တိုင်းပြည်တွင်း တည်ငြိမ်အေးချမ်းမှု မရှိပါက တပ်မတော်က အာဏာပြန်သိမ်းမည်ဟု ဗိုလ်ချုပ်ကြီးဟောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတင်အေးက ပြောဆိုလိုက်ရာ ယင်းပြောဆိုမှုသည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တဦးအနေဖြင့် မပြောဆိုသင့်သော စကားဖြစ်ပြီး ပြည်သူကို ခြိမ်းခြောက်မှု တရပ် ဖြစ်သော ကြောင့် ရှုတ်ချကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောဆိုလိုက်ကြသည်။
မြန်မာနိုင်ငံ၏ ဒီမီုကရေစီသို့ နိုင်ငံရေးအသွင်ကူးပြောင်းရာတွင် တပ်မတော်မှ ဝင်ထိန်းပေးနေခြင်း ဖြစ်ပြီး ပြည်တွင်း မတည် ငြိမ် မှုများ ဖြစ်ပေါ်လာပါက တပ်မတော်မှ အာဏာသိမ်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး က ဒီဇင်ဘာလ ၁၆ ရက်နေ့ မီကာဆာဟိုတယ်တွင် ကျင်းပသော အနုပညာရှင်၊ ဂီတပညာရှင်များနှင့် တွေ့ဆုံပွဲ တွင် ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
ဦးတင်အေး၏ ပြောဆိုချက် ထွက်ပေါ်လာချိန်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လွှတ်တော်၊ အစိုးရ နှင့် တပ်မတော်တို့အကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်နေချိန်နှင့်လည်း တိုက်ဆိုင် နေရာ မြန်မာ့နိုင်ငံရေးအတွက် အလား အလာ မကောင်းသော ပြောဆိုချက်အဖြစ် နိုင်ငံရေးပါတီများက ရှုမြင်ကြသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က “ ဒီစကားပြောက ကော်မရှင်ဥက္ကဋ္ဌ တာဝန် မဟုတ်ဘူး၊ နိုင်ငံတကာက ထောက်ပံ့ပြီး စီးပွားရေးလမ်းကြောင်းတွေ ဖွင့်ပေးတာတောင် တိုင်းပြည်က ချွတ်ခြုံ ကျနေတာ၊ မတည်ငြိမ် လို့ အာဏာပြန်သိမ်းရင် အခြေအနေပိုဆိုးမယ်၊ ဒီစကားက လူထုကို သက်သက် ခြိမ်းခြောက် တာပဲ” ဟု ဆိုသည်။
တိုင်းပြည်အတွင်း နိုင်ငံရေးအရ ဆန္ဒပြမှုများ၊ အုံကြွမှုများဖြင့် မတည်မငြိမ်ဖြစ်လာပါက အစိုးရ၊ နိုင်ငံရေးပါတီများ ၊ လူမှု အဖွဲ့ အစည်းများ၏ ပူးပေါင်းမှုဖြင့် တည်ငြိမ်အောင် ဖြေရှင်းနိုင်ကြောင်း ၊ စစ်တပ်အာဏာသိမ်းရမည့် အခြေအနေမျိုး မလိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။
“စစ်တပ်က အာဏာသိမ်းခဲ့လို့ နိုင်ငံက ဘက်စုံယိုယွင်းကျဆင်းနေတယ်၊ အာဏာရှင်တွေ တူးခဲ့တဲ့ ဆင်းရဲတွင်းထဲမှာ ခုထိ တိုင်းသူပြည်သားတွေ ယက်ကန်ယက်ကန်ဖြစ်နေတုန်း နောက် တကြိမ် အာဏာသိမ်းမယ် ဆိုတာ လူထုကို မပြော သင့်ဘူး၊ ဒါက တိုင်းပြည်ရဲ့ အပြောင်းအလဲတွေကို ဟန့်တား ဖို့ တဖက်တလမ်းက ကြိုးပမ်းပြောဆိုတဲ့ စကားပဲ” ဟု ဦးအေးသာအောင် က ပြောသည်။
ဦးတင်အေးက တပ်မတော်သည် တိုင်းပြည်၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အထောက်အကူပြု ထိန်းပေးသည့် အနေဖြင့် လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ဝင်ရောက် ပါဝင်နေရခြင်း ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ တရားလက်လွှတ် ပြောဆိုမှုကို သမ္မတဦးသိန်းစိန်အနေဖြင့် အရေးယူရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
“သူ့အနေနဲ့ တာဝန်မရှိဘဲ ပြောတဲ့စကားတခု ဖြစ်တယ်၊ အစိုးရ ဘက်မှာ ခေါင်းဆောင်ဖြစ်တဲ့သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ ကို ကျော်လွန်ပြီးပြောတာ ဖြစ်တယ်။ သမ္မတက ခန့်ထား တာ ဖြစ်တော့ ဘယ်လိုဆောင်ရွက်မလဲ ကြည့်ရ မယ် ၊ နောက် တခုက သူ့အနေနဲ့ တရားမျှတတဲ့ ရွေးကောက် ပွဲ လုပ်မယ် ဆိုပြီးပြောခဲ့ပေမယ့် တဖက်က အကြမ်းဖက်မှုတွေ ဖြစ်ရင် အာဏာသိမ်းမယ် ပြောနေတယ်၊ တော်တော်လမ်းလွဲ နေတယ်” ဟု ဒေါ်ဖြူဖြူသင်းက သုံးသပ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဘိုဘိုကျော်ငြိမ်းကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် တပ်မတော်သည် အမျိုးသား ရေးတွင် ဦးဆောင်ကဏ္ဍတွင် ပါဝင်ရမည်ဟု ပြဋ္ဌာန်းထားပြီး စစ်အာဏာသိမ်းခွင့်ရှိသည်ဟုလည်း ပြဋ္ဌာန်း ထားရာ ဦးတင်အေး၏ စစ်အာဏာသိမ်းမည်ဆိုသော ပြောဆိုမှုသည် နိုင်ငံရေးပါတီများကို အခြေအနေ ရှုပ်ထွေးအောင် မလုပ်ရန် သတိပေးခြင်းဟု ယူဆနိုင်ကြောင်း ပြောဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဦးတင်အေး ပြောဆိုချက် များမှာ မှန်ကန်သော ပြောဆိုမှုဖြစ်ကြောင်း၊ ဆူပူမှုများဖြစ်ပေါ်လာသောအခါ တပ်မတော်အနေဖြင့် တိုင်းပြည် မပျက်စီးရေး အာဏာသိမ်းရမည်ဖြစ်ကြောင်း ပြောသည်။
“ဆူပူမှုတွေက ရန်ကုန်မြို့မှာတောင် လုပ်နေတော့ တပ်မတော်၂၅ ရာနှုန်း လွှတ်တော်မှာ ပါနေတာက ပပျောက်ဖို့ မလွယ်ဘူး၊ ဆူပူလို့ တပ်မတော်က အာဏာမသိမ်းရင် တိုင်းပြည်က ဘယ်လို ဖြစ်သွား မလဲ၊ ၈၈လို အရေးတော်ပုံ ဖြစ်ရင်တော့ သိမ်းမှာပဲ၊ နောက်ပြန်လှည့်မှာ စိုးရိမ်ရင် ဆူပူမှု မဖြစ်အောင် နေပေါ့” ဟု ဦးလှဆွေက ရှင်းပြသည်။
လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး သာမက ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး မှာလည်း အကျပ်အတည်းများ ကြုံတွေ့နေရပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်မစနိုင်ဘဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာလည်း မရေရာ ဖြစ်နေကြောင်း သိရှိရသည်။