ထားဝယ် ရေနက်ဆိပ်ကမ်း မြို့ပြစီမံကိန်း နယ်မြေ အကောင်အထည်ဖော်ရန် အတွက် လယ်ဧက ၃၀၀ ကျော်ကို အစိုးရက သိမ်း ဆည်းထားသည်မှာ ၂ နှစ်ကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း လယ်မြေ သိမ်းဆည်းခံ လယ်သမားများ ပြေလည်မှု မရသေးကြောင်း သိရသည်။
“ကျမတို့ လယ်ယာမြေ ပြဿနာက ၂ နှစ်ကျော် ကြာခဲ့ပါပြီ။ လာပြီးတော့ ညှိနှိုင်းတာ မရှိဘူး။ အဲဒီမြေမှာ ၂၀၁၁ ခုနစ်အထိ လယ် ယာမြေ ပြေစာနဲ့ အစိုးရ ချေးငွေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနစ်ကစပြီး ပြေစာ ဆက်မထုတ် ပေးတော့ဘူး”ဟု ထားဝယ်မြို့မှ လယ်ယာမြေ သိမ်းခံရသူ တဦးဖြစ်သည့် မရွှေရွှေယုက ဧရာဝတီကို ပြောပြသည်။
အဆိုပါ မြေများသည် ဘိုးဘွားပိုင် မြေများဖြစ်ပြီး လုပ်ကိုင်လာသည်မှာ နှစ် ၂၀ ကျော် ကြာမြင့်ပြီ ဖြစ်ကြောင်း၊ လယ်ယာ လုပ်ငန်း လုပ်ကိုင်ရန်အတွက် အစိုးရထံ နှစ်စဉ် ပြေစာခွန် ပေးဆောင်ပြီး လုပ်ကိုင်ရကြောင်း ၎င်းက ဆက်ပြောသည်။
ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြောင့် မြေဈေးများ တက်လာသဖြင့် အစိုးရက လယ်ယာမြေများ သိမ်းယူ၍ လုပ်ကိုင်ခြင်း ဖြစ် ကြောင်း၊ လယ်ယာမြေများ သိမ်းဆည်း ခံထားရသည်မှာ ၂ နှစ်ကျော်ကြာပြီ ဖြစ်သော်လည်း လက်ရှိအချိန်အထိ လယ်သမား တချိူ့ လျော်ကြေးငွေ မရရှိသည့် အပြင် လယ်ယာမြေ မရှိခြင်းကြောင့် စိုက်ပျိုးရေး မလုပ်ကိုင်နိုင်ကြကြောင်းလည်း မရွှေရွှေယုက ပြောဆို သည်။
လက်ရှိ အချိန်တွင် ထားဝယ် ရေနက်ဆိပ်ကမ်း မြို့ပြစီမံကိန်းကို တိုးတက်အောင် ကုမ္ပဏီ က တာဝန်ယူ တည်ဆောက်နေသည် ဟုလည်း ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း မြို့ပြစီမံကိန်းတွင် ယဉ်ကျေးမှု ပြတိုက်၊ အစိုးရ ဝန်ထမ်း အိမ်ရာ၊ ဈေးဝယ်စင်တာ (Shopping Mall) နှင့် ပုဂ္ဂလိက ဆေးရုံများကို ဆောက်လုပ်မည် ဖြစ်ကြောင်း၊ ထိုစီမံကိန်းကို ၂၀၁၅ ခုနစ်တွင် အပြီး ဆောက်လုပ်ရန် အစိုးရက ညွန်ကြား ထားသော်လည်း ယခုအချိန်ထိ လယ်သမားများကို အစိုးရဘက်က တရားဝင် လာရောက် ညှိနှိုင်းခြင်း မရှိသေးကြောင်း လယ် သမား များကို ကူညီပေးနေသည့် ထားဝယ် အမျိုးသမီး အဖွဲ့မှ ဒေါ်စုစုဆွေက ဧရာဝတီကို ပြောသည်။
“လယ်သမားတွေက သူတို့လိုချင်တာကို တရားဝင် ပြောပြီးပါပြီ။ လယ်ယာမြေ ၃ ဧက ပိုင်ဆိုင်တဲ့ သူတွေက အဲဒီနေရာမှာ ပေ ၆၀ – ပေ ၄၀ တကွက် ပြန်ပေးဖို့ တောင်းတာပါ။ တဧကဆို ၈ ကွက် ထွက်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ မပေးဘဲ တခြား လယ်ယာ လုပ်စားလို့ မရတဲ့ နေရာမှာ ပြန်ပေးတော့ အခက်ကြုံရပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။
လယ်ယာမြေ အစားပြန်ပေးရန် တောင်းဆိုမှုကြောင့် ဇွန်လပိုင်းတွင် လယ်သမား ၁၉ ဦးကို ပုဒ်မ ၃ ခုနှင့် တရားစွဲဆိုခဲ့ပြီး ၁၀ ဦးကို ထောင်ချခဲ့ကြောင်း၊ ထိုလယ်ယာမြေ ကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်အထိ အာဏာပိုင် အဖွဲ့အစည်းများက ကွင်းဆင်း စစ်ဆေး ပေးခြင်း မရှိ ကြောင်း ဒေါ်စုစုဆွေက ဆက်လက် ပြောဆိုသည်။
ဒေသခံ လယ်သမားတဦးဖြစ်သူ ဒေါ်မူဆန်းကလည်း“ကျမတို့ လယ်ကိုလည်း သိမ်းသေးတယ်။ ကျမ ယောက်ျားကိုလည်း ထောင်ချ ထားတယ်။ ကျမတို့ ဘဝက အခု ဘာမှလုပ်ကိုင်လို့ မရတော့ဘူး။ ကျမလည်း လယ်အလုပ် စိုက်ပျိုးရေးပဲ လုပ်တတ်တာ။ ကျမတို့ရဲ့ လယ်ပေါ်မှာ အခု မြေတွေ လာဖို့နေပြီ”ဟု ဧရာဝတီကို ပြောသည်။
ယင်း လယ်ယာမြေ ပြဿနာများနှင့် ပတ်သက်ပြီး ထားဝယ် ရေနက်ဆိပ်ကမ်း မြို့ပြစီမံကိန်းအား တာဝန်ယူ တည်ဆောက်နေသည့် တိုးတက်အောင် ကုမ္ပဏီကို မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိပေ။
ထားဝယ် ရေနက်ဆိပ်ကမ်း ပထမအဆင့် စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ် အထိ သတ်မှတ်ထားပြီး ဒုတိယအဆင့် စီမံ ကိန်း ကို ၂၀၁၆ တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့်(၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အဝန်း ရှိကြောင်း စီမံကိန်း ဆောက်လုပ်ခွင့်ရ အီတာလျံ ထိုင်း ITD ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၈ သန်း ကုန်ကျခံ တည်ဆောက်မည် ဖြစ်ပြီး ပထမ အဆင့် စီမံကိန်းတွင် ဒေါ်လာ ၈ သန်း ကုန်ကျမည့် ရေနက် ဆိပ်ကမ်း၊ အဝေးပြေး လမ်းမကြီးနှင့် မီးရထားလမ်းဖောက်သည့် လုပ် ငန်းများ ပါဝင်သည်။
ဒုတိယအဆင့် စီမံကိန်းတွင် ဒေါ်လာသန်း ၅၀ ကုန်ကျမည့် ရေနံချက် စက်ရုံ၊ စက်မှုဇုန် နယ်မြေများ တည်ဆောက်ခြင်း၊ ရေနံ၊ ဓာတု ဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ တည်ဆောက်ခြင်း၊ လျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်း၊ စက္ကူနှင့် သံမဏိလုပ်ငန်းများ တည်ဆောက်ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
အစိုးရ သတင်းစာများတွင် ဖော်ပြထားချက် အရ ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောကြီး ၂၅ စင်း တပြိုင်တည်း ဆိုက်ကပ်နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု ဆိုသည်။