သတင်း

ဂျာနယ်လစ်များအား အရေးယူ ထောင်ချသည့် ထိပ်တန်း ၁၀ နိုင်ငံ မြန်မာ ပါဝင်

This article has been converted from Zawgyi One to Unicode

အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီက (Committee to Protect Journalists – CPJ) က မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အတွင်း ဂျာနယ်လစ်များကို အရေးယူထောင်ချသည့် ထိပ်တန်း ၁၀ နိုင်ငံ၌ ထည့်သွင်းလိုက် ကြောင်း သိရသည်။

နှစ်စဉ် ထုတ်ပြန်သည့် အဆိုပါ CPJ အဖွဲ့၏ အစီရင်ခံစာတွင် ကမ္ဘာတဝှမ်း၌ ဂျာနယ်လစ်များအား အရေးယူထောင်ချမှုများ တရိပ်ရိပ် တိုးမြင့်လာနေကြောင်း၊ ကမ္ဘာတဝှမ်း အရေးယူထောင်ချမှု ၂၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ထောင်ချမှုများသည် အာဏာရှင် အုပ်ချုပ်ရေးကို ထင်ဟပ်ပြချက်များ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဂျာနယ်လစ်များများအား အရေးယူထောင်ချမှု ကမ္ဘာ့ အဆိုးဆုံး နိုင်ငံစာရင်းတွင် အီရစ်ထရီးယား၊ အီသီယိုးပီးယား၊ ဗီယက်နမ်၊ ဆီးရီးယား၊ အီဂျစ်၊ မြန်မာ၊ အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့ ပါဝင်သည်။

CPJ ၏ အရှေ့တောင်အာရှ ရေးရာ အကြီးတန်းကိုယ်စားလှယ် Shawn W. Crispin က ဧရာဝတီကို ပြောရာတွင် “ကမ္ဘာတဝှမ်း ဂျာနယ်လစ်များအား အရေးယူမှု အဆိုးဆုံး ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံ ပါဝင်လာတာလဲ ဆိုတော့ သမ္မတ ဦးသိန်းစိန်ရဲ့ အစောပိုင်း စတင်တာဝန်ယူစဉ် ကာလက ပေးထားခဲ့တဲ့ သတင်းလွတ်လပ်ခွင့် ကတိကို ပြောင်းပြန် လှန်ပစ်သလို နောက်ပိုင်းမှာ လုပ်ဆောင်လာကြလို့ပဲ” ဟု ဆိုသည်။

“အခုဆိုရင် ဂျာနယ်လစ် ၁၀ ဦးကို ထောင်ထဲထည့် ထားတယ် ဆိုတာ နိုင်ငံ ဒီမိုကရက်တစ် ပြောင်းလဲမှု ထောက်ခံ အားပေးနေသူတွေ နိုးကြားသင့်တယ်၊ သိမြင်သင့်တယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ထုတ်ပြန်သည့် CPJ ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ဂျာနယ်လစ်များအား အရေးယူထောင်ချမှု အနည်းဆုံး ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အားလုံးသည် အစိုးရကို ဆန့်ကျင်မှုဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် အတွင်း ယူနတီ ဂျာနယ်၏ အမှုဆောင်အရာရှိ ၅ ဦးအား ၁၉၂၃ ခုနှစ်၊ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ အရ ထောင် ၁၀ ချမှတ်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရ အနေဖြင့် နိုင်ငံပြန်လည် ထူထောင်ရေးထက် ခေတ်မမီတော့သည့် ဥပဒေများကို ကျင့်သုံးနေခြင်းကို ထင်ရှားတွေ့မြင်စေကြောင်း ဖော်ပြထားသည်။

တဖန် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းတရပ်သည် မြန်မာနိုင်ငံတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးမှု ပြသရာ ရောက်ကြောင်း၊ The Irrawaddy ၏ ထုတ်ဝေဖြန့်ချိမှု အတွက် လိုင်စင် သက်တမ်းတိုး လျှောက်ထားရာတွင် The Irrawaddy စာလုံးပေါင်းကို ကုန်အမှတ်တံဆိပ် အဖြစ်လက်ခံသော်လည်း The Irrawaddy မဂ္ဂဇင်း စာလုံးပေါင်းသည် ၁၉၈၉ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ပြဋ္ဌာန်းခဲ့သည့် “စကားရပ်များ ပြောင်းလဲသတ်မှတ်သည့် ဥပဒေ”နှင့် ညီညွတ်မှု မရှိဟု ဆိုကာ ပြန်ကြားရေး ဝန်ကြီးဌာန ၏ မေတ္တာရပ်ခံ တောင်းဆိုချက်အရ ထုတ်ဝေဖြန့်ချိရေး လိုင်စင်လျှောက်ထားရာ၌ The Irrawaddy အစား “ဧရာဝတီ”ဟု ရေးသား လျှောက်ထားခဲ့ရကြောင်း သိရသည်။

“အစိုးရ အနေနဲ့ The Irrawaddy ကို ခေတ်မမီတော့တဲ့ ဥပဒေဟောင်းတွေနဲ့ ဒုက္ခပေး အနှောင့်အယှက်ပြုတဲ့ လုပ်ရပ်တွေ ရပ်ပစ်သင့်တယ်၊ သူတို့ ထူထောင်လာတဲ့ ကုန်အမှတ်တံဆိပ် အတိုင်း ဆက်လက်ရပ်တည် လုပ်ကိုင်ခွင့် ပြုသင့်တယ်” ဟု Crispin က ပြောသည်။

လိုင်စင်သက်တမ်းတိုး လျှောက်ထားရာ၌ ယင်းသို့ မျက်နှာဖုံးတပ် ခြိမ်းခြောက်လာခြင်းသည် ဂျာနယ်၏ ရပ်တည်ချက်၊ အယ်ဒီတာ၏ ရပ်တည်ချက်ကို ဖိအားပေးခြင်း ဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ အနေဖြင့် စစ်အာဏာရှင် အုပ်ချုပ်ရေး၏ မနှစ်မြို့ဖွယ်ရာ အကြွင်းအကျန် ပြန်ကြားရေး ဝန်ကြီးဌာကို လုံး၀ ဖျက်သိမ်းပစ်မှသာ ကောင်းမွန်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

၂၀၁၁ ခုနှစ်တွင် အာဏာရလာသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ယခင်စစ်အာဏာရှင် အုပ်ချုပ်ရေးထက် သတင်းလွတ်လပ်ခွင့် ပိုမိုရလာသည်ဟု ဆိုသော်လည်း ဂျာနယ်လစ်များမှာ စိန်ခေါ်မှုများ၊ ထောင်ချခံရမှုများနှင့် ကြုံတွေ့ နေရဆဲဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) အောင်ကျော်နိုင်အား အစိုးရ စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားစဉ် သတ်ဖြတ်ပစ်ခဲ့သည်။ ကိုပါကြီးသည် အစိုးရ စစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်တော်တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားသည့် မွန်ပြည်နယ် အတွင်း သွားရောက် သတင်းယူစဉ် အစိုးရ စစ်တပ်၏ ဖမ်းဆီးမှု ခံခဲ့ရခြင်း ဖြစ်သည်။

“အနောက်နိုင်ငံ အစိုးရတွေ အနေနဲ့ ပိတ်ဆို့ အရေးယူမှုကို ဖြေလျှော့ပေးမလား၊ ဆက်လက်ထားရှိမလား ဆိုတာ သတင်းလွတ်လပ်ခွင့် ရှိခဲ့သလား အပေါ် မူတည် ဆုံးဖြတ်ဖို့ လိုပါတယ်။ အခုချိန်မှာ သူတို့ အနေနဲ့ အစိုးရကို ဆန့်ကျင်တယ် ဆိုပြီး အရေးယူတာတွေကို သေချာလေ့လာ ဆန်းစစ်သင့်တယ်” ဟု Crispin က ပြောသည်။

၂၀၁၄ ခုနှစ် အတွင်း တရုတ်နိုင်ငံသည် ဂျာနယ်လစ်များအား အရေးယူထောင်ချသည့် ထိပ်ဆုံးနိုင်ငံ တခုဖြစ်ပြီး၊ ဂျာနယ်လစ် ၄၄ ဦးကို ထောင်ချခဲ့ကြောင်း၊ ကမ္ဘာတဝှမ်း ထောင်ချခံရသည့် ဂျာနယ်လစ် ၂၂၀ ဦး ရှိပြီး၊ ၂၀၁၃ ခုနှစ်ထက် ၉ ဦးပို၍ အရေးယူခံရခြင်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Loading