည် ယနေ့ခေတ်မြန်မာနိုင်ငံတွင် ခက်ခဲစွာရင်ဆိုင်နေရသည့် ချွင်းချက် တခု လည်းဖြစ်ပါသည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ငန်း အမြောက်အများ မှိုလိုပေါများနေပြီး အရေးမပါသယောင်နှင့် ဥပေက္ခာပြုထားခံရသည့် စိတ်မချမ်းမြေ့ဖွယ်ရာ အရေးကြီးကိစ္စတခု ဖြစ်ပါသည်။ အထူးသ ဖြင့် မြန်မာလူမျိုးများ လွှမ်းမိုးနိုင်ခြင်း မရှိသည့်ဝေးလံသော ကျေးလက်ဒေသများတွင် ဖြစ်နေပြီး သဘာဝပတ်ဝန်း ကျင် နှင့် ပတ်သက်သည့် လုံခြုံရေး အကာအကွယ် အားနည်းခြင်း သို့မဟုတ် လုံးဝမရှိခြင်းများ ဖြစ်နေသလို တရားမျှတမှု ကင်းမဲ့ခြင်း၊ ပွင့်လင်းမြင်သာမှုမရှိဘဲ အကျင့်ပျက်ခြစားမှုများ ရှိနေခြင်း၊ အခွင့်ထူးခံများ သို့မဟုတ် စစ်တပ်သို့မဟုတ် အစိုးရနှင့် ဆက်သွယ်မှုကောင်းသော ကုမ္ပဏီများ ဖြစ်နေခြင်းများ ကြုံတွေ့ နေရသည်။

သတ္တုတူးဖော်ရေးကဲ့သို့ သဘာဝသယံဇာတအရင်းအမြစ်ကို ထုတ်ယူသည့် လုပ်ငန်းများသည် အထူးစိုးရိမ်စရာဖြစ်နေသည်ကြောင်း လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အဖွဲ့အစည်းတခု  EarthRights International  က “မြန်မာနိုင်ငံမှ သတ္တုတူးဖော်ရေးလုပ်ငန်းသည် သသာဝပတ်ဝန်းကျင် ထိခိုက် ကျဆင်းမှု ကျယ်ပြန့်စွာ ဖြစ်ပေါ်ခြင်းအတွက် တာဝန်ရှိပြီး တခါတရံတွင် မြေယာသိမ်းယူခြင်း၊ အဓမ္မ အလုပ်ခိုင်းစေ ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်တွင်နေထိုင်ခွင့် နှင့် ရေရရှိခွင့် ကဲ့သို့သော အခြေခံ လူ့အခွင့် အရေး များကို ချိုးဖောက်ခြင်းများလည်း ဖြစ်ပေါ်လျှက်ရှိသည်” ဟု ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ တလွှားမှ ပြည်သူအသိုင်းအဝိုင်းများကြားတွင် တွေ့ကြုံခံစားနေရသည့် အကြောင်းအရာများကို ပဲ့တင်ထပ် ပြောဆို ကန့်ကွက်ရဲခဲ့ကြသော နားဟိုင်းလုံ ကျေးရွာမှ ရွာသူရွာသားများသည် အာဏာပိုင်များ၏ တင်းကျပ်စွာ စစ်ဆေးခြင်းနှင့် ရင်ဆိုင်ကြရသည်။ နန်းလာက မြန်မာမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို သူတို့ အသိုင်းအဝိုင်းကိုယ်စား လက်ခံဖြေကြားမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် မြို့နယ်နှင့် ခရိုင်အဆင့် စစ်ထောက်လှမ်းရေး အရာရှိများ နားဟိုင်းလုံ ရွာသို့ မကြာခဏ ရောက်ရှိလာတော့သည်။

ထိုသို့ ကြိုတင်ခန့်မှန်းနိုင်သောဖြစ်ရပ်ကြောင့် ရွှေအကြီးအကျယ်ထုတ်လုပ်နေသော ကုမ္ပဏီများ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံနေကြခြင်းများသည် ဥပဒေ လုပ်ထုံးလုပ်နည်း များအားနည်းမှု၊ ပွင့်လင်းမြင်သာမှု အကန့်အသတ်ရှိခြင်းနှင့် ဒေသခံ အသိုင်းအဝိုင်းများ၏ ဆန့်ကျင်ကန့်ကွက်မှု နည်း ပါးခြင်းတို့ကြောင့် ၎င်းတို့၏ နေရာတွင်ဆိုလျှင် သည်းခံနိုင်မည် မဟုတ်သည့် အလေ့အထများကို လုပ်ကိုင်နိုင်ခြင်း ကြောင့် ဖြစ်သည်ဆိုသည့် စွပ်စွဲပြောဆိုမှုများပိုမို များပြားလာစေခဲ့သည်။

နားဟိုင်းလုံ ရွာသူရွာသားများက အလျှော့မပေးဘဲနေခဲ့ကြပြီး ဆက်လက်တိုက်ပွဲဝင်သွားရန် ကတိပြုခဲ့ကြသည်။ သူ၏ ကြိုးစားမှုနှင့် သူ၏ အသိုင်းအဝိုင်း၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် နန်းလာ ကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က Mae Sai စဝ်သုစန္ဒီ ခေါင်းဆောင်မှုဆု (Sao Thusandi Leadership Award) ချီးမြှင့်ခြင်းခံခဲ့ရသည်။ အဆိုပါဆု၏ အမည်သည် Burma Lifeline ကို စတင်တည်ထောင်သူ စဝ်သုစန္ဒီ၏ အမည်ကို အစွဲပြုထားခြင်းဖြစ်သည်။ စဝ်သုစန္ဒီသည် ရှမ်းပြည်နယ်မှ သီပေါစော်ဘွား၏ မဟာဒေဝီ ဟောင်း ဖြစ်သည်။ သူ၏ အကြောင်းကို ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Twilight Over Burma: My Life as a Shan Princess စာအုပ်တွင် အမှတ်တရ ဖော်ပြထားသည်။ သူ၏ မိသားစုသည် မြန်မာ စစ်အစိုးရ၏ ပထမဆုံး ရှမ်း လူမျိုး သားကောင်များ ဖြစ်ခဲ့ရသည်။

Inge Sargent ဟုလည်း သိကြသည့် စဝ်သုစန္ဒီသည် သြစတြီးယား နိုင်ငံသူဖြစ်ပြီး Fulbright ပညာသင်ဆု ရရှိခဲ့ သောကြောင့် ၁၉၅၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်သို့ သွားရောက် ပညာသင်ကြားခဲ့သည်။ အမေရိကန် နိုင်ငံတွင် ပညာသင်ကြားရင်း မြန်မာနိုင်ငံမှ ရောက်လာသည့် ကျောင်းသားတယောက် ဖြစ်သော စဝ်ကြာဆိုင်နှင့် ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ကြသည်။ ၁၉၅၃ ခုနှစ်တွင် သူတို့လင်မယား မြန်မာနိုင်ငံသို့ ရောက်ရှိ လာကြပြီး မကြာမီကျမှ ရှမ်းမင်းသား တဦးကို သူလက်ထပ်မိခဲ့မှန်း စဝ်သုစန္ဒီ သိခဲ့ရသည်။

ရှမ်းပဒေသရာဇ် မိသားစုများထဲတွင် အတိုးတက်ဆုံးဟု သိကြသည့် စဝ်ကြာဆိုင်နှင့် အတူ သူတို့၏ အုပ်ချုပ်မှုအောက်မှ ပြည်သူများ၏ ဘဝနေထိုင်မှု မြင့်တက်လာရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ကြသည်။ သီပေါနယ်မှ ပြည်သူများ၏ ပညာရေးနှင့် အခြေခံ ကျန်းမာရေး အတွက် ငွေကြေးပိုမို သုံးစွဲခဲ့ကြသည်။

သို့သော်လည်း ၁၉၆၂ နှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်အစိုးရက အာဏာ သိမ်းယူလိုက်ပြီးနောက်တွင် လှပသည့် ပျော်စရာ ဇာတ်လမ်း အဆုံးသတ်သွားခဲ့ရသည်။ စဝ်ကြာဆိုင်ကို တောင်ကြီးမြို့ အနီးတွင် မြန်မာစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီးသည့် နောက်ပိုင်းတွင် သူ့အကြောင်းကို နောက်တကြိမ် ထပ်မကြားရတော့ပါ။  စဝ်သုစန္ဒီလည်း နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခြင်းခံခဲ့ရပြီး နောက် ၂ နှစ်အကြာတွင် ယခုလက်ရှိနေထိုင်သော ကော်လိုရာဒိုသို့ ကလေး ၂ ယောက်နှင့်အတူ လွတ်မြောက်ရောက်ရှိခဲ့သည်။

၁၉၉၅ ခုနှစ်တွင် အကျိုးအမြတ် မယူသည့် အဖွဲ့အစည်းတခုဖြစ်သော Burma Lifeline ကို သူဖွဲ့စည်းတည် ထောင် ခဲ့သည်။ မြန်မာပြည်သူများ အထူးသဖြင့် တိုင်းရင်းသား ဒေသများမှ ပြည်သူများ အခြေခံ လူမှုရေးဝန်ဆောင်မှုများ ရရှိ အောင် ဖြည့်ဆည်းပေးနိုင်ရန် အတွက်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် Burma Lifeline က စဝ်သုစန္ဒီ ခေါင်းဆောင်မှုဆု (Sao Thusandi Leadership Award)ကို စတင်ချီးမြှင့်ခဲ့သည်။ ဆုချီးမြှင့် ရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို မြှင့်တင်ရန် လုပ်ဆောင်သူများကို အားပေးထောက်ခံရန် နှင့် ရှမ်းပြည်နယ် အတွင်း မှ အခြားသူများကလည်း ၎င်းတို့၏ စံနမူနာအတိုင်းလိုက်ပါပြီး ၎င်းတို့၏ ဇာတိမြေတွင် လက်ရှိ အခွင့်အရေးများကို အားလုံးအတွက် ရယူပြီး ဒီမိုကရေစီ အသိုင်းအဝိုင်း တခု ပေါ်ပေါက်လာရေးအတွက် စိတ်ဝင်တစား ရှိလာကြရန် ဖြစ်သည်။

“ကျမရဲ့ နှလုံးသားက ရှမ်းပြည်သူတွေနဲ့ အတူရှိပါတယ်။ အမြဲတမ်းလည်း အတူရှိသွားပါမယ်” ဟု သူ အငြိမ်းစား ဘ၀ ဖြင့် နေထိုင်လျှက်ရှိသော အမေရိကန်နိုင်ငံမှ နေ၍ စဝ်သုစန္ဒီက အမှာစကားပေးပို့ခဲ့သည်။

“ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုကို ဦးတည်တဲ့ လက်တွေ့တိုးတက်မှုမရှိတာ အလွန်ဝမ်းနည်းဖွယ် ကောင်း ပါတယ်။ အခွင့်အရေး တွေကို အမြဲတမ်းရရှိနေသူတွေက ဒီနေ့ အချိန်မှာဆက်ပြီး ရနေတုန်းပါပဲ။ နန်းလာ က သူ့ရဲ့ အသက် ၃၁ နှစ်အတွင်းမှာ ပြည့်စုံအောင် လုပ်ခဲ့ပြီးပါပြီ။ သူ့ရဲ့ ရဲရင့်မှု၊ ဇွဲလုံ့လနဲ့ အဖွဲ့အစည်း စွမ်းရည်က နေရာတိုင်းမှာ ရှိတဲ့ မျှတမှုရှိစွာ၊ ကျန်းမာရေးကောင်းမွန်စွာနဲ့ နေထိုင်ချင်သူတွေအတွက် နမူနာတခု ဖြစ်ပါတယ်။ နန်းလာဟာ ရှမ်း ပြည်နယ်က အမျိုးသမီးငယ်တွေအတွက် စစ်မှန်တဲ့ စံထားစရာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ အသိုင်း အဝိုင်းရဲ့ သက်သာချောင်ချိမှုနဲ့ ကျန်းမာရေးကို ကာကွယ်ရာမှာ ခေါင်းဆောင်ဖြစ် လာ နိုင်တယ် ဆိုတာကို နန်းလာ က ရှင်းရှင်းလင်းလင်း သက်သေပြခဲ့ပြီးပါပြီ” ဟု သူက ဆိုသည်။

နန်းလာ အတွက်ကတော့ နားဟိုင်းလုံကျေးရွာတွင် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများသည် သူတို့၏ ရွေးချယ်မှု မဟုတ်ပါ။

“ကျမတို့က သူတို့ကို ကတိတည်စေချင်တယ်။ သူတို့က တိုင်းပြည်ကို ပိုမိုကောင်းမွန် တိုးတက်စေချင်တယ်လို့ ပြော တယ်။ ဒါပေမယ့် လက်ရှိပြုပြင်ပြောင်းလဲရေးက မြို့ကြီးတွေကိုပဲ အထောက်အကူဖြစ်တယ်။ ကျေးလက်ဒေသတွေကို မဟုတ်ဘူး။ သူတို့ (အစိုးရက) ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပတ်သက်ပြီး အများကြီးပြောတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဘာမှပြောင်းလဲမှု မရှိဘူး” ဟု နန်းလာကပြောသည်။

“ကျမတို့ တိုက်ပွဲဝင်ရမယ်။ ဒီလိုမှ မဟုတ်ရင် ကျမတို့ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ကျမတို့ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး”

(စာရေးသူသည် ထိုင်း-မြန်မာနယ်ခြားရှိ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးကို လုပ်ကိုင်ဆောင်ရွက်နေသော ထိုင်းဆရာဝန်တဦးဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ၎င်းပေးပို့လာသော စာမူကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading