ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ဒီဇင်ဘာလ အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အစိုးရ တပ်မတော်သား ၇ ဦး ကျဆုံး၍ ၂၀ ဒဏ်ရာရကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွမ်းလုံမြို့နယ် အတွင်း၌ အစိုးရ တပ်မတော်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ကိုးကန့် အဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် အလစ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရ စစ်ကြောင်းများနှင့် ပြည်သူ့ စစ်များက လာရောက် ပူးပေါင်း တိုက်ခိုက်ပေးခဲ့ရကြောင်းလည်း ဒီဇင်ဘာလ ၁၅ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ထိုဖြစ်စဉ်ကြောင့် အစိုးရစစ်ကြောင်းမှ စစ်သည် ၇ ဦးကျဆုံးကြောင်း ဖော်ပြထားသော်လည်း ကျဆုံးစစ်သည်များ၏ ရာထူး အဆင့် ကိုမူ ဖော်ပြမထားပေ။
ရှမ်းမြောက် ဒေသ တိုက်ပွဲများတွင် ကိုးကန့် တပ်ဖွဲ့နှင့်အတူ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့လည်း ပါဝင်တိုက်ခိုက်ခဲ့ကြသည်ဟု ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) ၏ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် က ဧရာဝတီ ကို ပြောသည်။ TNLA သည် PSLF ၏ လက်အောက်ခံ တပ်မတော် ဖြစ်သည်။
မိုင်းဘုန်းကျော်က“ကိုးကန့်တပ်တွေက ချောင်းမြောင်း တိုက်ခိုက်တာ မဟုတ်ပါဘူး၊ ကျနော်တို့ တပ်စခန်းတွေ ရှိတဲ့ နေရာတွေကို ရှင်းလင်းဖို့ အစိုးရ စစ်ကြောင်းတွေက နယ်မြေ ကျူးကျော်လာလို့ ပြန်တိုက်ကြတာပါ၊ အစိုးရ ပြောသလို အဲဒီနေရာတွေမှာ ပြည်သူ တွေ မရှိပါဘူး။ ကျနော်တို့ တပ်ပေါင်းစု စစ်စခန်းတွေရှိတဲ့ တောတောင်တွေပါ”ဟု ပြောသည်။
သို့သော် အစိုးရ သတင်းစာကမူ ကိုးကန့် လက်ကျန်အဖွဲ့သည် နိုင်ငံတော် အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလအတွင်း တပ်မတော် စခန်းနှင့်စစ်ကြောင်းများကို အကြောင်းမဲ့ တိုက်ခိုက်နေကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နယ်မြေခံပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်သူ မှန်သမျှကို ထိရောက်စွာ ချေမှုန်းသွားမည် ဖြစ်ကြောင်း ရေးသားထားသည်။
လက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်းတည်ရှိသည့် နယ်မြေများကို အစိုးရ တပ်မတော်၏ တပ်မ ၅၅၊ တပ်မ ၁၁၊ တပ်မ ၈၈ စ သည်တို့ ၏ လက်အောက်ခံ စစ်ကြောင်းများက ထိုးစစ်ဆင်နေသည်မှာ ၂ ပတ်ခန့်ကြာနေပြီ ဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် စတင်တိုက်ခိုက်မှု မရှိကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများတွင် အစိုးရဘက်က သေဆုံးသူ ၇ ဦးထက် ပိုမိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်ကမူ ထိခိုက် ကျဆုံးမှု မရှိကြောင်း TNLA က ပြောသည်။
ရှမ်းပြည် မြောက်ပိုင်း ကွမ်းလုံ၊ မန်တုံ၊ တာမိုးညဲ၊ ကွတ်ခိုင် စသည့် ဒေသများ၌ ဒီဇင်ဘာ လဆန်းမှ စတင်၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း၊ ထိုတိုက်ပွဲများအနက် ဒီဇင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။
“ဒီဇင်ဘာလထဲမှာ တိုက်ပွဲဖြစ်တာ ၁၃ ရက်နေ့ အထိဆိုရင် ၁၀ ကြိမ်ကျော်ပါပြီ၊ မနေ့ကနဲ့ ဒီမနက်ပိုင်း အထိတော့ တိုက်ပွဲ မရှိဘူး၊ ဒါပေမယ့် အစိုးရဘက်ကတော့ ကျနော်တို့ တပ်တွေ ရှိမယ်ထင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတာတွေ ရှိပါတယ်”ဟု မိုင်းဘုန်းကျော် က ပြောဆိုသည်။