မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်ခွင့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မူဝါဒတခု ရေးဆွဲနိုင်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု ရာခိုင်နှုန်း တိုးတက်လာစေရေး အတွက် ရွေးကောက်ပွဲ စနစ်များဆိုင်ရာ နိုင်ငံတကာ ဖောင်ဒေးရှင်း (IFES) ၊ ပြည်တွင်းရှိ အမျိုးသမီး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မူဝါဒ အကောင် အထည်ဖော်ရေး လုပ်ငန်းစဉ် (Action plan) ကို ရွေးကောက်ပွဲ ကော်မရှင်က လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ယင်းကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧရာဝတီသို့ ပြောသည်။
“အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ Workshop လုပ်တဲ့ အခါကျတော့ အကြံပြုချက်တွေ ထွက်တယ် ။ အဲဒီ အကြံပြု ချက်တွေ အပေါ်မှာ အခြေခံပြီးတော့မှ အခု Action plan ဆွဲမလို့ စပြီး ဆောင်ရွက်နေပြီ။ Policy သဘောမျိုးပါ” ဟု ဒေါက်တာ ဒေါ်မြင့်ကြည်က ပြောသည်။
အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမို စိတ်ဝင်စားလာစေရန်၊ လွှတ်တော်ထဲတွင် ပိုမို ပါဝင်လာစေရန်၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်လာစေရန် စသည့် အချက်များမှာ ရေးဆွဲမည့် Action plan ၌ ပါဝင်မည် ဖြစ်သော်လည်း အသေးစိတ် မပြောဆိုနိုင်သေးကြောင်း၊ သို့သော် Action plan ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အပြီးသတ် ရေးဆွဲသွားမည် ဖြစ်ကြောင်း ကော်မရှင်က ပြောသည်။
လက်ရှိ အမျိုးသား လွှတ်တော်တွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်ပါဝင်မှုမှာ၂.၄၆ ရာခိုင်နှုန်းနှင့် ပြည်သူ့ လွှတ်တော်တွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် ၇.၆၉ ရာခိုင်နှုန်းသာ ရှိသဖြင့် အမျိုးသမီး ပါဝင်မှု နည်းပါးနေ သေးကြောင်း ကော်မရှင်က ပြောဆိုသည်။
Women’s Organizations Network of Myanmar (WON) မှ နန်းသန္တာအောင်က “မြန်မာနိုင်ငံမှာ အမျိုးသမီး တွေရဲ့ ပါဝင်မှုက အရမ်းကို အားနည်းနေသေးတယ်။ အထူးသဖြင့် ဆုံးဖြတ်ချက် ချနိုင်တဲ့ နေရာမျိုးတွေမှာပေါ့။ ဒီလို Policy လေးနဲ့ လုပ်မယ်ဆိုရင်တော့ အမျိုးသမီးတွေ ပါဝင်မှု မြင့်တက် လာနိုင်မယ် ထင်ပါတယ်” ဟု ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းကလည်း အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမို ပါဝင်လာပါက တိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှုသည် အတိုင်းအတာတခုထိ လျော့ကျလာမည်ဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများ ကျဆင်းကာ ပိုမို သန့်ရှင်းသည့် နိုင်ငံရေးစနစ်တခုကို ရရှိလာနိုင်ကြောင်း ပြောဆိုသည်။
“အမျိုးသမီးတွေ နိုင်ငံရေးမှာ၊ အုပ်ချုပ်ရေးမှာ ပါလာရင် လာဘ်ပေးလာဘ်ယူမှု ကျဆင်းတယ် ဆိုတာကတော့ နိုင်ငံတကာ သုတေသနတွေမှာ ရှိတယ်လေ။ နိုင်ငံရဲ့ ၅၀ ရာ ခိုင်နှုန်းကျော်က အမျိုးသမီးတွေ ဖြစ်ပြီးတော့ အဲဒီ ၅၀ ရာခိုင်နှုန်းကျော်ကို မှီခိုနေတာက ၇၀ ရာခိုင်နှုန်းသော လူဦးရေ ရှိတယ်။ ဒါကြောင့် အမျိုးသမီးတွေဘ၀ မြင့်တက် လာခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကနေ ရုန်းထွက်လာနိုင်မယ်လို့ ပြောတာ” ဟု ဒေါ်ညိုညိုသင်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း နိုင်ငံရေးပါတီများ အနေဖြင့် လာမည့် ၂၀၁၅ ရွေး ကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်သည့်အခါ အရည်အချင်းရှိသည့် အမျိုးသမီးများကို ကိုယ်စား လှယ်လောင်း အဖြစ် ထည့်သွင်းစဉ်းစားကြရန် ရန်ကုန်မြို့၊ ပန်ဒါဟိုတယ်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ အကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တွင် တိုက်တွန်း ပြောကြားခဲ့သည်။
ပြည်သူ့ လွှတ်တော်မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါ်စန္ဒာမင်းက “နိုင်ငံရေး ဆိုတာ အန္တရာယ် ရှိပါတယ်ဆိုတဲ့ Concept က ခေါင်းထဲဝင်နေတာမျိုး ဖြစ်တယ်။ အဲဒါကြောင့်မို့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု နည်းခဲ့တာ။ သူတို့ ထင်တဲ့အတိုင်းပဲ တချိန်တုန်းကလည်း အမျိုးသမီးဆိုတာ မိသားစုထဲမှာ နိုင်ငံရေး လုပ်လိုက်လို့ အန္တရာယ်တခုခု ဖြစ်သွားရင် ငါ့မိသားစု ဒုက္ခရောက်သွားမယ်ဆိုတဲ့ အတွေးတွေက အမျိုးသမီးတွေမှာ အမြဲရှိတယ်။ တချိန်တုန်းကလည်း နိုင်ငံရေး လုပ်တယ်ဆိုတာ အန္တရာယ် အလွန်များတဲ့ အလုပ် ဖြစ်နေတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည့် ကဏ္ဍပေါင်းစုံတွင် အမျိုးသမီးများ ပါဝင်မှု ရာခိုင်နှုန်းသည် ကိန်းဂဏန်း အချက်အလက်များအရ ရာခိုင်နှုန်း အလွန်နည်းနေသေးကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူများ ဝေဖန် ထောက်ပြလျက် ရှိသည်။