ပြည်ပနိုင်ငံများတွင် ရောက်ရှိနေထိုင်ကြသော နိုင်ငံရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ မြန်မာနိုင်ငံတွင် ပြန် လည် ဝင်ေရောက်ခွင့်ပြုရေးနှင့် အခြေချ နေထိုင်ရေးတို့အတွက် အစိုးရက ရှင်းလင်းတိကျသော မူဝါဒနှင့် ထိရောက် သော အကောင် အထည် ဖော်မှုများ ဆောင်ရွက်ပေးရန် လူမှုရေးနှင့် နိုင်ငံရေး အဖွဲ့အစည်း ၃ ခုက ပူးပေါင်းတောင်းဆို လိုက် သည်။
မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့(Burmapartnership) ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) နှင့် ညီမျှခြင်း မြန်မာ (Equality Myanmar) အဖွဲ့ ၃ ခုပူးပေါင်း၍ ရန်ကုန်မြို့၊ မီဒီယာစာကြည့်တိုက်တွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နာမည်ပျက်စာရင်းသွင်းခံထားရသူများအနက်မှ လူ ၂၀၀၀ ကျော်ကို နာမည်ပျက်စာရင်းမှ ပယ်ဖျက်၍ ပြည်ပရောက် မြန်မာများ နိုင်ငံတွင် ပြန်လည် အခြေချရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ သို့ရာတွင် တိကျ သေချာသော မူဝါဒများ ချမှတ် အကောင်အထည် ဖော်ခြင်းများ မရှိခဲ့သည့် အတွက် ပြန်လာချင်သူ အများစုအတွက် အခက် အခဲများစွာ ရှိနေကြောင်း ညီမျှခြင်း မြန်မာမှ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းက ပြောသည်။
“ရတဲ့သူက ရတယ်။ မရတဲ့သူက မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့လည်း အကြောင်းအရာ ခိုင်ခိုင်မာမာ မသိရပါဘူး။ ပြန် လာ ချင်တဲ့သူတွေ ကိုယ့်တိုင်းပြည်ကို ပြန်လာလုပ်ချင်တဲ့ သူတွေအတွက် အခက်အခဲ အများကြီး ကြုံတွေ့ရပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
ဒီမိုကရေစီနိုင်ငံသို့ ဦးတည် လျှောက်လှမ်းနေသည့် ကာလတွင် နိုင်ငံအတွက် အဓိက လိုအပ်သည့် လူသား အရင်း အမြစ်များ ကို ထိထိရောက်ရောက် အသုံးချနိုင်ရန် တိုင်းပြည် အကျိုးအတွက် စွမ်းဆောင်နိုင်သူများ နိုင်ငံသို့ ပြန်လာခွင့် ရရှိရေးကို ကန့်သတ်မှုများ မရှိဘဲ ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“တိုင်းပြည် တိုးတက်ဖို့အတွက် လူသား အရင်းအမြစ်တွေ လိုတယ်ဆိုရင် ဘာကြောင့် နိုင်ငံတကာမှာ ရှိနေပြီးတော့ တိုင်းပြည် ကို ချစ်တဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုလိုတဲ့ တိုင်းပြည်အတွက် အလုပ်အကျွေး ပြုနိုင်တဲ့ အတတ် ပညာတွေ ရှိတဲ့ လူတွေကို ဖယ်ထုတ်ထားရသလဲ။ ပြောမယ်ဆိုရင် တိုင်းပြည်အတွက် အများကြီး နစ်နာပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်၍ မြန်မာနိုင်ငံသား အဖြစ် ပြန်လည် လျှောက်ထား ရာ တွင် ခိုင်လုံသော အကြောင်းပြချက်များ မရှိဘဲ နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည့်အပြင် နိုင်ငံရေးနှင့် လူမှုရေး တက် ကြွ လှုပ်ရှားသူ အပါအဝင် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ဝင်ရောက်ရာတွင် အခက်အခဲများ ကြုံတွေ့ နေရ ကြောင်း၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ဝေးရန် အချိန်ဆွဲထားခြင်း၊ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ နိုင်ငံရေးတွင် ပါဝင်ရန် ကန့်သတ်မှုများ ပြုလုပ်ခံရများခြင်းများ ကြုံတွေ့နေရကြောင်း အဖွဲ့ ၃ ခု၏ ပူးပေါင်းကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်ပ၌ နိုင်ငံရေး ခုံလှုံနေသူများနှင့် အခြား တတိယနိုင်ငံတွင် အခြေချ နေထိုင်နေသော မြန်မာနိုင်ငံသား ဒုက္ခသည် များကို မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (PR) လျှောက်ထားခွင့်ပြုသင့်ကြောင်း ကြေညာချက်တွင် ဖော်ပြ ထားပြီး လက်ရှိတွင် အစိုးရက ပြည်ပနိုင်ငံ တခုခုတွင် နိုင်ငံရေး ခိုလှုံခွင့် ရထားသူများ၊ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် များအဖြစ် ခံယူထားသူများကို အမြဲတမ်းနေထိုင်းခွင့်(PR) လျှောက်ထားခွင့်မပြုဟု ဥပဒေပြဋ္ဌာန်း တားမြစ် ထားသည်။
မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့၏ တာဝန်ခံဖြစ်သူ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ဒေါ်ခင်ဥမ္မာ က “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်တယ်ဆိုတဲ့ အစိုးရခေတ်မှာ ဘာဖြစ်လို့ ကျမတို့ဟာ ကိုယ့်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ရပ်တည်မှုတွေ ခိုင်ခိုင်မာမာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်လာခွင့် မရှိတာလဲ” ဟု မေးခွန်းထုတ်သည်။
အဖွဲ့ ၃ ခု၏ ပူးပေါင်းကြေညာချက်တွင် နိုင်ငံရေး အမြင်နှင့် ခံယူချက် မတူသူများကို နိုင်ငံ၏ ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်း ရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များတွင် မပါဝင်နိုင်အောင် ကန့်သတ်ချုပ်ချယ်မှုများ မပြုလုပ်ရန်၊ စစ်မှန်သော ဒီမိုကရေစီ အခြေခံ မူများအတိုင်း တိကျရှင်းလင်းသော မူဝါဒများ ချမှတ်ပေးရန်နှင့် မူဝါဒများ ချမှတ်ရာတွင် ထည့်သွင်း အကောင် အထည် ဖော်ပေးရန်အတွက်လည်း တောင်းဆိုထားကြောင်း သိရှိရသည်။