ရပ်ကျေးနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်များကို ပြန်လည်ဖွဲ့စည်းရန် နိုင်ငံရေးပါတီများက တင်ပြခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေအရ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်၌ ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီ ၆၅ ပါတီ တွေ့ဆုံပွဲတွင် ထိုသို့ ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ဘက်က ဆွေးနွေးတာက အဲဒီရပ်ကျေးတွေမှာ ဝင်ပြိုင်မယ့်နိုင်ငံရေးပါတီတွေတော့ ပါဝင်စေချင်တယ်။ အဲဒီလို ဆွေးနွေး တဲ့အခါမှာ အဆင်မပြေဘူး။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ပြောတာတော့ ဒါက ဥပဒေကြောင်းအရ ဝန်ထမ်းပဲ ခန့်တယ်လို့ ပြောတယ်။ အဲဒီအပေါ်မှာတော့ ကျနော့်အနေနဲ့ ကျေနပ်မှု မရှိဘူး”ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ဗဟို သုတေသန လမ်းညွှန်အဖွဲ့မှ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ပြောသည်။
ထိုတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများ ကျင့်ဝတ်ဆိုင်ရာ အချက်များ အပါအဝင် မဲဆန္ဒနယ်များကို စာရင်းပြုစုရာတွင် နိုင်ငံရေး ပါတီများ ပါဝင်ခွင့်ရရန် စသည့်အချက်များကိုလည်း အဓိက အချက်များအဖြစ် ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ယခင် ရွေးကောက်ပွဲကျင်းပစဉ်က နိုင်ငံရေးပါတီများအနေနှင့် မဲဆန္ဒနယ်များ၌ စာရင်းပြုစုရာတွင် ပါဝင်ခွင့်မရခဲ့သော်လည်း ယခု ဆွေးနွေးပွဲ ရလဒ်များအရ နောက်ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ရရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။
“အရင်တုန်းကတော့ မဲဆန္ဒနယ်တွေကို စာရင်းပြုစုတဲ့လုပ်ငန်းတွေမှာ နိုင်ငံရေးပါတီတွေက ဝင်မဲဆွယ်သွားမှာစိုးလို့ ပါဝင်ခွင့်မပေး ခဲ့ဘူး။ ဆွေးနွေးပွဲမှာ NLD အနေနဲ့ ကျနော်ရယ်၊ ကရင် ပါတီရယ်၊ SNLD ဆွေးနွေးတယ်။ အဲဒါကို သူတို့ဘက်က ပါသင့်တယ် လို့ သူတို့ ဆုံးဖြတ်တာပေါ့ဗျာ”ဟု ဦးမျိုးရန်နောင်သိမ်း ကပြောသည်။
၎င်းကဆက်ပြီး“ကျနော်တို့ဘက်ကတော့ နယ်ထိအောင် ကျနော်တို့ လူတွေရှိနေတယ်။ အိမ်ထောင်စုစာရင်း မရှိတဲ့နေရာတွေ၊ မှတ် ပုံတင် မရှိတဲ့နေရာတွေမှာ ကျနော်တို့က ဝိုင်းလုပ်ပေးနိုင်တယ်။ အဲဒီတော့ မဲဆန္ဒရှင်တွေ မဆုံးရှုံးတော့ဘူးပေါ့။ ဒီအပေါ်မှာတော့
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က အဆင်ပြေတယ်ပေါ့ဗျာ”ဟုလည်း ပြောဆိုသည်။
ထို့နောက် ဇန်နဝါရီလတွင် ထပ်မံတွေ့ဆုံရန် ရှိကြောင်း၊ နောက်ဆက်တွဲအဖြစ် လာမည့်တွေ့ဆုံမှုတွင် နိုင်ငံရေးပါတီများ ပူးပေါင်းပြီး ကျင့်ဝတ်ဆိုင်ရာ အချက်များကို ဆက်လက်ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်နှင့် နိုဝင်ဘာလ ပထမ အပတ်တွင် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ထပ်မံ ကတိပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ မီကာဆာ ဟိုတယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးမျာ မဟာမိတ် အဖွဲ့ (UNA) ၊ NLD၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)တို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
ယင်းဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးပါတီများ လိုက်နာရမည့်ကျင့်ဝတ်ဆိုင်ရာ အချက်များကို နိုင်ငံရေးပါတီများက ဦးဆောင်ဆွေးနွေးသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။