သတင်း

ဦးသိန်းစိန် အစိုးရလက်ထက် ပြည်တွင်းစစ် ရပ်စဲရေး လမ်းမမြင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတဦးသိန်းစိန်အစိုးရ ၂၀၁၁ ခုနှစ်မှာ အာဏာစတင်ရယူပြီးတဲ့နောက် ကမ္ဘာမှာ အရှည်ကြာဆုံး နှစ်ပေါင်း ၆၀ ကျော် ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမယ်လို့ ပြောဆိုပြီး တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ပေမယ့် ၃ နှစ်ကျော်ကြာလာတဲ့အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အရာ မထင်ဘဲ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာမို့ လက်ရှိအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေး လမ်းမမြင်တော့ပါဘူး။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၁၆ ဖွဲ့နဲ့ ပေါင်းစည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ ရဲ့ဆွေးနွေးပွဲတွေက ၆ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပေမယ့် ဆွေးနွေးပွဲ ရလာဒ်တွေက ရှေ့ဆက် တိုးတက်မှု မရှိတော့ဘဲ နောက်ပြန်ဆုတ်နေတဲ့ အနေအထားကိုရောက်နေပါတယ်။  ဆွေးနွေးပွဲ တခုပြီးတိုင်း နှစ်ဖက် ခေါင်းဆောင် တွေက ယုံကြည်မှုတွေ၊ တိုးတက်မှု တွေ ရှိတယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီပြောဆိုမှုတွေကြားမှာပဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွား နေခဲ့ပါတယ်။

၆ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်း ရေး နဲ့ အပစ်ရပ်ရေး ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ပါဝင်လာပြီး  တပ်မတော်ဘက်က သဘောထား တင်းမာမှုနဲ့ ဖိအားပေးမှုတွေ ရှိလာတာတဲ့ အတွက် ဆွေးနွေးပွဲ အခြေအနေတွေက  အလားအလာ သိပ်မကောင်းခဲ့ပါဘူး။

မူလက သဘောတူညီမှုတွေ ရရှိခဲ့ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်သွားဖို့ ဆိုတဲ့ အချက်အပြင် တိုင်းရင်းသားတွေဘက်က သုံးနှုန်း ပြောဆိုနေတဲ့ တော်လှန်ရေး ဆိုတဲ့ စကားလုံး အသုံးအနှုန်း၊ ဖက်ဒရယ် တပ်မတော် ဆိုတဲ့ စကားရပ်တွေနဲ့ပတ်သက်ပြီး လက်မခံနိုင်တဲ့ ပုံစံမျိုး အစိုးရစစ်တပ်ဘက်က ပြောဆိုလာ တာ မို့ ခရီး ပေါက်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက နောက်ကြောင်းပြန်လှည့်မယ့် အနေအထားမျိုးအထိဖြစ် လာ နေပါတယ်။

ဒါ့အပြင် ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေး၊ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ် စည်း ကမ်း၊ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ စတဲ့ ကိစ္စရပ်တွေမှာလည်း သဘောတူညီမှု မရရှိခဲ့ကြသေးတဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ် ပါတယ်။

စက်တင်ဘာ ဆွေးနွေးပွဲအပြီး နှစ်ဘက်ခေါင်းဆောင်တွေအကြား အောက်တိုဘာလအတွင်းမှာ ပြန်တွေ့ကြမယ်လို့ သဘောတူခဲ့ကြပေမယ့်မတွေ့ဖြစ်ခဲ့ကြပါဘူး။ နောက်ပိုင်း နိုဝင်ဘာလမှာ ပြန်တွေ့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ် လာပေမယ့် လည်း ဖြစ်မလာခဲ့ပြန်ပါဘူး။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရပ်တန့်နေတုန်းကာလမှာပဲ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) လိုင်ဇာ ဌာနချုပ်ရှိ ဗိုလ်လောင်း သင်တန်းကျောင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အစိုးရ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုက အစိုးရစစ်တပ်ကို ကချင် လွတ်မြောက်ရေး တပ်က လာရောက် တိုက်ခိုက်နေတဲ့ အတွက် ပြန်လည် သတိပေးပစ်ခတ်မှုအဖြစ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗီအိုအေသတင်းဌာန(မြန်မာပိုင်း)နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ကာကွယ်ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ လိုင်ဇာ ဗိုလ်လောင်းသင်တန်းကျောင်းကို ပစ်ခတ်မှုဟာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်တဲ့ အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအကြား ညှိနှိုင်းဆောင်ရွက်နေကြတဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးလုပ်ငန်းတွေ အပေါ် စိုးရိမ်မှုတွေဖြစ်စေတဲ့ အကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေဘက်က ထုတ်ဖော် ပြောဆိုလာပါတယ်။

နှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်နေတဲ့ကာလမှာ ဒီလုပ်ရပ်ဟာ အစိုးရ အပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ထိခိုက် စေသလို နဂိုကမှ ခရီးမတွင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အကြီးအကျယ် ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ ပါတယ်။

အခုနောက်ဆုံး ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်သွားသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ အစိုးရစစ်တပ်အကြားမှာ နေ့စဉ်လို တိုက်ပွဲတွေဖြစ်နေပါတယ်။

ရှမ်းပြည် မြောက်ပိုင်း တာမိုးညဲ၊ ကွတ်ခိုင်မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ  ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အစိုးရစစ်တပ်ဘက်က တပ်ခွဲမှူး အဆင့် ၁ ဦးအပါအဝင် ၂၁ ဦး ကျဆုံး၍ ဒုစစ်ကြောင်းမှူး ၁ ဦး အပါအဝင် ၂၃ ဦး ဒဏ်ရာရရှိတယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ဆက်လက် ပြင်းထန်လာဦးမယ့် အခြေအနေတွေ ရှိတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သတင်းရပ်ကွက်တွေဆီက သိရှိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာပဲ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အစိုးရအကြား ရပ်တန့်နေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေး ပွဲတွေ ပြန်စနိုင်ဖို့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) က ကိုယ်စားလှယ်တွေနဲ့ NCCT ခေါင်းဆောင်တွေ ညှိနှိုင်းနေပါတယ်။  အစိုးရဘက်က ခရစ်စမတ်ကာလ မတိုင်ခင်မှာ နှစ်ဖက် ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ တိုက်တွန်းခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ တော့ ဆွေးနွေးပွဲ ဖြစ်လာနိုင်မယ့် လမ်းစ မမြင်ရသေးပါဘူး။

နောက်ပြီး အစိုးရ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်က လည်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် အတားအဆီး ကြီးတခုဖြစ်နေပြီး စစ်တပ်ကလည်း ဒီမူ ၆ ချက်ကို စွန့်လွှတ်မယ့် အခြေအနေမရှိပါဘူး။ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ထဲမှာ နိုင်ငံတော်ကထုတ် ပြန်သည့် တည်ဆဲဥပဒေများကို တိတိ ကျကျ လိုက်နာရန်၊ ဒို့တာ ဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကိုလက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် ဒီမိုကရေစီကိုလျှောက်လှမ်း ရာတွင် လိုက်ပါဆောင်ရွက်ရန် ဆိုတဲ့ အချက်တွေ ပါဝင်ပြီး ဒီအချက်တွေက တိုင်းရင်းသားအဖွဲ့တွေအတွက် အခက်အခဲတွေ့စေတဲ့ အချက်တွေပါ။  ဒါ့အပြင် ငြိမ်းချမ်းရေးရယူရန် အမှန် တကယ်ဆန္ဒရှိရန်၊ သဘောတူ စာချုပ်များ၌ ကတိတည်ရန်၊ ငြိမ်း ချမ်းရေးသဘောတူညီ ချက်များ ကိုအမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းဖို့ အတားဆီးကြီးဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း လက်တွေ့အမှန်တကယ် ဖြစ်လာဖို့ ခဲယာဉ်းလွန်းလှတာမို့ ဒီအချက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးမှု အပေါ် ဆိုးရွား ကြီးမားလှတဲ့ သက်ရောက်မှု ဖိအားကြီးတခုအဖြစ် ရှိနေပါတယ်။

တဖက်မှာလည်း အစိုးရပိုင်းက ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဆွေးနွေးပွဲ ကျင်းပမှုတွေ အနှောင့်အယှက်ဖြစ်စေမယ့် ဖိအားပေးမှုတွေ၊ လုပ်ဆောင်ချက်တွေ လုပ်လာပါတယ်။ နေပြည်တော်ရဲ့ ဖိအားပေးမှုကြောင့် ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် ထိုင်းအစိုးရက တင်း ကျပ်မှု တွေလုပ်လာပြီး အစည်းအဝေးတွေပြုလုပ်မယ်ဆိုရင် ထိုင်းစစ်တပ်ကို အသေးစိတ် တင်ပြပြီး ခွင့်ပြုချက်ရမှသာ ကျင်းပ ရမယ်လို့ ထိုင်းစစ်တပ်က တိုင်းရင်းသားခေါင်းဆောင်တွေကို အကြောင်းကြားပါတယ်။

ဒီဖြစ်ရပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ချိနဲ့အောင်  မြန်မာ အစိုးရ ဘက်က တဖက်လှည့်နဲ့ တွယ်ဝိုက်ဖိအားပေးနေတာဖြစ်တယ်ဆိုပြီး တိုင်းရင်းသားခေါင်းဆောင်တွေက ပြစ်တင် ပြောဆိုသံ တွေထွက်လာ ပါတယ်။ MPC အဖွဲ့တာဝန်ရှိသူ တချို့ကတော့ မြန်မာအစိုးရရဲ့ လက်ချက်မဟုတ်ဘူးလို့ ငြင်းပါတယ်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်နေဆဲကာလမှာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေ၊ မရိုးသားတဲ့ ပြုမူ ပြောဆို ဆောင်ရွက်မှုတွေ နဲ့  တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်တွေကို အပေါ်စီးက ဖိနှိပ်မှုတွေ ရှိနေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်ခဲ့ရင်တောင်မှ နှစ်ပေါင်း ၆၀ ကျော်အကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက်တော့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading