လွှတ်တော်အစည်းအဝေးတခုတွင် အတိုက်အခံပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်မေးခဲ့သည့် တခုတည်းသော မေးခွန်းမှာ သူ့ခေါင်းပေါင်းကို ချွတ်ထားခွင့်ပြုဖို့ ဖြစ်သည်။ ခေါင်းပေါင်းက သူ့ကို ခေါင်းကိုက်စေပြီး ဆံပင်များကိုလည်း ကျွတ်စေသည်ဟု သူကဆို၏။ ဟာသဆန်ဆန် ပမာမခန့်လုပ် တတ်ခြင်းကြောင့် လူသိများသည့် အသက် ၇၂ နှစ်အရွယ် ဦးဝင်းထိန်က ကျီစယ်ခြင်း ဖြစ်ကြောင်း ဝန်ခံလိုက်ပါသည်။ သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌကလည်း ပယ်ချခဲ့ပါသည်။
ရွေးကောက်တင်မြှောက်ခံရသည့် အရပ်သား လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက်သည့်အခါ တွင် ခေါင်းပေါင်းပေါင်းရန်လိုအပ်သည်။ ခန့်အပ်ခံရသည့် စစ်သားလွှတ်တော် ကိုယ်စားလှယ်များ အတွက်ကတော့ ဦးထုပ်ဆောင်းရန် မလိုအပ်ပါ။
ဤနေရာတွင် ခေါင်းပေါင်းများနှင့် ဦးထုပ်များ ဆိုသည်မှာ ရာစုနှစ်ဝက်ကြာခဲ့သော စစ်အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူး ပြောင်းနေသည့် နိုင်ငံတခုမှ နိုင်ငံရေး သစ္စာစောင့်သိမှု၊ အောင်မြင်ပြီးမြောက်မှုနှင့် ကျရှုံးမှုများကို ကိုယ်စားပြုနေသည်။
ရှေးခေတ်က မန္တလေးရှိ ဘုရင့်လွှတ်တော်ရုံးများ၏ ထုံးစံအစဉ်အလာဟောင်းများကို အခြေခံထားသည့် ယနေ့ခေတ် လွှတ်တော် ၂ ရပ်မှ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းကမ်းသည် သီးသန့်ဆန်သည့် နိုင်ငံရေး အသိုင်းအဝိုင်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်းရင်းသားရိုးရာ အသွင်အပြင်ကို ရောင်ပြန်ဟပ်နေသည်။
စစ်တပ်ကိုယ်စားလှယ်များကတော့ အရပ်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်မတူဘဲ ရွေးကောက် ပွဲ ဝင်စရာမလိုသလို ဦးထုပ်လည်း ဆောင်းစရာ မလိုသည့်အတွက် သိသာစွာ ကွဲပြားခြားနားနေသည်။ ၆၆၄ ယောက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ၂၅ ရာခိုင်နှုန်းရှိသော တူညီဝတ်စုံဝတ် စစ်တပ်ကိုယ် စားလှယ်များကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခြင်းဖြစ်သည်။
လူများစုဖြစ်သည့် မြန်မာအမျိုးသား ကိုယ်စားလှယ်များက ကြိမ်ဖြင့်ပြုလုပ်ထားသည့် ကိုယ်ထည်ပေါ်တွင် ပိုးသားဖြင့်ရစ်ပတ်ထားသော မောင့်ကျက်သရေဟုခေါ်သည့် ခေါင်းပေါင်းကို ဝတ်ဆင်ကြပြီး မကြာသေးမီကမှ ပေါ်ပေါက်လာသော အရပ်သား အစိုးရ၏ သင်္ကေတဖြစ်လာသည်။ လူနည်းစု တိုင်းရင်းသား ကိုယ်စားလှယ်များက ငှက်တောင်မွေး၊ တိရစ္ဆာန် အစွယ်များမှသည် တဘက်များအထိ သူတို့၏ ဦ်းခေါင်းများတွင် ဝတ်ဆင်ကြသည်။ အကျော်ကြားဆုံး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က သူ့ခေါင်းတွင် အဖြူရောင်ပန်းများ ရိုးရိုးရှင်းရှင်း ပန်လေ့ရှိသည်။
ဦးထုပ်များ ခေါင်းပေါင်းများကဲ့သို့ပင် လွှတ်တော်အတွင်းမှ နိုင်ငံရေး သစ္စာစောင့်သိမှုကလည်း အရောင်အသွေး စုံလင်ပြီး ရှုပ်ထွေးပါသည်။
အတိုက်အခံခေါင်းဆောင် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ်နှင့် ချီ၍ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသူဖြစ်သည်။ ယခုအခါတွင် သူက တချိန်က သူ့ကိုဖမ်းဆီး ထိန်း သိမ်းခဲ့သူများနှင့်အတူ ယှဉ်ထိုင်နေပြီး စစ်တပ်ကို အပြစ်တင်ခြင်း သို့မဟုတ် ချီးမွမ်းခြင်းများ ပြုလုပ်နေသည်။ ထို့ကြောင့် သမ္မတရာထူး မျှော်လင့်ချက် များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ လေသံများ ပြောင်းလဲလာသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အဖွဲ့ဝင်တချို့အတွက် စိုးရိမ်စရာ ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ရာထူး ရယူနိုင်ခြင်းမရှိအောင် ရည်ရွယ်ရေးဆွဲထား သည့် ဥပဒေတခုကြောင့်လည်း သူ၏ မျှော်လင့်ချက်များက မှေးမှိန်နေသည်။
ထိုအချိန်တွင် စစ်တပ်က ခေါင်းပေါင်းမပေါင်း၊ ဦးထုပ်မပါသည့် ကိုယ်စားလှယ် ၁၆၆ ယောက်ထက် မက ပို၍ ကိုယ်စားပြုနိုင်ခွင့်ရှိနေသည်။
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခေါင်းပေါင်းပေါင်းထားသည့် ကိုယ်စား လှယ်အများစုမှာလည်း စစ်တပ်မှ အငြိမ်းစားယူထား သူများဖြစ်သည်။ သို့သော်လည်း စစ်တပ်၏ ကြီးမား သော ဩဇာလွှမ်းမိုးမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်မှုများရှိနေသည့်အချိန်တွင် အာဏာရပါတီက စစ်တပ်၏ လမ်းကြောင်းအတိုင်း မဲဆန္ဒပေးခြင်း အမြဲတမ်းမပြုလုပ်ခဲ့ပါ။
တိုင်းပြည်ကို ဆယ်စုနှစ်များစွာအတွင်း ဆင်းရဲနွမ်းပါးခြင်း၊ စစ်ပွဲနှင့် ပြည်သူများအကြား စိတ်ဝမ်း ကွဲပြားစေခြင်းတို့အတွက် တာဝန်ရှိသည်ဟု နိုင်ငံခြား တိုင်းပြည်များက ယူဆထားကြသည့် စစ်တပ်ကမူ သူ့ကိုယ်သူ တိုင်းပြည်ကို စုစည်းပေးထားသူနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များစွာ ပါဝင်နေပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် ပြည်တွင်းစစ်မှ ငြိမ်းချမ်းရေးရရှိအောင် အဆုံး အဖြတ်ပေးနိုင်မည့် သူများအဖြစ် ရှုမြင်နေသည်။ ခံစားခွင့်လည်း နည်းသည့်အပြင် ရာထူးတက်ရန် အခွင့်အလမ်းလည်း မရှိသည့်အတွက် လွှတ်တော်တွင် တာဝန်ပေးခံရခြင်းကို စိတ်ဝင်စားစရာ မကောင်းသည့် အရာတခုအဖြစ် ယူဆထား ကြသည်။
အရောင်အသွေး အတောက်ပြောင်ဆုံးဖြစ်သော ဦးထုပ်များမှာ ပဋိပက္ခများ ဖြစ်ပွားနေသည့် ပြည်နယ်များမှ တိုင်းရင်းသား နိုင်ငံရေးသမားများ ဖြစ်သည်။ အစိုးရနှင့် စစ်ပြေငြိမ်းခဲ့ပြီးနောက် အာဏာ အတွက် အလျှော့အတင်း ဈေးဆစ်မှုပြုလုပ်ရင်း ယခုအခါ ပိုမိုကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မျှော်လင့်နေကြသည်။
အငြိမ်းစား ဗိုလ်ချုပ်ကြီး တယောက်ဖြစ်သည့် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီ အပစ်အခတ်ရပ်စဲရေး ရရှိရန် ကတိပြုထား သော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်။
ဦးဝင်းထိန်က လွှတ်တော်အတွင်းတွင် အမှန် တကယ် ဖြစ်ပေါ်နေသည့် ဆန့်ကျင်ရှုပ်ထွေးမှုများကို သရုပ်ဖော် နမူနာပြသခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော မိတ်ဆွေတယောက် ဖြစ်သကဲ့သို့ ပါတီဝင်တဦးလည်းဖြစ်သော ဦးဝင်းထိန်သည် ယခင် ဆိုရှယ်လစ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက်က စစ်သားတဦး ဖြစ်ခဲ့သေးသည်။
ဗိုလ်ချုပ်ကြီး နေဝင်းကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့သည့် ကိစ္စတခုတွင် ပါဝင်ပတ်သက်ခဲ့သည် ဟု မှားယွင်းစွပ်စွဲခံရပြီး ၁၉၇၆ ခုနှစ်တွင် သူ့ကို တာဝန်မှ အနားယူစေခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောင်းသားများ၏ အုံြွကဆန္ဒပြမှုကြောင့် အစိုးရ အကျပ်အတည်းနှင့်ရင်ဆိုင်ခဲ့ရပြီး စစ်တပ်က ပြင်းထန်စွာ ဖိနှိပ်ဖြိုခွဲမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ယင်းနောက် ဒေါ်အောင်ဆန်းစု ကြည်၏ ပါတီသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် မကြာမီမှာ ပင်ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရသည်။ သူ၏ အသွင်ကူးပြောင်းမှုသည် စစ်ယူနီဖောင်းမှ ခေါင်းပေါင်းပြောင်းဆောင်းခဲ့သော ဦးသိန်းစိန်နှင့် မတူညီပါ။
ပျော်ရွှင်တတ်သည့် ဦးဝင်းထိန်က ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းမှ ရှောင်လွှဲနိုင်ရန် သူကြိုးစားရကြောင်းပြောသည်။ သူတို့၏ ဆက်ဆံ ရေးက အတော်လေးရှုပ်ထွေးသည်ဟုလည်း ရှင်းပြ သည်။
“တပ်ထဲမှာတုန်းက ကျနော်က သူတို့ထက် ဝါကြီးတယ်လေ။ ကျနော်တို့တွေ့ရင်သူတို့ကကျနော့် ကို အစ်ကိုကြီးလို့ခေါ်တယ်” ဟုသမ္မတနှင့် အစိုးရ အတွင်းမှ ထိပ်တန်းပုဂ္ဂိုလ်များကို ရည်ညွှန်း၍ သူက ပြုံးရင်းပြောသည်။
အကယ်၍ သမိုင်းကြောင်းသာ အနည်းငယ်မျှ ပြောင်းလဲခဲ့လျှင် ဦးဝင်းထိန် ကိုယ်တိုင်သည်လည်း အာဏာပြင်းသည့် ဗိုလ်ချုပ်တယောက် ဖြစ်လာနိုင်ပါသည်။ အနည်းဆုံးတော့ လွှတ်တော်ထဲမှာ သူမဆောင်းချင်သည့် ဦးထုပ်ကို မဆောင်းဘဲ နေနိုင်ပါလိမ့်မည်။
(The Associated Press သတင်းဌာနမှ Gabrielle Paluch ၏ In Burma’s Parliament, What’s on Your Head Matters ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)