အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)က ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ တောင်သူ လယ်သမားတွေကို မနေ့က တွေ့ဆုံပွဲကျင်းပပြီး စည်းရုံးမှုတွေ လုပ်ဆောင်ပါတယ်။
ဧရာဝတီတိုင်းမှာရှိတဲ့ မြို့နယ် ၂၆ ခုစလုံးက လယ်သမား ကိုယ်စားလှယ် ၅၀၀၀ ကျော်ကို ဖိတ်ကြားပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့လို့ ယူဆရတဲ့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို ပုသိမ်မြို့ ကန်သာယာကွင်းမှာ ကျင်းပခဲ့ တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းအနှံ့က လယ်သမား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ အဲဒီပွဲမှာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဧရာဝတီ တိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ လည်းဖြစ်၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဦးသိန်းအောင်တို့က လယ်သမား တွေကို စည်းရုံးဟောပြောတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ တောင်သူလယ်သမားများဘ၀ တိုးတက်မြင့်မားရေးအတွက် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေကို လွှတ်တော်မှာ အတည်ပြုပြဌာန်းပေးနိုင်ခဲ့ပြီး ဒီဥပဒေ အသက်ဝင်လာဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ တောင် သူ လယ်သမားတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ လည်း ဖြစ်တဲ့ သူရဦးရွှေမန်းက လူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဦးရွှေမန်းက ဆက်လက်ပြီး“လာမယ့်ဘဏ္ဍာနှစ်က စပြီးတော့ ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုတွေကို တောင်သူလယ်သမားများ ရရှိ ခံစားအောင် ကျနော်တို့ပါတီနဲ့ ကျနော်တို့ပါတီဝင် တောင်သူလယ်သမားများနဲ့ တနိုင်ငံလုံးမှာရှိကြတဲ့ တောင်သူလယ်သမားများ ပူးပေါင်း ဆောင်ရွက်သွားရမယ့် အခြေအနေပဲ ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေမှာ ချေးငွေနဲ့ ပတ်သက်ပြီး ပိုရရေး၊ အချိန်တိုးမြှင့်သတ်မှတ်ရေး၊ လက်ရှိကျင့်သုံး နေတဲ့ ဝိုင်းကြီးချုပ်စနစ် ဖျက်သိမ်းပြီး ကိုယ့်တာဝန် ကိုယ်ယူသည့်စနစ် ပြောင်းလဲရေး၊ သီးနှံပျက်စီးမှု ထောက်ပံ့ကြေး၊ နည်းပညာကောင်း ရရှိရေး၊ ထုတ်ကုန် ဈေးနှုန်း စတဲ့အချက်တွေ ထည့်သွင်းရေးဆွဲထားကြောင်း၊ လာမယ့် မိုးရာသီ စိုက်ပျိုးချိန် အမီ မဖြစ်မနေ ဆောင်ရွက်ပေးနိုင်ရန် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ် တွေက ဆောင်ရွက်နေကြောင်းလည်း ဦးရွှေမန်းက လယ်သမားတွေကို ဟောပြောသွားပါတယ်။
ဧရာဝတီတိုင်းကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်ကတော့ ပြီးခဲ့တဲ့ ကာလဟာ အစိုးရအနေနဲ့ နိုင်ငံကို အခြေခံကောင်းတွေ တည်ဆောက်တဲ့ကာလဖြစ်ပြီး ၂၀၁၅၊ ၂၀၁၆ နောက်ပိုင်းမှာ တည်ဆောက်ခြင်းရဲ့အသီးအပွင့်တွေခံစားရမှာမို့လို့ တောင်သူလယ်သမားတွေ အနေနဲ့ စဉ်းစားပြီး ဆောင်ရွက်ကြဖို့ ပြောဆိုပါတယ်။
“၂၀၁၅၊ ၂၀၁၆ နောက်ပိုင်းမှာ ဒီဟာတွေသည် အရှိန်အဟုန်နဲ့သွားရမယ့် လုပ်ငန်းများ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တောင်သူလယ် သမားကြီးများအနေနဲ့ ၂၀၁၅၊ ၂၀၁၆ နောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ သွားနိုင်ဖို့အတွက် စဉ်းစား ဆောင်ရွက်ရမယ့် ကိစ္စတရပ် ဖြစ်ပါတယ်”လို့လည်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောဆိုခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို ကြံ့ခိုင်ရေးပါတီ ထိပ်တန်း ခေါင်းဆောင်တွေဖြစ်တဲ့ ဒု ဥက္ကဋ္ဌ ဦးဌေးဦး၊ သူရဦးအေးမြင့် တို့လည်း တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ အပါအဝင် ဧရာဝတီတိုင်း တခုလုံးက ကြံ့ခိုင် ရေး ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြပါတယ်။
ပုသိမ်မြို့မှာ ကျင်းပခဲ့တဲ့ တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲဟာ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဧရာဝတီတိုင်းမှာ ပထမဆုံး ကျင်း ပခဲ့တာ ဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ မကြာခင်မှာ ပဲခူးတိုင်းအရှေ့ခြမ်းမှာ လည်း တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲ ကျင်းပသွားဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ တောင်သူလယ်သမားရေးရာ၊ အလုပ်သမားရေးရာ၊ အမျိုးသမီးရေးရာနဲ့ လူငယ်ရေးရာ ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက် သွားနိုင်ရေးတွက် စည်းရုံးလှုပ်ရှားခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ပါတီ အခြေခံစည်းမျဉ်းမှာကိုက လူထုလူတန်းစား အလွှာလိုက် စည်းရုံးမယ်လို့ ပါရှိပါတယ်။ လူငယ်ဆို လူငယ်အလိုက် စည်းရုံးမယ်။ အမျိုးသမီးဆို အမျိုးသမီးချင်းစည်းရုံးမယ်။ အလုပ်သမားဆို အလုပ်သမားချင်း စည်းရုံးမယ်။ လယ်သမားဆို လယ် သမားချင်း စည်းရုံးမယ်၊ အတတ်ပညာရှင်တွေလည်း စည်းရုံးမှာပဲ၊ ဂီတအနုပညာရှင်တွေကိုလည်း ကျနော်တို့ စည်းရုံးမှာပဲ”လို့ သူ က ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ ပါတီထဲဝင်ရောက်ထားတဲ့ လယ်သမားကိုတော့ ပါတီဝင်တောင်သူလယ်သမားလို့ ခေါ်ဝေါ်သုံးနှုန်းပြီး ပါတီ ဝင်မထားတဲ့ လယ်သမားတွေကို မိတ်ဖက်တောင်သူလယ်သမားလို့ သုံးနှုန်းပါတယ်။
မနေ့ကကျင်းပတဲ့ လယ်သမားရေးရာပွဲကိုလည်း ပါတီဝင်မဟုတ်တဲ့ မိတ်ဖက် တောင်သူလယ်သမား အများအပြား တက်ရောက်ခဲ့ တယ် လို့ ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ က ပြောပါတယ်။
“မိတ်ဖက် တောင်သူလယ်သမား ဆိုတာတော့ ပါတီမဝင်သေးဘဲနဲ့ ကျနော်တို့ပါတီဝင် လယ်သမားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေ သူ တွေကို မိတ်ဖက်လို့ သတ်မှတ်တာပေါ့။ ပူးပေါင်းတော့လုပ်တယ်။ ပါတီတော့ မဝင်ထားဘူး။ ပါတီဝင် တောင်သူလယ်သမား ကနေ တဆင့် မိတ်ဖက်ကို စည်းရုံးတဲ့သဘောတော့ ပါပါတယ်”လို့ ဦးအောင်တင်မြင့်က ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအနေနဲ့ လယ်သမားတွေအပေါ် အမှန်တကယ်စေတနာထားပါက သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်လယ်သမားတွေ ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ အရင်ဦးဆုံးလုပ်ဆောင်ပေးသင့်ကြောင်း လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက်(HRWDN)မှ ကိုမောင်မောင်ကြီးက ပြောပါတယ်။
“လယ်ယာမြေတွေ မတရားသိမ်းဆည်းခံထားရတဲ့၊ အခုချိန်အထိလည်း ပြန်မရသေးတဲ့လယ်သမားတွေ ဧရာဝတီတိုင်းမှာ အများကြီး ရှိနေပါတယ်။ ကြံ့ခိုင်ရေးပါတီအနေနဲ့ လယ်သမားတွေအပေါ် တကယ်စေတနာထားတယ်ဆိုရင် သူတို့လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင်လယ်သမားတွေ ပြန်လည်ပိုင်ဆိုင်ခွင့်ရအောင် အမြန်ဆုံးကြိုးပမ်းပေးသင့်ပါတယ်”လို့လည်း သူက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေစုံစမ်းရေးကော်မရှင် အစီရင်ခံစာအရ ဧရာဝတီတိုင်းအတွင်းမှာ သိမ်း ဆည်း ခံ လယ်ယာမြေဧက ၂ သိန်းကျော်ရှိကြောင်း၊ အဲဒီ ၂ သိန်းကျော်အနက်မှာ သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးအောင်သက်မန်း ဦးဆောင်တဲ့ ဧရာရွှေဝါ ကုမ္ပဏီတခုတည်းက သိမ်းဆည်းရယူလုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေဧက ၄ သောင်း ၂ ထောင်ကျော် ပါဝင်ကြောင်း သိရပါတယ်။
ဧရာဝတီတိုင်းမှာ လယ်သမားဦးရေ ၆ သိန်းကျော်ရှိပြီး လယ်သမားအရေအတွက်ဟာ တိုင်းတခုလုံး လူဦးရေရဲ့ ၇၄ ရာခိုင်နှုန်းရှိကြောင်း ဧရာဝတီတိုင်း အစိုးရရုံးစာရင်းများမှာ ပါရှိပါတယ်။