အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲ (Political Dialogue Frame Work) အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က မူဘောင်တခု ရေးဆွဲနေကြောင်း သတင်း ရရှိသည်။
နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေးဆွဲခြင်းသည် NLD အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် လုပ်ကိုင်နေခြင်း ဖြစ် သည်ဟု NLD ပြောရေးဆိုခွင့် ရှိသူ ဖြစ်သည့် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
ဗဟို အလုပ်အမှုဆောင် တဦးလည်းဖြစ်သော ဦးဉာဏ်ဝင်းက“ပြည်တွင်း ငြိမ်းချမ်းရေးမှာ အသက်သွေးကြောက နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ မူဘောင်ပါ၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်အတွက် NLD ကြိုးပမ်းနေပါတယ်။ မူဘောင်က အကြမ်းထည် ပြီး သွားပါပြီ”ဟုလည်း ပြောဆိုသည်။
မူဘောင် အချောသတ်နိုင်ရန်သည် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ အချက်အလက်များအပေါ် မူတည်၍ မူဘောင် ရေးဆွဲနေရခြင်း ဖြစ်သဖြင့် အပစ်ရပ် စာချုပ် ချုပ်ဆိုနိုင်မှသာ ဖြစ်နိုင်လိမ့်မည်ဟုလည်း NLD က ပြောသည်။
နိုင်ငံရေး ဆွေးနွေးပွဲတွင် တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးနောက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ပြုလုပ်ခြင်း ဖြစ်ပြီး အပစ်ရပ်စာချုပ်ပါ အချက်အလက်များအား အကောင်အထည်ဖော်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့၏ အုပ်ချုပ်ရေး၊ သယံဇာတ ခွဲဝေရေးနှင့် တိုင်းပြည် အနာဂတ် ကိစ္စရပ်များ ဆွေးနွေးရန် ဖြစ်သည်ဟု ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ(UPWC) က ချမှတ်ထားသည့် မူဘောင်တွင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ မည့် ပုံစံ ၊ ပါဝင်ရမည့်သူများ ၊ ဆွေးနွေးမည့် အချက်များ ၊ ဆွေးနွေးရာတွင် တာဝန်ခံမှု ၊ တာဝန်ယူမှု ရှိစေမည့် စောင့်ကြည့် အဖွဲ့များ ထည့်သွင်းရေး စသည့် အခြေခံအချက်များ ပါဝင်သည်။
NLD ပါတီ၏ မူဝါဒသည် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးတို့ ဖြစ်ကြောင်း ကြေညာထားသော်လည်း NLD သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြည့်အ၀ ပါဝင်ခြင်းမရှိဟု တိုင်းရင်းသား ခေါင်းဆောင် တချို့က ဝေဖန်လျက် ရှိသည်။
အပစ်ရပ်လုပ်ငန်းစဉ်များ ဆွေးနွေးရန် အစိုးရက ၂၀၁၄ ခုနှစ် သြဂုတ်လ အတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တရားဝင် ဖိတ်ကြားခဲ့သော်လည်း ကိုယ်တိုင် တက်ရောက်ခြင်းမရှိဘဲ ဗဟို အလုပ်အမှုဆောင် အဖွဲ့များကိုသာ စေလွှတ်ခဲ့ပြီး ဆွေးနွေးမှုများတွင်လည်း တစုံတရာ ဆုံးဖြတ်ခွင့် မပေးခဲ့ပေ။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံရေး ပါတီများ ပါဝင်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်တခု ရေးဆွဲပေးရန် အစိုးရက ၂၀၁၄ ခုနှစ် မေလအတွင်း ဖိတ်ခေါ်ခဲ့သော်လည်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ NLD တို့ ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
NLD က နိုင်ငံရေး မူဘောင် ရေးဆွဲရာတွင် အချက်အလက်များ ရရှိရန် ပါတီတွင်း အစည်းအဝေး ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဆွေးနွေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် NLD အပြင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား ပါတီ အစုအဖွဲ့ ၃ ခု ပူးပေါင်း ပါဝင်သည့် ပါတီ ၅၆ ခု တို့ကလည်း မူဘောင်တခုစီ ရေးဆွဲလျက်ရှိကြောင်း သိရသည်။
နိုင်ငံရေး ဆွေးနွေးပွဲကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တနိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး ၃ လအကြာတွင် ပြုလုပ်ရမည်ဟု သမ္မတ ဦးသိန်းစိန်က လစဉ် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသည်။
သမ္မတ ဦးသိန်းစိန်က နိုင်ငံရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး ပြဿနာများ ဖြေရှင်းနိုင်ရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးတို့ကို လမ်းဖွင့် ပေး ထားမည်ဟု ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ကတိ ပေးထားသည်။