တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကြား ရန်ကုန်မြို့၌ ဒီဇင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်တွင် အကြိုညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ဖွဲ့စည်းထားသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တို့မှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဒီဇင်ဘာလ ၁၅ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုအစည်းအဝေးမှ တဆင့် ယခုကဲ့သို့ အကြိုညှိနှိုင်းရန် ဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောဆိုသည်။
ရန်ကုန်မြို့ MPC တွင် ပြုလုပ်မည့် တွေ့ဆုံပွဲ၌ NCCT အဖွဲ့မှ ဒုခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့မှ ကိုယ်စားလှယ်များ ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ အစိုးရဘက်မှ စစ်တပ် ကိုယ်စားလှယ်များလည်း ပါဝင်မည်ဟု ယူဆရကြောင်း NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ က ပြော သည်။
“ဒီဇင်ဘာ ၂၂ ၊ ၂၃ တွေ့ဆုံမယ့်ပွဲက NCCT နဲ့ UPWC တို့ ၇ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမယ့်ပွဲ မဟုတ်ဘူး၊ အဲဒီ ၇ ကြိမ်မြောက် ဖြစ်ပေါ်လာဖို့ အတွက် အကြိုဆွေးနွေးတဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးသာ ဖြစ်တယ်”ဟုလည်း နိုင်ဟံသာက ပြောဆိုသည်။
NCCT နှင့် UWPC တို့ မတွေ့ဆုံနိုင်ခြင်းသည် နိုဝင်ဘာလ ၁၉ ရက်က ဖြစ်ပွားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ဗိုလ်သင်တန်းကျောင်းကို အစိုးရ စစ်တပ်က ပစ်ခတ်မှုကြောင့် သင်တန်းသား ဗိုလ်လောင်း ၂၃ ဦး သေဆုံးမှု အပေါ် အစိုးရ က တစုံတရာ တုံ့ပြန်ဖြေရှင်းမှု မရှိခြင်းကြောင့်ဟု NCCT အဖွဲ့က ပြောသည်။
KIA သင်တန်းကျောင်းအား ပစ်ခတ်မှုနှင့် သင်တန်းသားများ သေဆုံးမှုအပေါ် စိတ်ဒဏ်ရာ ကုစားနိုင်ရေး ၊ တခြား ဒေသများ ၌ နောက်ထပ် ပစ်ခတ်မှု မဖြစ်ပေါ်ရေးနှင့် လုံခြုံရေးအတွက် အစိုးရ အနေဖြင့် ဖြေရှင်းပေးရန် မေးမြန်းထားသော်လည်း တိကျသည့် ဖြေ ဆိုမှု မရှိကြောင်း နိုင်ဟံသာ က ဆက်ပြောသည်။
နိုင်ဟံသာက“KIA သင်တန်းကျောင်းကို ပစ်ခတ်တာဟာ မတော်တဆမှု ဖြစ်တဲ့အတွက် စိတ်မကောင်းဘူးလို့ပဲ ဦးအောင်မင်း က ပြောတယ်၊ ဦးအောင်မင်းရဲ့ ဖြေဆိုမှုဟာ လုံလောက်တဲ့ အဖြေ မဟုတ်ဘူး”ဟုလည်း ပြောသည်။
ထို့အတူ NCCT နှင့် UWPC တွေ့ဆုံရန် ညှိနှိုင်း မရသေးသည့် အချက်များ၌ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ပေါ် လာရေး ကိစ္စ၊ လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ ကြားကာလအတွင်း လက်နက်ကိုင်အဖွဲ့များ၏ သွားလာ လှုပ်ရှားမှု အနေအထားများ နှင့် နိုင်ငံရေး ဆွေးနွေးပွဲများကို မည်ကဲ့သို့ ဆောင်ရွက်သွားမည် စသည့် အချက်များအား နှစ်ဘက် အကြား ညှိနှိုင်း ဆဲ ဖြစ်ကြောင်း NCCT အဖွဲ့ဝင်များ က ပြောသည်။
NCCT အဖွဲ့ဝင် တဦးဖြစ်သူ ခွန်ဥက္ကာက အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှုများ နည်းပါးနေပြီး နိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်နေဆဲ ဖြစ်၍ ၎င်းတို့ကို လျှော့ချနိုင်အတွက် နားလည်မှု တည်ဆောက်ရန် လိုအပ်နေသေးကြောင်း ပြောဆိုသည်။
KIA ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ နှစ်ဘက်အကြား တင်းမာမှု လျှော့ချနိုင်ရန် NCCT နှင့် UPWC အဖွဲ့ တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တွေ့ဆုံမှု တရပ်ပြုလုပ်နိုင်ရန်လည်း NCCT ဘက်က ကမ်းလှမ်းထားကြောင်း သိရသည်။
MPC ကိုယ်စားလှယ် အဖွဲ့မှ ဦးလှမောင်ရွှေက ချင်းမိုင်ဆွေးနွေးပွဲများ၌ ရလဒ် ကောင်းများ ရှိကြောင်း၊ ရန်ကုန်တွင် တွေ့ဆုံကြမည့် NCCT ကိုယ်စားလှယ်များနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားများ တွေ့ဆုံ ဆွေးနွေးပွဲများကလည်း NCCT နှင့် UWPC တို့ တွေ့ဆုံမှုအတွက် အဖြေထွက်လိမ့်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“KIA ကိစ္စကတော့ မတော်တဆမှုပဲ ဖြစ်တယ်၊ ဒီအတွက်လည်း စိတ်မကောင်းဘူးလို့ ဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်၊ ရန်ကုန်မှာ တွေ့တဲ့အခါမှာလည်း ဒါတွေကိုပါ ဆွေးနွေးနိုင်မှာပါ”ဟု ဦးလှမောင်ရွှေက ပြောဆိုသည်။
UPWC နှင့် NCCT တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ အထိ ၆ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်သော်လည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် လက်မှတ်ရေးထိုးနိုင်မည့် အချက်များကိုမူ နှစ်ဘက်စလုံး ညှိနှိုင်းနိုင်ခြင်း မရှိသေးပေ။
သို့သော် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်မည့် အချက်အလက် အများစုကို သဘောတူညီပြီး ဖြစ်ကြောင်း၊ ညှိနှိုင်းစရာ အနည်းငယ်သာ ကျန်တော့ ကြောင်း၊ အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုလည်း သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်းတွင် လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း မီဒီယာများကို ပြောဆိုထားသည်။