လတ်တလောဖြစ်ပွားခဲ့ပြီး တပ်မတော်သား ၇ ဦး ကျဆုံးခဲ့သော ရှမ်းပြည်နယ် မြောက်ပိုင်း အစိုးရ တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲများသည် အစိုးရ ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှု မရရှိခြင်းကို အခိုင်အမာ သက်သေပြမှုတခုဖြစ်သည်။
ယင်းတိုက်ပွဲများတွင် တပ်မတော်နှင့် တိုက်ခိုက်ခဲ့သော မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) သည် ၂၀၀၉ ခုနှစ်တွင် ယခင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသဖြင့် တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့သော တရုတ်-မြန်မာနယ်စပ် လောက်ကိုင်ဒေသ အခြေစိုက် ကိုးကန့်တပ်ဖွဲ့ဖြစ်သည်။
ယင်းကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ အစောဆုံး ခွဲ ထွက်လာသည့် အဖွဲ့ဖြစ်ပြီး အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေး ရယူခဲ့သော အဖွဲ့တခု
ဖြစ်သည်။ ဖုန်ကြားရှင်နှင့် ဖုန်ကြားဖူးတို့ ဦးဆောင်သည့် အဆိုပါ ကိုးကန့်အဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီး နောက်ပိုင်းတွင် အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့ ခိုင်းသည့်အခါ လက်မခံသောကြောင့် တပ်မတော်က ကိုးကန့် ထိန်းချုပ်ရာ အထူးဒေသ ၁ ကို ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
တပ်ဦးဘီလူးဆိုသကဲ့သို့ ဒေသခံများကို အစိုးရစစ်တပ်က ရက်စက်စွာ ပြုမူဆက်ဆံခဲ့သဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံကပင် သတိပေးခဲ့ရသည်။ လက်နက်ချ ကိုးကန့်ခေါင်းဆောင် တချို့ကို သူကောင်းပြုပြီး နိုင်ငံရေးသမားများအသွင်ပြောင်းပြီး လွှတ်တော်ထဲ ပို့နိုင်ခဲ့သော်လည်း ကိုးကန့်ဒေသ အစစ်အမှန် ငြိမ်းချမ်းသွားခြင်း မဟုတ်သည်ကို ယခု ပြန်လည်ပေါ်ပေါက်လာသော ကိုးကန့်အဖွဲ့က သက်သေပင်။
တပ်မတော်၏ သဘောထားမှာ လုံခြုံရေးကို ရှေ့တန်းတင်၍ လက်နက်ကိုင်များ လက်နက်ဖြုတ်သိမ်းရေး အပါအဝင် စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုရေး၊ အရပ်သားအဖြစ် ပြန်လည်ပေါင်းစည်းရေး ဖြစ်သော Disarmament ၊ Demobilization နှင့် Reintegration (DDR) ကို ပုံဖော်လိုသည်မှာ နားလည်နိုင်ပါသည်။ သို့သော် နိုင်ငံတကာတွင်မူ နိုင်ငံရေး အဖြေတခု သို့မဟုတ် တဖက်နှင့်တဖက် ယုံကြည်မှု တည်ဆောက်နိုင်သည့် အခါ မျိုးရောက်မှသာလျှင် DDR က ဆက်လက် အကောင်အထည်ဖော်နိုင်လေ့ရှိသည်။
ဥပမာအားဖြင့် မကြာမီက ငြိမ်းချမ်းရေးရယူနိုင်ခဲ့သော ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဗဟိုအစိုးရက အာမခံခဲ့ပြီး လက်နက်ကိုင်အင်အားစုများ ကိုယ့်ဒေသကိုယ် ပြန်လည် လုံခြုံရေးယူမည့် ရဲတပ်ဖွဲ့ပုံစံ ပြန်လုပ်ကြသည်။ ထို့ကြောင့် ရေရှည်ခံသော ငြိမ်းချမ်းရေး လိုချင်လျှင် မိမိဩဇာခံရုံ သို့မဟုတ် လက်နက်ဖြုတ်သိမ်းလိုက်ရုံနှင့် မပြီးပါ၊ ဒေသခံများက မိမိတို့ဘဝ လုံခြုံစိတ်ချရသည်ဟု ယုံကြည်လာနိုင်မည့် နိုင်ငံရေး ဝန်းကျင်ကောင်းတခု ဖန်တီးပေးရန် လိုအပ်ပါသည်။
သမ္မတ ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် အာဏာ စတင် ရယူပြီး နောက်ပိုင်း ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်မည်ဟု ပြောဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့သော်လည်း ယခုအခါ ၃ နှစ်ကျော်ကြာမြင့်လာပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာလည်း အရာမထင်ဘဲ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းသည် ဟောင်းနွမ်းပြီး ခေတ်မမီတော့သော လုံခြုံရေးဆိုင်ရာ နည်းလမ်းကို ဆက်လက်ကိုင်စွဲထားခြင်းကြောင့် ဖြစ်သည်။
ခေတ်မီပြီး ရေရှည်အမြင်ရှိသည့် လုံခြုံရေးဆိုင်ရာ အယူအဆမှာ စစ်ရေးအမြင် တခုတည်းတွင်သာ အခြေမခံဘဲ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ မညီမျှမှုများကို အသိအမှတ်ပြု လက်ခံ ဖော်ထုတ် ဖြေရှင်းလိုသော သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို တာဝန်သိစွာ လုပ်ပိုင်ခွင့်ရှိစေသော ချဉ်းကပ်မှုအပေါ်လည်း အခြေခံသည်။ စစ်အစိုးရအဆက်ဆက် ကျင့်သုံးလာခဲ့သည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် အတွေးအကြံဟောင်းများကို မစွန့်လွှတ်နိုင်သရွှေ့ ပြည်တွင်းစစ် ရပ်စဲရေးမှာ ရွှေပြည်တော် မျှော်တိုင်း ဝေးပါဦးမည်။ ။