နားကြပ်တပ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုမှုနှင့် ဖမ်းဆီးအရေးယူ ခံထားရသည့် V Gastro.bar အဖျော်ယမကာ ဘား ဆိုင် ဖွင့်လှစ်သူ ၃ ဦးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တရားရုံးတွင် ယနေ့ ဒုတိယ အကြိမ် ရုံးထုတ် စစ်ဆေးကြောင်း စုံစမ်း သိရှိရ သည်။
မြန်မာနိုင်ငံသား ဘားဆိုင်ရှင် ဖြစ်သူ ဦးထွန်းသူရိန်၊ ဆိုင်မန်နေဂျာ ထွဋ်ကိုကိုလွင်နှင့် ဆိုင်အထွေထွေ မန်နေဂျာဖြစ်သည့် နယူး ဇီလန် နိုင်ငံသား Mr.Philips တို့ကို တရားရုံးက ဘာသာသာသနာဆိုင်ရာ ပြစ်မှု ပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် သတ်မှတ် ခွင့်ပြုချိန် ကျော်လွန်၍ ဆိုင်ဖွင့်လှစ်မှု ပုဒ်မ ၁၈၈ တို့နှင့် အမှုလက်ခံ စွဲချက်တင်လိုက်သည်ဟုလည်း ယင်းအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေ သော ရှေ့နေ က ပြောသည်။
“ဥပဒေက သတ်မှတ်ထားတာ ပုဒ်မ တခုစီကို နှစ်နှစ်စီ၊ ပုဒ်မ ၁၈၈ က ခြောက်လလို့ ပြဌာန်းထားတယ်။ အခုဖွင့်လိုက်တဲ့အမှုတွေက အာမခံမရဘူး။ ထောင်ကျနိုင်တယ်။ ဒီနေ့ တရားလို သက်သေ သုံးဦး ထွက်ဆိုတယ်။ ကျနော့်အမှုသည် Mr.Philips အတွက်က တော့ နယူးဇီလန် နိုင်ငံသားတွေဖြစ်တဲ့ သူ့ဇနီးနဲ့ သူ့သူငယ်ချင်းတို့ကို သက်သေ နှစ်ဦး တင်ပြထားပါတယ်။ ဒီအမှုက နှစ်ပတ်၊ သုံး ပတ် အတွင်း အမိန့်ချမယ်လို့ ထင်တယ်”ဟု Mr.Philips ၏ ရှေ့နေ ဦးမြသွေးက ပြောပြသည်။
ယင်းအမှုကို လာမည့် ဒီဇင်ဘာ ၂၆ ရက်တွင် ဒုတိယမြောက် ရုံးချိန်းခေါ်ယူထားပြီး သက်သေများကို ထပ်မံ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
V Gastro.bar ဘားဆိုင်ကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းတွင် နိုဝင်ဘာလ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁၄ ရက်တွင် ဆိုင်ဖွင့်ပွဲ ကျင်းပရန်အတွက် ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာတွင် ကြော်ငြာခဲ့သည်။
ယင်းကြော်ငြာ၌ နားကြပ်တပ်ထားသည့် ဗုဒ္ဓ ရုပ်ပွားတောင်ပုံကို အသုံးပြုခဲ့သည့် ဓာတ်ပုံသည် လူမှုကွန်ရက် စာမျက်နှာများတွင် ချက်ချင်း ပျံ့နှံ့ သွားသည်။
ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ်ထားသော ဗုဒ္ဓရုပ်ပွားတော်ပုံကို အသုံးပြုခဲ့သည့်အတွက် ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ဗဟန်းမြို့နယ် ရဲစခန်းက ထိုဘားဆိုင်ကို ယာယီပိတ်သိမ်းခဲ့ပြီးနောက် ၎င်းတို့ကို ဖမ်းဆီး ခေါ်ဆောင်ပြီး တရားရုံးတင်၍ ဗဟန်းမြို့နယ် သာသနာရေးတာဝန်ခံက ပုဒ်မ ၂၉၅၊ ၂၉၅ (က) နှင့် တရားလိုပြုလုပ် တရားစွဲခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၈၈ နှင့် တရား စွဲခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၁ ရက်တွင် ယင်းဘားဆိုင် တာဝန်ရှိသူများက ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် အင်္ဂလိပ် ဘာသာဖြင့် တောင်းပန် ထား ခဲ့သည်။
တောင်းပန်မှုတွင် တစုံတယောက် သို့မဟုတ် ဘယ်ဘာသာရေးအဖွဲ့ကိုမှ ဆန့်ကျင်ရန် မရည်ရွယ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဘာသာ ရေးနှင့် ပတ်သက်သည့် ယဉ်ကျေးမှု၊ သမိုင်းကြောင်းများကို လေ့လာပြီး အမှားကို ပြင်ဆင်သွားမည် ဖြစ်ကြောင်းနှင့် ၎င်းတို့၏ တောင်းပန်မှုကို ရန်ကုန်မြို့မှ ပြည်သူများ လက်ခံလိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။
ပထမဆုံးအကြိမ် ခေါ်ယူသည့် ယနေ့ ရုံးချိန်းတွင် ဗုဒ္ဓဘာသာ အဖွဲ့အစည်းပေါင်း ၁၂၀ ဖြင့် ဖွဲ့စည်းထားသည့် ထေရဝါဒ ဓမ္မ ကွန် ရက် မှ အဖွဲ့ဝင် သုံးဆယ်ခန့်က ဗဟန်းမြို့နယ် တရားရုံး ဝန်းအတွင်းသို့ လေ့လာသူများအဖြစ် လာရောက်ခဲ့ကြသည်။