ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင် အိမ်ရာ စီမံကိန်း နယ်မြေအတွင်း ကျူးကျော်နေထိုင်သူများနှင့် အိမ်ရာ စီမံကိန်း ကော်မတီ တို့ကြား အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ပြီး ဆက်လက် တင်းမာလျက် ရှိနေကြောင်း သတင်းရရှိသည်။
လှိုင်သာယာမြို့နယ် အတွင်းပဒန် ကျေးရွာအနီး မြစိမ်းရောင် အိမ်ရာ စီမံကိန်းမြေ အတွင်းရှိ ကျူးကျော်တဲ ၁၀၀၀ ကျော်ကို လူ ၂၀၀ ကျော်က ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် ဝင်ရောက် ဖျက်ဆီးခဲ့ရာ ဒီဇင်ဘာလ ၁၆ ရက်တွင် တဲ ၄ လုံး၊ ဆိုင်ကယ် ၁ စီး မီးလောင် ပျက်စီးသွားကြောင်း လှိုင်ယာသာမြို့နယ် ရဲစခန်းက အတည်ပြု ပြောကြားသည်။
မြစိမ်းရောင်အိမ်ရာ စီမံကိန်းမြေပေါ်တွင် ကျူးကျော် နေထိုင်သူများနှင့် မြစိမ်းရောင် အိမ်ရာ စီမံကိန်း ကော်မတီ ငှားရမ်းထားသူများကြား အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျူးကျော်နေထိုင်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လှိုင်ယာသာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းမြင့်ဦးက ပြောသည်။
“ဒါနဲ့ပတ်သက်ပြီး အခုအချိန်ထိ တိုင်ကြားတဲ့သူ မရှိတဲ့အတွက် ဘယ်သူကိုမှ အရေးယူထားတာ မရှိပါဘူး။ တယောက်မှလည်း မသေပါဘူး။ ထိခိုက်ဒဏ်ရာရသူတွေတော့ ရှိတယ်။ ဖျက်ခိုင်းတာကတော့ ကုမ္ပဏီက လူငှားပြီး ဖျက်ခိုင်းတာ။ ကုမ္ပဏီကိုလည်း စစ်ဆေးနေတာ မရှိပါဘူး”ဟု ရဲမှူး သန်းမြင့်ဦးက ပြောပြသည်။
ယင်းဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူ မြစိမ်းရောင် အိမ်ရာ စီမံကိန်း ကော်မတီက တာဝန်ခံ အမျိုးသမီးတဦးက မြစိမ်းရောင် စီမံ ကိန်း မြေပေါ်တွင် မြေဝယ်ယူထားသူ ပိုင်ရှင် ၄၀၀ ကျော် ရှိကြောင်း၊ ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ နောက်ပိုင်းတွင် သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ရန် ရှိသော်လည်း ယခုအချိန်တွင် မည်သည့် မှတ်ချက်မှ မပေးလိုသေးကြောင်း ပြောဆိုသည်။
“ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၉နာရီ လောက်က ဆိုင်ကယ် အစီး ၇၀ကျော် နဲ့ လိုက်ထရပ် ၂စီး ဝင်လာပြီး အဲဒီ အပေါ်မှာ ပါတဲ့ လူ တွေက တုတ်၊ ဓားတွေနဲ့ ဝင်လာပြီး ဖျက်တာ။ ဝင်းအတွင်းကိုတော့ ည ၁၁နာရီလောက်ဝင်ပြီး ဖျက်တယ်။ ဝင်းထဲမှာ ဆောက် ထားတာ ကျူးကျော် ၁၀၀၀ လောက်တော့ ရှိတယ်။ နေတဲ့သူတွေလည်း ရှိတယ်။ မနေသေးတဲ့သူတွေလည်း ရှိတယ်။ နောက်နေ့ ၁၆ ရက်နေ့ မနက်ကျတော့ သူတို့ ကော်မတီရုံးရှေ့မှာ ကျနော်တို့ နေခွင့်ပေးဖို့ ဆန္ဒပြကြတယ်။ ဆန္ဒပြတဲ့ ၁၆ ရက်နေ့ ည ၇နာရီ ကျော်မှာ နောက်တခါ ဝင်အဖျက်ခံရတယ်”ဟု ကျူးကျော်နေထိုင်သူ တဦးဖြစ်သူ ကိုအောင်လင်းက ဧရာဝတီသို့ ပြောသည်။
ဒီဇင်ဘာ ၁၆ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ကျူးကျော် နေထိုင်သူများနှင့် ဝင်ရောက်ဖျက်ဆီးသူများကြား တဘက်နှင့် တဘက် အပြန်အလှန် ရိုက်နက်မှု ထပ်မံ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ရန်ကုန်တိုင်ဒေသကြီး လှိုင်သာယာ လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက“ဖျက်ဆီးသူတွေက ကုမ္ပဏီက ငှားထားတဲ့သူတွေလို့ ကြားတယ်။ ဒါကို ဥပဒေအတိုင်း ဖြစ်ဖို့ ကျနော် အချက်အလက်တွေ စုနေတယ်။ ပြီးရင် တိုင်းဝန်ကြီးချုပ်နဲ့ နယ်/လုံ ဝန်ကြီးဆီကို ဒါနဲ့ပတ်သက်ပြီး ဥပဒေ အတိုင်း ဖြစ်ဖို့ ဒီရက်ပိုင်းအတွင်း စာပို့သွားမယ်”ဟု ပြောသည်။
ယနေ့ ညနေ ၄ နာရီခန့်တွင် ရိုက်နှက်မှု ဖြစ်ပွားရာ နယ်မြေတွင် ရဲတပ်ဖွဲ့ဝင် အင်အား၃၀ ခန့် လုံခြုံရေး ယူထားကြောင်း၊ မြစိမ်း ရောင် အိမ်ရာ စီမံကိန်း ကော်မတီ ရုံးဝင်းအတွင်း ကျူးကျော်နေအိမ်များကို ယနေ့ ညပိုင်းတွင် ဆက်လက်ဖျက်ဆီးရန် လူစုဝေးမှုများ ရှိနေကြောင်း လှိုင်သာယာ ဒေသခံ ကိုဝင်းဇော်ဦး ဆိုသူ၏ ပြောဆိုချက်အရ သိရှိရသည်။