ပြည်သူတွေက ဒီမိုကရေစီကို ယုံကြည်ကြတယ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံမှ ပြည်သူများသည် တိုင်းပြည်၏ အနာဂတ်နှင့် လက်ရှိဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် မျှော်လင့်ချက်ထားနေသည်ဟု စစ်တမ်းကောက်ယူမှု တခုတွင် တွေ့ရှိရသည်။ သို့သော်လည်း သူတို့၏ အကောင်းမြင်မှုသည် ဆင်းရဲမွဲတေမှုနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ကြောင့် အားလျော့နေကြရသည်။

အာရှဖောင်ဒေးရှင်း (The Asia Foundation) မှ ထုတ်ဝေခဲ့သော Myanmar 2014: Civic Knowledge and Values in a Changing Society အမည်ရှိသည့် အစီရင်ခံစာတွင် စစ်တမ်းကောက်ယူမှုကို ဖြေကြားခဲ့သူများ၏ ၆၂ ရာခိုင်နှုန်းက မြန်မာ နိုင်ငံသည် လမ်းကြောင်းမှန်အတိုင်း သွားနေသည်ဟု ယုံကြည်ကြပြီး ၂၈ ရာခိုင်နှုန်းက သူတို့ မသိပါဟု ပြောခဲ့ကြသည်။

သို့သော်လည်း မေလနှင့် ဇွန်လအတွင်းက တိုင်းနှင့်ပြည်နယ် ၁၄ခုလုံးတွင် လူ ၃၀၀၀ ကျော်ကို မျက်နှာချင်းဆိုင် တွေ့ဆုံ မေးမြန်းခဲ့သည်ကို အခြေပြုထားသည့် ထိုစစ်တမ်းက ပြည်သူများသည် အစိုးရအဖွဲ့အစည်းများနှင့် ၎င်းတို့၏ လုပ်ငန်းဆောင် ရွက်ပုံများနှင့် ပတ်သက်၍ သိနားလည်မှု အကန့်အသတ်ရှိကြောင်း၊ လူမှုရေး ယုံကြည်စိတ်ချမှု နိမ့်ကျမှု ရှိကြောင်း၊ နိုင်ငံရေးအရ ကွဲပြားမှုက ရေချိန်မြင့်တက်နေကြောင်းနှင့် စီးပွားရေး အခွင့်အရေးများအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းလည်း ဖော်ပြခဲ့ပါသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ထိုစစ်တမ်းသည် အရှေ့တောင်အာရှ နိုင်ငံတခုတွင် အစိုးရအဖွဲ့အစည်းများနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်သူလူထုက နားလည်သိရှိမှုနှင့် သတိထားမိမှုများကို ပထမဆုံး မှတ်တမ်းပြုစုခဲ့ခြင်းလည်း ဖြစ်ပါသည်။ အဆိုပါ စစ်တမ်းကောက်ယူမေးမြန်းမှုသည် ကာလရှည်ကြာဖြစ်ပွားနေခဲ့သည့် ဘာသာရေး ပဋိပက္ခများကြားနှင့် လာမည့်နှစ်တွင် ကျင်းပရရန် ရှိနေသည့် ရွေးကောက်ပွဲများ မတိုင်မီ ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။

ဂျာမန်သတင်းဌာန DW သတင်းဌာနနှင့် အာရှဖောင်ဒေးရှင်း (The Asia Foundation) ၏ မြန်မာနိုင်ငံကိုယ်စားလှယ် Kim Ninh တွေ့ဆုံမေးမြန်းခန်းကို ဧရာဝတီမှ နိုင်မင်းသွင်က ဘာသာပြန်ဆိုထားပါသည်။

မေး။      ။ သူတို့တိုင်းပြည်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေက ဘယ်လိုမြင်ကြသလဲ။

ဖြေ။       ။ စစ်တမ်းရလဒ်တွေအရ ပြည်သူတွေက ယေဘုယျအားဖြင့် အနာဂတ်အတွက် မျှော်လင့်နေကြပါတယ်။ ၆၂ ရာခိုင်နှုန်းက တိုင်းပြည်ဟာ မှန်ကန်တဲ့လမ်းကြောင်း အတိုင်းသွားနေတယ်လို့ ယုံကြည်နေကြပါတယ်။ ၄ ရာခိုင်နှုန်းကတော့ မယုံကြည်ကြပါဘူး။ ပြည်သူတွေက များသောအားဖြင့် သူတို့ရဲ့ နိုင်ငံရေး အမြင်တွေကို ထုတ်ဖော်ပြောဆိုဖို့ စိတ်ထဲမှာ လွတ်လွတ်လပ်လပ် ရှိကြပါတယ်။ ဖြေဆိုသူ ၆၆ ရာခိုင်နှုန်းလောက်က အကောင်းဖက်က ဖြေခဲ့ကြပါတယ်။ ဒါပေမယ့် ၄ ပုံ ၁ ပုံ နီးပါးလောက်ကတော့ သူတို့ဖြေလို့ မရဘူးလို့ ခုချိန်အထိ ခံစားနေကြတုန်းပါပဲ။

နိုင်ငံရေးပါတီတွေအားလုံး ပထမဆုံးအနေနဲ့ ပါဝင်လာနိုင်မယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်မဲပေးဖို့ ရည်ရွယ်ထား တယ်လို့ ၉၃ ရာခိုင် နှုန်းကျော်က ပြောခဲ့ကြပြီးတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲက သူတို့ရဲ့ ဘဝတွေကို အကောင်းဘက်က သက်ရောက်မှုတွေရှိမယ်လို့ ယုံကြည်သူက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ ခြုံပြောရရင် ပြည်သူတွေက နိုင်ငံရေးပါဝင်မှုနဲ့ ဒီမိုကရေစီ အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ထားကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အကောင်းမြင်မှုတွေက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ လက်တွေ့စိန်ခေါ်မှုတွေကြောင့် လျော့ပါးလာခဲ့ရပါတယ်။

လူ့အဖွဲ့အစည်းအတွင်းမှာ ယုံကြည်မှု နိမ့်ကျတဲ့ အဆင့်တခုမှာ ရှိနေတယ် ဆိုတာကိုလည်း စစ်တမ်းကနေတဆင့် ကျမတို့ သိရပါတယ်။ ဖြေဆိုသူ ၄ ပုံ ၃ ပုံကျော်က သူတို့ လူတွေကို မယုံကြည်ဘူးလို့ ယေဘုယျအနေနဲ့ ပြောကြားခဲ့ကြပါတယ်။ သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းက လူကြိုက်နည်းတဲ့ နိုင်ငံရေးပါတီတခုနဲ့ ဆက်သွယ်မှုရှိခဲ့ရင် မိတ်ဆွေသူငယ်ချင်းအဖြစ်က ရပ်စဲပစ်မလားလို့ မေးတဲ့အခါ ၄၁ ရာခိုင်နှုန်းက ရပ်စဲမယ်လို့ ဖြေခဲ့ကြပါတယ်။

အတိတ်က အာဏာရှင်စနစ်ကို အမွေဆက်ခံခြင်း၊ တိုင်းရင်းသား ပဋိပက္ခတွေရဲ့ သမိုင်းကြောင်းနဲ့ နိုင်ငံရေး ထုတ်ဖော် ပြောဆိုမှုတွေကို ဆယ်စုနှစ်နဲ့ ချီပြီး ဖိနှိပ်ကန့်သတ်ခဲ့တာတွေကြောင့် လူမှုရေးယုံကြည်မှုတွေ လျော့နည်းပြီးတော့ နိုင်ငံရေး အယူအဆ ကွဲပြားမှုတွေကို နက်ရှိုင်းစေခဲ့ပါတယ်။ ဒါတွေက ဘယ်အစိုးရမဆို ရင်ဆိုင်ကျော်ဖြတ်ရမယ့် လက်တွေ့ အခြေအနေဖြစ်ပါတယ်။

မေး။      ။ ဘာကြောင့် သူတို့က အကောင်းမြင်ဖို့ သတိကြီးကြီးထားကြတာလဲ။

ဖြေ။       ။ တိုင်းပြည်က လမ်းကြောင်းမှန်အတိုင်း သွားနေတယ်လို့ ခံစားရတဲ့သူတွေက သိသာမြင်သာတဲ့ အရာတွေ ဖြစ်တဲ့ လမ်းတွေ၊ ကျောင်းတွေ တည်ဆောက်မှုနဲ့ စီးပွားရေး တိုးတက်မှုတွေလိုမျိုးကို ထောက်ပြကြပါတယ်။ ဖြေဆိုသူ တဝက်က ပြီးခဲ့တဲ့ နှစ်တွေထဲမှာ သူတို့ရဲ့ စီးပွားရေး အခြေအနေက ပြောင်းလဲမှုမရှိဘူးလို့ ယုံကြည်ကြပါတယ်။ ၃၅ ရာ ခိုင်နှုန်းက တိုးတက်မှုရှိခဲ့တယ်လို့ ပြောခဲ့ကြပြီး ၁၅ ရာခိုင်နှုန်းက ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး လက်အောက်မှာ ဆယ်စုနှစ် ၅ ခုကျော်နေထိုင်ခဲ့ပြီးတဲ့နောက် ဒီမိုကရေစီက သူတို့တွေဆီကို လွတ်လပ်ခွင့် အသစ်တွေနဲ့ သူတို့ရဲ့ နိုင်ငံရေး အမြင်တွေကို ထုတ်ဖော်ပြောဆိုနိုင်စွမ်းတွေ သယ်ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် သတိကြီးကြီး ထားနေကြတာက အံ့အားသင့်စရာ မဟုတ်ပါဘူး။ အစိုးရသစ်က ၂၀၁၁ ခုနှစ်မှာမှ အာဏာရလာတာ ဖြစ်ပါတယ်။ အစိုးရနဲ့ပြည်သူကြား လေးနက်တဲ့ အပြန်အလှန်ဆက်ဆံမှုက မြန်မာနိုင်ငံမှာ အတွေ့အကြုံသစ်တခု ဖြစ်နေတာကိုး။

မေး။      ။ ပြည်သူတွေရဲ့ အဓိကစိုးရိမ် ပူပန်မှုက ဘာလဲ။ ဘာကြောင့်လဲ။

ဖြေ။       ။ အမျိုးသားအဆင့်မှာ ပြည်သူတွေရဲ့ အကြီးဆုံး စိုးရိမ်ပူပန်မှုက လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေ၊ စီးပွားရေး တိုးတက်မှု၊ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ပြဿနာတို့ ဖြစ်ပါတယ်။ ဒေသတွင်း အဆင့်မှာ ပြည်သူတွေရဲ့ အကြီးဆုံး စိုးရိမ်ပူပန်မှုတွေက၊ လမ်းတွေမကောင်းတာ၊ လျှပ်စစ်ဓာတ်အားမရရှိတာ၊ အလုပ်လက်မဲ့ ပြဿနာနဲ့ ဆင်းရဲမွဲတေမှုတွေ ဖြစ်ပါတယ်။

ဒါကြောင့် လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေနဲ့ စီးပွားရေးဆိုင်ရာတွေက ပြည်သူတွေရဲ့ ရင်ထဲမှာ ကြီးကြီးမားမား ရှိနေ တာကို မြင်နိုင်ပါတယ်။ တိတိကျကျပြောရရင် အကောင်းဘက်ကိုသွားနေသလား၊ အဆိုးဘက်ကိုသွားနေသလားဆိုတဲ့  ပြည်သူတွေရဲ့ ထင်မြင်ယူဆမှုမှာ စီးပွားရေးကိစ္စက အရေးပါတဲ့ ညွှန်ပြချက်တခု ဖြစ်လာတာကို ကျမတို့ မြင်ရပါတယ်။

မေး။      ။ မြန်မာပြည်သူတွေက သူတို့ အစိုးရကို ဘယ်လိုမြင်ကြပါသလဲ။

ဖြေ။       ။ ခြုံပြီးပြောရရင် ပြည်သူတွေနဲ့ အစိုးရကြားမှာ ကြီးမားတဲ့ ကွာခြားမှု ရှိနေတာကို စစ်တမ်းက ပြသနေပါတယ်။ ဒါက ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးရဲ့ အမွေဆိုတာ သံသယရှိစရာ မလိုပါဘူး။ ပြည်သူတွေက သူတို့ ဖာသာပဲ နေချင်ကြပြီး ပြဿနာရှိလာရင် အစိုးရဆီက တစုံတရာ မျှော်လင့်နေမယ့် အစား ကိုယ်တိုင်ပဲ ဖြေရှင်းကြတယ်။

၂၀၁၁ ခုနှစ်ကစပြီး ပါလီမန်တခု အသက်ဝင်လာမှုနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး စတင်ဆောင်ရွက်မှုတွေကြောင့် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ဦးတည်တဲ့ အရွေ့အချို့ ရှိလာခဲ့ပေမယ့် မြန်မာပြည်သူ အများစုက အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အကြောင်းကို များများ မသိကြသေးပါဘူး။

သူတို့တွေဟာ အမြင့်ဆုံးဖြစ်တဲ့ သမ္မတရုံးနဲ့ သူတို့နဲ့ အများဆုံးဆက်ဆံရတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုးတွေနဲ့ ပိုပြီး ကျွမ်းဝင်မှု ရှိကြပါတယ်။ အဲဒီကြားမှာရှိတဲ့ အစိုးရ အဖွဲ့အစည်း အဆင့်တွေ အကြောင်းကိုတော့ အနည်းငယ်ပဲ သိကြပါ တယ်။ လွှတ်တော်နဲ့ ပတ်သက်လို့လည်း ပြည်ထောင်စု အဆင့်ကိုရော ပြည်နယ်နဲ့ တိုင်းဒေသ အဆင့်ကိုပါ အနည်းငယ်ပဲ သိတယ်လို့ ပြောကြပါတယ်။

ဒါကြောင့် ပြည်သူလူထုဟာ အစိုးရနဲ့ အတော်လေး ကင်းကွာနေဆဲဖြစ်တယ်လို့ ကျမတို့မြင်ပါတယ်။ ရေရှည်တည်မြဲဖို့နဲ့ နက်ရှိုင်းတဲ့ ဒီမိုကရေစီ အဖွဲ့ အစည်းတွေနဲ့ အလေ့အထတွေအတွက် ဖြေရှင်းဖို့ လိုအပ်နေတဲ့ စိတ်ခေါ်မှု တခုလည်း ဖြစ် ပါတယ်။

မေး။      ။ ပြည်သူတွေရဲ့ ဒီမိုကရေစီအပေါ်အမြင်က ဘယ်လိုရှိတယ်လို့ တွေ့ခဲ့ပါသလဲ။

ဖြေ။       ။ ဒီမိုကရေစီ အတွက်ကတော့ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေကို ထောက်ခံတဲ့ အကြောင်း ပြည်သူတွေက ပြောဆိုခဲ့ကြတဲ့ အတွက် အရမ်း အားရစရာ ကောင်းပါတယ်။ ကျားနဲ့ မ၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အားလုံးအတွက် တရားမျှတမှုကို သူတို့ လေးလေးနက်နက် ယုံကြည်ကြပါတယ်။ သူတို့ရဲ့ ဘဝအခြေအနေကို မြှင့်တင်နိုင်ဖို့ အတွက် ရွေးကောက်ပွဲရဲ့ အသွင်ကူးပြောင်းမှု စွမ်းအားကိုလည်း ယုံကြည်ကြပါတယ်။ ဒီမိုကရေစီကို လွတ်လပ်ခွင့် အသစ်တွေနဲ့ အလုံးစုံ ပေါင်းစပ်လိုက် ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကျင့်သုံးမှုက ခုမှပေါ်ပေါက်ခါစပဲ ရှိသေးတယ်ဆိုတာ မှတ်ထားဖို့ အရေးကြီးပါတယ်။

အလွန်နည်းတဲ့ ဖြေကြားသူတွေကပဲ ဒီမိုကရေစီနဲ့ လူထုက အုပ်ချုပ်တဲ့ စနစ်ကြားက ဆက်သွယ်မှုကို မြင်ပါတယ်။ ဖြေကြားသူ တဝက်နီးပါးက အခုချိန်အထိ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကြားက ဆက်သွယ်မှုကို အဖေနဲ့သားသမီး ကြားက ဆက်ဆံရေးလိုမျိုး ဖွင့်ဆိုနေကြတုန်းပါပဲ။ ကျန်တဲ့ တဝက်လောက်ကတော့ တူညီတဲ့ ဆက်သွယ်မှုတခုလို့ မြင်ကြပါတယ်။

ဒါကြောင့် ပြည်သူအမြောက်အမြားက ဒီမိုကရေစီစံနှုန်းတွေကို ယုံကြည်ကြောင်းပြောတဲ့ အချိန်မှာ သူတို့က အာဏာပိုင် တွေနဲ့ ပတ်သက်လို့ ရိုးရာအမြင်တွေကို ဆက်လက်ကိုင်စွဲထားတုန်းပါပဲ။ ဒါက ဒီမိုကရေစီမှာ သူတို့ရဲ့ အခွင့်အရေးတွေနဲ့ တာဝန်ယူရမှုတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ အနှုတ်သဘော သက်ရောက်မှု ဖြစ်နိုင်ပါတယ်။

မေး။      ။ စီးပွားရေး ကိစ္စတွေရဲ့ သက်ရောက်မှုနဲ့ ပတ်သက်လို့ သူတို့က ဘာပြောသလဲ။

ဖြေ။       ။ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ပြဿနာက ပြည်သူတွေကိုသက်ရောက်နေတဲ့ အဓိက ကိစ္စဖြစ်ပါတယ်။ စီးပွားရေး အခြေ အနေက တိုးတက်မှုအများအပြားရှိပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်မှု ဆက်သွားဖို့အတွက် မသေချာမရေရာမှု တခုရှိနေ တာကို စစ်တမ်းကတွေ့ ရှိရပါတယ်။ ဖြေကြားပေးသူတွေက ထောက်ပြခဲ့တဲ့ အကြောင်းအရာတွေထဲမှာ လမ်းကနေ လျှပ် စစ်ဓာတ်အား အထိ နောက်ပြီး စီးပွားရေး အခွင့် အလမ်းတွေ အကြောင်းလည်းပါဝင်ပါတယ်။

ကျမတို့ရဲ့ စစ်တမ်းက ပြည်သူတွေရဲ့ စီးပွားရေးတန်ဖိုးကို တိုင်းတာပြနိုင်တယ်လို့ ကျမပြောချင်ပါတယ်။ ဖြေကြားသူတွေ ကြိုးစားမှု၊ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ အားထုတ်မှုတွေ၊ ပြောင်းလဲဆန်းသစ်မှုဖြစ်လာစေဖို့ ယှဉ်ပြိုင်မှုရဲ့ တန်ဖိုး အကြောင်း တညီတညွတ်ထဲပြောခဲ့ကြပါတယ်။ ဆက်သွားဖို့အတွက် လုံလောက်တဲ့ ဥစ္စာဓနလည်း ရှိပါတယ်။

လူတိုင်းရဲ့ စားဝတ်နေရေးကို စောင့်ရှောက်ပေးနိုင်ဖို့ အတွက် အစိုးရက ကဏ္ဍတခုကနေ ပါဝင်ဖို့လိုအပ်တယ် ဆိုတဲ့ ပြင်း ထန်တဲ့ မျှော်လင့်ချက်တခုလည်း ရှိပါတယ်။ ကျမတို့ စစ်တမ်းနဲ့ မသက်ဆိုင်တဲ့ အကြောင်းတွေကို မပြောချင်ပါဘူး။ ဒါပေမယ့် ဖြေကြားသူ အများစုက ပြောခဲ့ကြတဲ့ စီးပွားရေး အမြင်တွေက မြန်မာ နိုင်ငံရဲ့ ဈေးကွက်ဦးစားပေး ဖွံ့ဖြိုးရေး နည်းဗျုဟာအတွက် ကောင်းမွန်တဲ့ အတိတ်နိမိတ်ကောင်း တခုဖြစ်ပါတယ်။

မေး။      ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေလို့ ဖြေကြားသူတွေက ဘာကို သတ် မှတ်ကြပါသလဲ။

ဖြေ။       ။ ဆယ်စုနှစ်ပေါင်းများစွာ တံခါးပိတ် အထီးကျန်မှု၊ စစ်အုပ်ချုပ်ရေးနဲ့ ပဋိပက္ခတွေထဲကနေ အသိုင်းအဝိုင်းတခု တိုးထွက်လာတာကို မြင်ရတာက စိတ်အားတက်ကြွစရာကောင်းပါတယ်။ လွတ်လပ်ခွင့်အသစ်တွေအတွက် ပြည်သူတွေ စိတ်အားတက်ကြွနေကြပါတယ်။ သူတို့ရဲ့ မဲပေးပိုင်ခွင့် အတွက်လည်း စိတ်စောနေကြပါတယ်။ ဒါပေမယ့် နောက်ဆုံးကျ ရင် ပြည်သူတွေဟာ သူတို့တွေရဲ့ နေ့စဉ်ဘဝတွေမှာ သက်ရောက်တဲ့ အရာတွေကိုလည်း စိုးရိမ်လာကြပါလိမ့်မယ်။

ပြည်သူတွေက မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ကို သွားနေတယ်လို့ ထင်ကြတဲ့သူတွေက လမ်းတွေ၊ ကျောင်းတွေ၊ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုပ်အကိုင်တွေကို အကြောင်းပြချက် အဖြစ်ပေးခဲ့တဲ့တာကို ပြန်ပြောရပါလိမ့်မယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်သူတွေက အများကြီး မျှော်လင့်ထားကြပါတယ်။ ငြိမ်းချမ်းရေးနဲ့ အောင်မြင်မှုက ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို လွှမ်းမိုးတယ်လို့ ကျမထင်ပါတယ်။

( DW သတင်းဌာန၏ Survey: People in Myanmar ‘cautiously optimistic’ about future ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading