ပြည်တွင်း၌ အခြေခံ လူတန်းစားများအတွက် အငှားဝယ် အိမ်ရာစနစ် (Hire Purchase Housing System) မျိုး ပေါ်ပေါက် လာရန် လိုအပ်နေကြောင်း ရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး နှင့် စီးပွားရေး ပညာရှင် အသိုင်းအဝိုင်းက ပြောသည်။
အငှားဝယ် အိမ်ရာစနစ် ဆိုသည်မှာ ရောင်းသူနှင့် ဝယ်သူကြား ဘဏ်စနစ်ကို ကြားခံ၍ ဘဏ်က ဝယ်ယူပေးထားပြီး ဝယ်သူကို သတ်မှတ် ရာခိုင်နှုန်း တချို့ကိုသာ ပေးသွင်းစေခြင်း ဖြစ်ကြောင်း၊ ကျန်ငွေကို အရစ်ကျ ပေးသွင်းစေသည့် စနစ်မျိုး ဖြစ်ကြောင်း ရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး ပညာရှင် ဒေါက်တာ ကျော်လတ်က ပြောပြသည်။
ဒီဇင်ဘာလ ၁၃ ရက်က ကျင်းပသည့် “Present and Future Yangon” ဟောပြောပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အကြံပေးလည်း ဖြစ်သူ ဒေါက်တာ ကျော်လတ်က အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဒေါက်တာ ကျော်လတ်က “ကျနော်တို့ နိုင်ငံမှာ တိုက်ခန်း တခန်းကို ကျပ်သိန်း ၂၅ဝ နဲ့ ဘယ်သူမှ မဝယ်နိုင်ဘူး။ အဖေ အမေက ဝယ်ပေးမှပဲ ဝယ်နိုင်မယ်။ ခက်တာက လူတိုင်းမှာ တိုက်ခန်း ဝယ်ပေးနိုင်မယ့် မိဘမရှိဘူး။ ဒါပေမယ့် အရစ်ကျဆိုရင်တော့ ကျပ် သိန်း ၄ဝ၊ ၅ဝ လောက်ကို ရှာပြီး တလကို ကျပ် ၇ဝဝဝဝ၊ ၈ဝဝဝဝ လောက်တော့ သွင်းနိုင်ကြတယ်။ လုပ်သင့်ရဲ့သားနဲ့ ဘာလို့မလုပ် လဲ ကျနော် မသိဘူး”ဟုလည်း ပြောသည်။
အခြေခံ လူတန်းစား အများစုသည် အိမ်ခန်း ဝယ်ယူရန်အတွက် ငွေအလုံးအရင်း မရှိခြင်းနှင့် ရန်ကုန်မြို့တွင် အိမ်ငှားရမ်းခ အလွန် ဈေးကြီးခြင်း တို့ကြောင့် ယခုကဲ့သို့သော နှစ်ရှည် အငှားဝယ် အိမ်ရာစနစ်ကို အလိုရှိကြောင်း ရန်ကုန် မြို့ခံ တချို့ ကလည်း ပြော ဆိုကြသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်း အိမ်ငှားနေထိုင်သူ တဦးဖြစ်သည့် မသီရိက“အဲဒီလိုမျိုး စနစ်ဆိုရင်တော့ ကြိုက်တယ်။ ကိုယ်တွေလို အောက်ခြေ လူတန်းစားတွေလည်း အိမ်ဝယ်သွားနိုင်တာပေါ့။ ဒါပေမယ့် တခုရှိတာက အတိုးကတော့ အရမ်းများသွားမှာပဲ။ ပြီး တော့ ဒီလိုပေးနေတဲ့ အချိန်အတွင်းမှာ ကိုယ့်ကျန်းမာရေးက ရုတ်တရက် တခုခုဖြစ်သွားလို့ ဆက်မပေးနိုင်တော့ရင် နောက်ဆက်တွဲတွေက ရှိသေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုအငှားဝယ် အိမ်ရာစနစ် အကောင်အထည် ဖော်ရာတွင် နိုင်ငံခြားဘဏ်များ၏ အကူအညီ ရရှိမှသာလျှင် လုပ်ဆောင်နိုင်မည် ဖြစ် ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောဆိုသည်။
လက်ရှိ ပြည်တွင်း ပုဂ္ဂလိကဘဏ်များသည် နှစ်ရှည် ချေးငွေ လုပ်ငန်းအစား နှစ်တို ချေးငွေလုပ်ငန်းကိုသာ လုပ်ကိုင်လျက် ရှိကြပြီး အငှားဝယ်အိမ်ရာ စနစ်ကဲ့သို့ နှစ် ၂၀၊ ၃၀ ချေးငွေ လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိသေးသဖြင့် နိုင်ငံခြားဘဏ်များကို ပြည်တွင်း၌ ဝင်ရောက် လုပ်ပိုင်ခွင့်ပေးရန် လိုအပ်သည်ဟု တော်ဝင်မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
“ကျနော်တို့ ဆီမှာက ဘဏ်ဖွံ့ဖြိုးမှုက အားနည်းသေးတယ်။ နိုင်ငံခြားဘဏ်တွေ ဆိုရင်တော့ ချေးနိုင်လိမ့်မယ် ထင်ပါတယ်။ အတိုးလည်း ဒီထက် နည်းပါလိမ့်မယ်။ အဲဒီတော့ နိုင်ငံခြားဘဏ်တွေကို ပြည်သူ့ အကျိုးအတွက် သွင်းပြီးတော့ လုပ်ခိုင်းမယ် ဆိုရင်တော့ ဒီလို လုပ်ငန်းတွေကို လုပ်နိုင်ပါလိမ့်မယ်”ဟုလည်း ဦးကိုကိုထွေးက ပြောဆိုသည်။
အငှားဝယ် အိမ်ရာစနစ် အကောင်အထည် ပေါ်ပေါက်လာရန် ပြည်တွင်းဘဏ်များ၏ လုပ်ထုံးလုပ်နည်း အားနည်းချက်များ ရှိနေခြင်း က အဟန့်အတား ဖြစ်နေရကြောင်း၊ နိုင်ငံခြားဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာပါက အခြေခံလူတန်းစားများ အတွက် သက်သာသော အငှားဝယ် အိမ်ရာစနစ်သည် အကောင်အထည် ပေါ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်တဦး ဖြစ်သူ ဒေါက်တာ မောင်မောင်လေးကလည်း ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါက်တာ မောင်မောင် လေး က“ဘဏ် စနစ် မပီပြင်တဲ့အတွက် မလာရဲကြသေးတာပါ။ နိုင်ငံခြားဘဏ်တွေရဲ့ ယုံကြည်မှုရပြီး ပေါင်းလုပ်နိုင်ပြီးတော့ စနစ် တခုထဲ ဝင်သွားပြီ ဆိုရင်၊ ဗဟိုဘဏ်ကလည်း ဒါတွေကို ခွင့်ပြုပေးမယ်ဆိုရင်တော့ အကုန်လုံး အကောင်အထည် ဖော်လာနိုင်ပါလိမ့်မယ်”ဟုလည်း ပြောဆိုသည်။
နိုင်ငံတကာတွင်လည်း နှစ်ရှည် အငှားဝယ် အိမ်ရာစနစ်ကို ကျင့်သုံးလျက် ရှိကြောင်းနှင့် သတ်မှတ်ပေးသွင်း ကာလတွင် ဘဏ်က ပိုင်ဆိုင်နေပြီး ဝယ်ယူသူက ငွေပေးသွင်းမှု ပျက်ကွက်လျှင် ဘဏ်က အိမ်ကို သိမ်းယူမှု ပြုလုပ်နိုင်ကြောင်း ဒေါက်တာ ကျော်လတ် ကလည်း ပြောသည်။
ပြည်တွင်းဘဏ်၊ နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်၍ တန်ဖိုးနည်း အိမ်ရာများကို အနှစ် ၂ဝ အထိ ချေးငွေစနစ်ဖြင့် ဝယ်ယူခွင့်ပြုရေး အဆိုကို ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးတွင် ဗဟန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခဲ့သော်လည်း အရေးနိမ့်ခဲ့သည်။