ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအပေါ် ဧရာဝတီ၏ သဘောထား ကြေညာချက်
This article has been converted from Zawgyi One to Unicode
၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ထွက်ရှိသော ပြန်ကြားရေး ဝန်ကြီးဌာနပိုင် သတင်းစာများ၌ ပါရှိသော သတင်းထုတ်ပြန် ကြေညာချက် အတိုင်း မိမိတို့၏ အပတ်စဉ် မြန်မာ ဘာသာဖြင့် ထုတ်ဝေသော ဂျာနယ်နှင့် လစဉ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မဂ္ဂဇင်းတို့၏ အမှတ်တံဆိပ် The Irrawaddy ကို မပြောင်းလဲဘဲ ဆက်လက် ထုတ်ဝေသွားမည် ဖြစ်သည်။
မိမိတို့သည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များနှင့်အတူ စာပေစိစစ်ရေးဌာန၏ တင်/ထုတ် တည်းဖြတ်မှုစနစ်ကို ဖျက်သိမ်းလိုက်အပြီး ထုတ်ဝေခွင့်လိုင်စင် လျှောက်ထားခဲ့ရာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့တွင် ဂျာနယ်အတွက် ခွင့်ပြုချက်အမှတ် ၀၅၀၃၆၊ မဂ္ဂဇင်းအတွက် ခွင့်ပြုချက်အမှတ် ၀၄၄၇၀ အဖြစ် ရရှိခဲ့ပါသည်။ မည်သူမျှ ကန့်ကွက်ခဲ့ခြင်း မရှိခဲ့ပါ။
သို့သော် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး လက်မှတ်ရေးထိုးသော ၂၀၁၄ ဇန်နဝါရီ ၂၁ ရက် နေ့စွဲဖြင့် ဧရာဝတီသို့ ပေးပို့လာသော အကြောင်းကြားစာတွင် နိုင်ငံတော်မှ သတ်မှတ်ထားသော အမည်နာမများအတိုင်း ဂျာနယ်အမည်ပြောင်းလဲသုံးစွဲရန် (မဂ္ဂဇင်း မပါဝင်ပါ) ညွှန်ကြားလာပါသည်။
မိမိတို့ဘက်မှ The Irrawaddy အမှတ်တံဆိပ်သည် မိမိတို့ကိုယ်ပိုင် မူပိုင်ခွင့်နှင့်သာသက်ဆိုင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တင်ပြသလို နိုင်ငံတော်မှ သတ်မှတ်ထားသော အမည်နာမများနှင့် မသက်ဆိုင်ကြောင်း၊ မိမိတို့သည် ဤအမှတ်တံဆိပ်နှင့် နှစ် ၂၀ ကျော် လုပ်ကိုင်လာပြီး ဖြစ်သည့်အပြင် တရားဝင်မှတ်ပုံတင်ထားပြီး ဖြစ်သောကြောင့် မပြောင်းလဲနိုင်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြန်လည်အကြောင်းကြားခဲ့ပါသည်။
ယင်းကိစ္စသည် သတင်းမီဒီယာလုပ်ငန်းတခုကို ပြန်ကြားရေးဝန်ကြီးဌာနက ဝင်ရောက်စွက်ဖက်မှုဟု နိုင်ငံတကာရှိ သတင်းစာလွတ်လပ်ခွင့် စောင့်ကြည့်ကာကွယ်ရေးအဖွဲ့များက သတ်မှတ်ခဲ့ကြပါသည်။
ပုံနှိပ်ခြင်းနှင့် မှတ်ပုံတင်ခွင့် လိုင်စင် သတ်တမ်းတိုးသည့်အချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် The Irrawaddy ကို အမှတ်တံဆိပ်အနေဖြင့် သုံးစွဲခွင့်ရှိမည်ဟု အသိအမှတ်ပြုလာခဲ့ပါသည်။ သို့သော် “ဂျာနယ်၊ မဂ္ဂဇင်းအမည် လျှောက်ထားသည့် စာသားအသုံးနှင့် တည်ဆဲဥပဒေဖြစ်သည့် စကားရပ်များ သတ်မှတ်သည့် ဥပဒေအရ မြန်မာဘာသာဖြင့် ဧရာဝတီ သို့မဟုတ် သတ်မှတ်ထားသည့် အင်္ဂလိပ်စာလုံးအတိုင်း ပြောင်းလဲသုံးစွဲနိုင်ရေး” အကြောင်းကြားလာပြန်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တင်ပြထားသော ဥပဒေမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရမဟုတ်ဘဲ စစ်အာဏာသိမ်းကောင်စီက ၁၈- ၆- ၁၉၈၉ ခုနှစ်တွင် တဖက်သက် ပြဌာန်းခဲ့ခြင်းသာ ဖြစ်သောကြောင့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော ယခုကာလမျိုးနှင့် များစွာ သင့်လျော်ခြင်း မရှိပါ။
သို့သော် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ အမှတ်တံဆိပ် The Irrawaddy ကို ဆက်လက်သုံးစွဲခွင့်ရှိမည်ဟု ဖော်ပြထားပြီး လိုင်စင် သက်တမ်းတိုး လျှောက်လွှာပါ ဂျာနယ်နှင့် မဂ္ဂဇင်းအမည် ဖြည့်စွက်ချက်တွင် The Irrawaddy အစား မြန်မာဘာသာဖြင့် ဧရာဝတီဟုသာ ရေးသားစေလိုကြောင်း ယူဆသဖြင့် လျှောက်လွှာတွင် မြန်မာဘာသာဖြင့် “ဧရာဝတီ” ဟု ပြန်လည် ရေးသားပြီးပါကြောင်း သတင်းထုတ်ပြန်ပါသည်။
ဆက်သွယ်ရန်
အောင်ဇော် : +66 81 882 1309
ကျော်စွာမိုး : 09 45006 7831
ရဲနည် : 09 5083 707
ဝင်းသူ : 09 45006 1945