ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှု၌ စွပ်စွဲခံမြန်မာ ၂ ဦးဘက်မှ သက်သေ လိုက်ပါ ထွက်ဆိုပေးရန်အတွက် ငြင်းဆိုမှုများရှိ နေကြောင်း အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောသည်။
ဤလူသတ်မှုတွင် မြန်မာလူငယ် ၂ဦးသည် တရားခံများမဟုတ်သည်ကို အဆိုပါ သက်သေများအနေဖြင့် သိရှိသော်လည်း ထိုင်း တရား ရုံးသို့သွားရန် ကြောက်ရွံ့နေခြင်း ထိုင်းနိုင်ငံတွင်း နေထိုင်နေရခြင်းကြောင့် ၎င်းတို့၏ လုံခြုံရေး၊ စားဝတ်နေရေးပေါ်တွင် စိုးရိမ် ၍ သက်သေမထွက်လိုကြခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ Orchid Hotel တွင် ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှေ့နေ ဦးအောင်မျိုးသန့် က ပြောဆိုသည်။
မြန်မာ သံရုံး အထူးကိုယ်စားလှယ်အဖွဲ့မှ ဦးထူးချစ်၊ ဦးကျော်သောင်း နှင့် ရှေ့နေ ဦးအောင်မျိုးသန့်တို့ ၃ ဦးက ယင်း အမှုနှင့် ပတ် သက်ပြီး Orchid Hotel တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။
ရှေ့နေ ဦးအောင်မျိုးသန့် က“ကျနော်တို့ သက်သေဖြစ်တဲ့ သူတွေကို မေးမြန်းပြီးပြီ၊ သူတို့ အချက်အလက်တွေ မှန်တယ်၊ ပြောနိုင်တယ်၊ မြန်မာ ၂ ဦးဘက်မှ သက်သေလိုက်မယ့် သူတွေ ဖြစ်တယ်၊ ဒါပေမယ့် သူတို့က ကျနော်တို့ကိုတော့ ပြောပြနိုင်ပေမယ့် ထိုင်းတရားရုံးကိုတော့ လိုက်ပြီး သက်သေလုပ်ဖို့ ငြင်းဆိုနေတယ်”ဟု ပြောသည်။
သက်သေထွက်ပေးနိုင်မည့် သူ ၂၀ ခန့် ရှိပြီး ထိုသူများထဲတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသူများ ရှိသော်လည်း အားလုံး က သက်သေထွက်ဆိုရန် ငြင်းဆိုထားသည်ဟု သိရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး သေဆုံးပြီးနောက်တွင် ထိုင်းရဲတပ်ဖွဲ့က မြန်မာအလုပ်သမားများကို ခေါ်ယူစစ်ဆေးရာတွင် ရေနွေးပူနှင့် လောင်းခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် သက်သေများ ထိုင်းတရားရုံးသို့ သက်သေအဖြစ်သွားရန်၊ အမှုတွင် ပါဝင်ရန် ကြောက်ရွံ့နေကြသည်ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ်က ပြောဆိုသည်။
“သက်သေတွေ လိုက်ပေးဖို့ အရေးကြီးတယ်၊ အမှုအတွက် စိန်ခေါ်မှုတခုလို့လည်း ဆိုနိုင်ပါတယ်၊ ကိုယ့် မြန်မာနိုင်ငံသားတွေဘက် က ကူညီကြပါလို့ပဲ ပြောချင်တယ်”ဟု သူက ဆက်ပြောသည်။
ဤအမှုတွင် ထိုင်းအစိုးရနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးမဏ္ဍိုင်၏ သိက္ခာနှင့် ဆက်စပ်နေသဖြင့် သက် သေများ ရှိနေသော်လည်း အမှုပြန်လည်ချေပရာတွင် ခက်ခဲလွန်း သကဲ့သို့ မြန်မာ အစိုးရဘက်က ကူညီမှုမှာလည်း အားနည်းနေ သည် ဟုလည်း ဦးထူးချစ်က ထောက်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ တရားခံအဖြစ် စွပ်စွဲခံထားရပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ကော့စမွေ တရားရုံး၌ လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ စုပေါင်း လုယက်မှု၊ အမှန်တရားကို ထိန်ချန်မှု၊ ပစ္စည်း ခိုးယူမှု၊ ထိုင်းနိုင်ငံ အတွင်း တရားမဝင် လာရောက်မှု၊ တရားမဝင် နေထိုင်မှု စသည့် ပုဒ်မ ၇ ခုဖြင့် မြန်မာနိုင်ငံသား ၂ ဦးကို အမှုဖွင့်ထားခြင်းဖြစ်သည်။
ဦးကျော်သောင်းကလည်း အမှုပြန်လည်ချေပရာတွင် ထိရောက်စေရန် လူ သက်သေများ လိုအပ်ပြီး မြန်မာနိုင်ငံသားများ အနေနှင့် မြန်မာလူမျိုးများဘက်မှ ကူညီ၍ သက်သေလိုက်မည့် သူများကို မြန်မာ အစိုးရက ကာကွယ်မှုနှင့် အကူအညီ ပြုမှုပေးရန်၊ အမှုတွင် သက်သေအဖြစ် ပါဝင်နေစဉ် စားဝတ်နေရေးကိုလည်း ကူညီမှုများ ပြုလုပ်ပေးရန်တို့ကို စီစဉ်ပေးမည်ဟု ပြောသည်။
အမှုလိုက်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အမှုအား ပြန်လည်ချေပခုခံရန် ပစ္စည်းသက်သေများ ရှိပြီး အဓိကလိုအပ်နေ သည့် အချက်သည် လူသက်သေများ ထွက်ဆိုပေးရန်ဖြစ်ကြောင်း သိရသည်။
ဤအမှုကို တည်ဆောက်ခဲ့သည့် ထိုင်းရဲတပ်ဖွဲသည် မြန်မာ နိုင်ငံသား ၂ ဦး ဖြစ်သော မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း တို့ကို မေးမြန်းရာတွင် ရိုက်နှက်စစ်ဆေးခဲ့ခြင်း၊ စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သူတို့က မြန်မာသံရုံး ကိုယ်စားလှယ်များ ဖြစ်ကြောင်း ဝန်ထမ်းကတ် အတုများပြ၍ တရားခံအဖြစ် ဝန်ခံခိုင်းခြင်းတို့သည် အမှုတွင် ပြန်လည်ချေပရမည့် အချက်များ ဖြစ်သည်ဟု ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
တရားခံများအဖြစ် စစ်ဆေးနိုင်ရန် မျိုးဗီဇ(DNA) ယူရာတွင်လည်း DNA စုဆောင်းသည့် သက်သေ၊ စစ်ဆေးသူ၊ ဓာတုဗေဒ ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်ခြင်းမရှိဘဲ တရားမဝင် ယူခဲ့ခြင်းဖြစ်ပြီး DNA ယူရာတွင် လိုက်နာရမည့် စည်းကမ်းများဖြစ်သည့် DNA ကို အပြည့်အစုံ ယူခြင်းမရှိဘဲ မောင်ဇော်လင်းထံမှ တံတွေးနှင့် မောင်ဝင်းဇော်ထွန်းထံမှ တံတွေးနှင့်ဆီး တို့ကိုသာ ယူခဲ့ကြောင်း သိရသည်။
ထို့အပြင် အခင်းဖြစ်ပွားခဲ့သည့် နေ့တွင် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့၏ အကျႌများ ပျောက်ဆုံးခဲ့ပြီး ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးခြင်း၊ ထိုင်းရဲများက အမှုတည်ဆောက်ခြင်းတို့ ပြုလုပ်စဉ်ကလည်း ထိုအကျႌများသညိ အမှုတွင် ပါဝင်ခြင်းမရှိခဲ့ဘဲ တရားရုံး သို့ တင်သည့် နေ့မှပင် အကျႌများ ပါဝင်လာခြင်းသည် ထိုင်း ရဲတပ်ဖွဲ့က အမှုကို အကွက်ဆင် တည်ဆောက်ထားခြင်းသာ ဖြစ်သည် ဟု ဦးကျော်သောင်း က ပြောသည်။
ဦးကျော်သောင်းက“ကလေးနှစ်ယောက်က တရားခံမဟုတ်ဘူး ဆိုတာရယ်၊ အမှုတည်ဆောက်တာက အကွက်ဆင်ထားတာရယ်က သက်သေတွေ ရှိနေပါပြီ၊ ဒါပေမယ့် ထိုင်းအစိုးရတရပ်နဲ့ ရပ်ဆိုင်နေရတာမို့ အမှုပြီးဖို့က ကြာပါဦးမယ်”ဟု ဆက်လက် ပြောဆိုသည်။
သေဆုံးသူ ဗြိတိန်နိုင်ငံသား ၂ဦးဘက်မှ အမှုလိုက်နေသည့် စကော့တလန် ရဲ တပ်ဖွဲ့ကလည်း ဒုတိယအကြိမ် တရားရုံးထုတ်ရာတွင် အမှုအတွက် နိုင်ငံခြားသား သက်သေ ၂ ဦးရှိကြောင်း၊ ထိုသက်သေ ၂ဦးအား ထွက်ဆိုခွင့်ပြုရန် ထိုင်းတရားသူကြီးထံတွင် တောင်း ဆိုထားကြောင်း သိရသည်။
အမှုမှန်ပေါ်ပေါက်စေရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဆောင်သည့် အထူးစုံစမ်းစစ်ရေး ကော်မတီတရပ်ကို အောက်တို ဘာ လ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
ထို အဖွဲ့တွင် အလုပ်သမားအရေးလှုပ်ရှား သူများ၊ ဥပဒေပညာရှင်များ၊ ထိုင်းရှေ့နေများကောင်စီနှင့် ထိုင်းလူ့အခွင့်အရေး ကော်မရှင် များကလည်း ပါဝင် ကူညီလျက်ရှိသည်။