မသန်စွမ်းသူများ လုပ်ငန်းခွင် အသီးသီး ဝင်ရောက် လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံ မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်နေသည့် Job Coaching Program ကို အကောင်အထည်ဖော်ရန် လျှောက်လွှာများ စတင် ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။
“Job Coaching Program ဟာ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ မဟုတ်ဘူး။ မသန်စွမ်းတွေက ပြင်ပလုပ်ငန်းတွေမှာ အများနည်းတူ အလုပ်လုပ်နိုင်ဖို့ ဆိုတဲ့ လမ်းကြောင်းကို ရည်ရွယ်ပြီး လုပ်တာပါ”ဟု JCCM အဖွဲ့ဝင် ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ဧရာဝတီကို ပြောသည်။
Job Coaching Program ဆိုသည်မှာ မသန်စွမ်းသူများ လုပ်ငန်းနယ်ပယ် အသီးသီးတွင် ဝင်ရောက်လုပ်ကိုင်ရာ၌ ကျင်လည် လုပ် ကိုင်ကြသည့် လုပ်ငန်းနယ်ပယ်၌ ပါဝင်ဦးဆောင်သူများ၊ အုပ်ချူပ်သူ လုပ်ငန်းရှင်များနှင့် မသန်စွမ်းသူများ အကြားတွင် ပေါင်းကူး တံတားအဖြစ် ညှိနှိုင်းလုပ်ဆောင်ပေးမည့် နည်းပြများမွေးထုတ်ပေးရန် ရည်ရွယ်သည့်အစီအစဉ်တခု ဖြစ်ကြောင်းလည်း သိရသည်။
“မသန်စွမ်းတွေကို သနားလို့ ခန့်လိုက်တာမျိုး မဟုတ်ဘဲ အဲဒီလို ခန့်နိုင်အောင် ဘာတွေ လုပ်ကြမလဲ။ ဘာတွေ လုပ်ဖို့ လိုသလဲ၊ မသန်စွမ်းတွေဘက်က ဘာတွေ ပြင်ရမလဲ၊ အစိုးရပိုင်းက ဘာတွေ လုပ်ပေးရမလဲ၊ စီးပွားရေး လုပ်ငန်းရှင်တွေက ဘာတွေ လုပ်ပေး ရမလဲ စသဖြင့် ဒီ Job Coach က တံတားတခုပါ”ဟု ဦးမြတ်သူဝင်းက ဆက်ပြောသည်။
Job Coaching Program ကို Job Coaching Coalition Myanmar (JCCM) ဟူသည့် အဖွဲ့က စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
JCCM ၌ သပြေပညာရေး ဖောင်ဒေးရှင်းက အကြံပေးအဖြစ် ပါဝင်ပြီး ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)၊ မြန်မာနိုင်ငံ အော် တစ် ဇင် အသင်း (ရန်ကုန်)၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းနှင့် ပြင်ဦးလွင် ပရဟိတ မျက်မမြင်ကျောင်းတို့က အဓိက ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
Job Coaching Program ကို အမေရိကန် နိုင်ငံတွင် ၁၉၈၆ ခုနှစ် ကတည်းက စတင်ခဲ့ပြီး ဂျပန်နိုင်ငံ၊ မလေး ရှား နိုင်ငံများတွင် လည်း လုပ်ဆောင်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ပထမဆုံးသော Job Coaching Program အတွက် ပရဟိတ ပါဝင်ဆောင်ရွက်မည့် သင်တန်းသားများကို ဂျပန်နှင့် မလေးရှားနိုင်ငံမှ Job Coaching ဆိုင်ရာ ကျွမ်းကျင်သူများက သင်ကြားပေးရန် စီစဉ်ထားကြောင်း ဦးမြတ်သူဝင်းက ပြောသည်။
Job Coaching Program တွင် လျှောက်ထား လုပ်ကိုင်ကြသူများကို အကျိူးခံစားခွင့် တစုံတရာ ပေးအပ်မည် မဟုတ်ကြောင်းနှင့် ပရဟိတ စိတ်ဓာတ်ရှိပြီး အလုပ်လုပ်နိုင်စွမ်းရှိသော၊ မသန်စွမ်းသူများ အတွက် တစုံတရာ အထောက်အကူ ပေးနိုင်မည့်သူဟု ယုံကြည်ချက် ရှိသူများ လျှောက်ထားနိုင်ကြောင်း JCCM အဖွဲ့ဝင် တဦးဖြစ်သူ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း ၏ ဒုတိယ ကျောင်းအုပ် ဒေါ်နော်လေးလေထူးက ပြောသည်။
“မသန်စွမ်းသူတွေ လုပ်ငန်းခွင် ဝင်ရောက်ရေးမှာ စွဲစွဲမြဲမြဲ၊ အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်ပေးနိုင်မယ့် Coach တွေလို အပ်တယ်”ဟုလည်း ၎င်းက ဆိုသည်။
Job Coaching Program ၏ ပထမဆုံး သင်တန်းတွင် သင်တန်းသားဦးရေ ၈၀ ခေါ်ယူရန် လျာထားကြောင်း လျှောက်လွှာများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်ပြီး JCCM အဖွဲ့ဝင် ရုံးများတွင် ထုတ်ယူရရှိနိုင်ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် နောက် ဆုံး ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်က လူမှုဝန်ထမ်း ဦးစီးဌာနနှင့် The Leprosy Mission Myanmar တို့ ပူးပေါင်း ကောက်ယူသော စစ်တမ်းအရ မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ တွင် မသန်စွမ်းဦးရေ ၁ ဒသမ ၃ သိန်းခန့် ရှိကြောင်း သိရသည်။