မြန်မာနိုင်ငံ ဧရာဝတီ မြစ်ကြောင်း တလျှောက်ရှိ ရှားပါးမျိုးစိတ်ဝင် ဧရာဝတီလင်းပိုင် ၃ ကောင် ၁၅ ရက် အတွင်း သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးမှူးက အတည်ပြု ပြောဆိုသည်။
“ကချင်ပြည်နယ်နဲ့ ကသာနယ်စပ် တနေရာရာမှာ လွန်ခဲ့တဲ့ ၃၊ ၄ ရက်လောက်က သေခဲ့ပြီး မျောလာတဲ့ ပုံစံမျိုးပါ။ ကျနော်တို့ ယူဆ တာက အခုနောက်ပိုင်း ဧရာဝတီမြစ်ကြောင်းကလည်း ကျဉ်းလာတော့ တနေရာရာမှာ မော်တော်ပန်ကာနဲ့ထိပြီး သေခဲ့တာ ဖြစ်မယ် လို့ ယူဆတယ်”ဟု စစ်ကိုင်းတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးမှူး ဦးတင်ထွန်းလင်းက ပြောသည်။
ဧရာဝတီလင်းပိုင် အသေတကောင်ကို စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ် အပိုင် ကျောက်ထိုးကြီးတွင် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရှိခဲ့ရပြီး လွန်ခဲ့သော ၃ ရက်ကတည်းက သေဆုံးနေခဲ့သည့် အနေအထားမျိုးကို တွေ့ရှိရကြောင်း၊ သေဆုံး နေသည့် လင်းပိုင် သည် အထီးဖြစ်ပြီး အမြီးပြတ်ဒဏ်ရာနှင့် ကိုယ်ခန္ဓာတွင် ဒဏ်ရာတချို့ တွေ့ရှိရကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အတူ မန္တလေးမြို့အနီး မင်းကွန်းဆိပ်ကမ်းနှင့် စဉ့်ကူးမြို့အနီး ဟသာၤမ ကြက်တူရွေးရွာ အနီးတွင် ဧရာဝတီလင်းပိုင် အကောင် ပေါက် ၂ ကောင် သေဆုံးခဲ့သည်ကို တွေ့ရှိရသဖြင့် ယခုနှစ် ဒီဇင်ဘာလ အတွင်း သေဆုံးခဲ့သည့် ဧရာဝတီလင်းပိုင် ၃ ကောင် အထိ ရှိလာကြောင်းလည်း ဦးတင်ထွန်းလင်းက ပြောဆိုသည်။
ဧရာဝတီလင်းပိုင် မျိုးစိတ်များကို မန္တလေးနှင့် ဗန်းမော်အကြား ဧရာဝတီမြစ်ကြောင်း တလျှောက်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်၊ တနသာၤရီ ကမ်းရိုးတန်း တလျှောက်ရှိ ရေချိုရေငန်စပ်ကြား မြစ်ဝများတွင်လည်း တွေ့ရှိရတတ်သည်ဟု ၎င်းက ဆိုသည်။
ဧရာဝတီမြစ် အတွင်း ရေနည်းပါးလာခြင်း၊ သောင်များ ပိုမိုထွန်းလာခြင်း တို့အပြင် သစ်တောများ ပြုန်းတီးလာခြင်း၊ မြစ်ရေသန့်ရှင်း မှု လျော့ကျလာခြင်းတို့က ဧရာဝတီ လင်းပိုင်များအတွက် အန္တရာယ် ကျရောက်စေသည့် အကြောင်းရင်းများ ဖြစ်သည်ဟု ကမ္ဘာ့သားရဲ တိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေးအဖွဲ့(Wildlife Conservation Society) မှ မန္တလေး တာဝန်ခံ ဦးကျော်လှသိန်းက ပြောသည်။
မြန်မာ့ရှားပါး မျိုးစိတ်ဝင် ဧရာဝတီလင်းပိုင်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အတွက် စစ်ကိုင်း မင်းကွန်းဆိပ်ကမ်းမှ အထက်ဘက် ကျောက်မြောင်း ရေတော်ဘုရား အထိ ၇၂ ကီလိုမီတာ ထိန်းသိမ်းရေး ဧရိယာအဖြစ် သတ်မှတ်ထားသော်လည်း ယခုနောက်ဆုံး သေဆုံးသည့်လင်းပိုင်သည် ထိန်းသိမ်းရေး နယ်မြေထဲတွင်သေဆုံးခြင်း မဟုတ်ကြောင်း ဦးကျော်လှသိန်းက ဆို သည်။
“ဒီနောက်ဆုံးသေတဲ့ လင်းပိုင်က သူတို့ပြောသလို မြစ်ကြောင်းတိမ်လာလို့ မော်တော်ရဲ့ ပန်ကာနဲ့ ထိခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး။ တနေရာရာမှာ ဘက္ကထရီရှော့ရိုက် ငါးဖမ်းအဖွဲ့ကြောင့် သေပြီး မျောလာရာကနေ မော်တော် တခုခုရဲ့ ပန်ကာနဲ့ထိတာ ဖြစ်မယ်။ ငါးဖမ်းပိုက်နဲ့ ငြိပြီး သေတာမျိုး မဖြစ်နိုင်ဘူး။ ပထမ ၂ ကောင်က အသက် ၁ နှစ် လောက်ပဲ ရှိဦးမယ်။ အခု တကောင်က အသက် နည်းနည်းကြီး နေလောက်တဲ့ အကောင်ဖြစ်မယ်”ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းက မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဧရာဝတီ လင်းပိုင်များကို စစ် တမ်း ကောက်ယူခဲ့ရာတွင် ၆၃ ကောင် ရှိနေသော်လည်း ဧရာဝတီမြစ်အတွင်း ဘက္ကထရီရှော့ စနစ်ဖြင့် ငါးဖမ်းနေမှုများကို ထိထိ ရောက် ရောက် မဟန့်တားနိုင်ပါက ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ် ရှိနေသည်ဟု ဦးကျော်လှသိန်း က ပြော ဆိုသည်။
မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်က ဧရာဝတီ လင်းပိုင်များ သေဆုံးလာမှုကြောင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာကို ဗန်းမော် အထိ တိုးချဲ့သတ်မှန်ရန် စီစဉ်ထားကြောင်း၊ ထို့အပြင် ရေလုပ်သားများကိုလည်း ပညာပေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ပြောဆိုသည်။
“သူတို့ ဘက္ကထရီရှော့ ရိုက်တာက ဗို့အား ၆ ထောင် အထိ ရှိတာ။ သူတို့က တအုပ်စုကို လှေ ၁၀ စီး၊ ၁၅ စီးလောက် စုဖွဲ့ လုပ်ကြတာ။ သွားဖမ်းမယ် ဆိုရင်လည်း သူတို့က ကြိုသတင်းရကြတော့ တခါတလေ ပစ္စည်းပဲ မိတယ်။ အာဏာပိုင်တွေရော ရဲတပ်ဖွဲ့တွေပါ အားလုံး ပူးပေါင်းဆောင်ရွက်မှ ဒီကိစ္စက အောင်မြင်မှာ။ လင်းပိုင်မျိုးက သာမန် မိုးဦးကျမှာ ဖမ်းတတ်တဲ့ ပိုက်တွေနဲ့ မိတယ် ဆိုတာ ရှားပါတယ်”ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့ လက်ထောက် ဦးစီးမှူး ဦးဇော်မန်းက“ဖမ်းဆီးရေးလုပ် တာ တွေ ဒီထက် ထိထိရောက်ရောက် လုပ်ဖို့ လိုမယ်။ အဖွဲ့ တဖွဲ့တည်းနဲ့ လုပ်နေလို့ မရဘူး။ ဖမ်းတဲ့ အဖွဲ့တွေက အင်ဂျင်ကြီးတဲ့ လှေတွေနဲ့ဆိုတော့ အင်တိုက်အားတိုက်နဲ့ ငွေကြေးဘတ်ဂျက် သုံးဖို့ လိုမယ်။ ဒီလိုမှ မလုပ်ရင် လင်းပိုင်မျိုးစိတ် ပြုန်းသွားမယ်”ဟု ပြော ဆိုသည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ အတွင်းကလည်း ဧရာဝတီ လင်းပိုင်း ၅ ကောင် သေဆုံးမှု ဖြစ်ပွားခဲ့သေးသည်။