ပဲခူးတိုင်း ရွှေတောင်မြို့နယ်အခြေစိုက် တပ်မတော် ခြေလျင်တပ်ရင်း(ခလရ) ၁၄ က ဒေသခံတောင်သူ ၅၄ ဦးကို ပိုင်နက် ကျူးလွန် မှုဖြင့် ရွှေတောင်မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်၍ တရားစွဲဆိုထားကြောင်း သိရသည်။
ခလရ ၁၄ က တပ်ကြပ်ကြီး ခင်မောင်ဝင်း က ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းတွင် ရွှေတောင်မြို့နယ် တရားရုံး၌ ဦးတိုက် လျှောက်ထားပြီး ပုဒ်မ ၄၄၇ ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တောင်သူများက ပြောပြသည်။
ထိုတရားစွဲဆိုခံ တောင်သူများထံသို့ ရဲကျင့်ထုံးအရ ရွှေတောင်မြို့နယ် ရဲစခန်း တာဝန်ရှိသူများကလည်း သွားရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု ရွှေတောင်မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်မြင့်ဌေးက ဧရာဝတီကို ပြောသည်။
“ရဲအရေးပိုင် မဟုတ်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားသူကြီးရဲ့ ညွန်ကြားချက်နဲ့ ရဲကျင့်ထုံး ၂၀၂ အရ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဒုရဲအုပ်တွေက အုပ်စု ၅ စု ခွဲပြီး စစ်ဆေးပေးရပါတယ်။ လူအရမ်းများတော့ အဖွဲ့ ၅ ဖွဲ့ ခွဲစစ်ရတယ်။ အားလုံး စစ်ပြီးသွားပြီ၊ အမှုတွဲန့ဲ့ ပတ်သက်တာတွေ အကုန် တရားရုံးကို လွှဲပြီးပြီ”ဟုလည်း ၎င်းက ပြောပြသည်။
ခလရ ၁၄ က အနီးရှိ ကျေးရွာများဖြစ်သော ဘယ်လက်ကျေးရွာ၊ ပုတ္တန်း ကျေးရွာနှင့် ပုရပိုက်တန်း ကျေးရွာများမှ လယ်မြေနှင့် ယာမြေဧက ၃၀၀ ကျော်ကို မူလတောင်သူများထံမှ ၁၉၉၂ ခုနှစ်က စတင် သိမ်းယူခဲ့ကြောင်း၊ ထို့နောက် အဆိုပါ မြေများပေါ်တွင် သိမ်းယူစဉ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်စဉ် သီးစားခယူပြီး စိုက်ပျိုးခွင့် ပြန်ပေးခဲ့ကြောင်း တရားစွဲခံ တောင်သူများက ပြောသည်။
ထို လယ်ယာမြေများသည် ခလရ ၁၄ နှင့် ၃ မိုင် အကွာအဝေးတွင် ရှိကြောင်း သိရသည်။
ခလရ ၁၄ က ၂၀၁၂ ခုနှစ်မှစပြီး သီးစားခပေးရန် မလိုကြောင်း ပြောဆိုခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် မိုးစပါး စိုက်ပျိုးချိန်တွင် စိုက်ပျိုးခွင့် မပြုတော့ကြောင်း ပြောကြားလာသည်ဟု တောင်သူများက ပြောဆိုသည်။
ထို့နောက်ပိုင်း ဆက်လက်စိုက်ပျိူး နေကြသည့် တောင်သူများကို ပိုင်နက် ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဘယ်လက် ကျေးရွာမှ တောင်သူ ဦးကြည်မြင့်ကလည်း ဧရာဝတီကို ပြောသည်။
“၁၉၉၂ နှစ်က စသိမ်းတယ်၊ သိမ်းတဲ့နှစ်က စပြီး သီးစားခနဲ့ ပြန်ငှားတယ်။ အခု ကျနော်တို့ကို တရားစွဲတဲ့ တပ်ကြပ်ကြီး ခင်မောင် ဝင်း ကိုပဲ နှစ်စဉ် တပ်ရင်းရုံးမှာ သီးနှံပေါ်တာနဲ့ သွားသွင်းခဲ့ရတာပါ။ ၂၀၁၂ ကနေစပြီး ပေးစရာ မလိုဘူးပြောပြီး၊ ၂၀၁၄ စပါးစိုက် တော့မှ လာမစိုက်ခိုင်းတော့တာ၊ ကျနော်တို့ကလည်း စိုက်လက်စ ဖြစ်နေတော့ အခု တရားစွဲခံ ထိတော့တာပဲ”ဟု ဦးကြည်မြင့်က ပြောပြသည်။
ခလရ ၁၄ ကို သီးစားခပေးပြီး လယ်စိုက်ပျိူးခဲ့ရာ၌ လယ် တဧကကို စပါး ၂ တင်း၊ ယာ တဧကကို ငွေကျပ် ၂၀၀၀ နှင့် နောက်ပိုင်း တွင် ကျပ် ၅၀၀၀ အထိ ပေးလာရကြောင်း၊ ထို့နောက် ယာ တဧကကို ကျပ် ၁၀၀၀၀ နှင့် လယ် တဧက လျှင် စပါး ၅ တင်း အထိ ပေးခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။
ပုရပိုက်တန်း ကျေးရွာမှ တောင်သူ ဦမောင်ဝင်းကလည်း လယ်ယာမြေများကို လွန်ခဲ့သည့် ၃ နှစ်ကတည်းက သွားရောက် စိုက်ပျိုးခြင်း မရှိတော့သော်လည်း တရားစွဲဆို ခံနေရသည့်အတွက် ရွှေတောင်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေရသည်ဟု ပြောသည်။
“အဘဆို အသက် ၆၀ ကျော်ပြီ။ အဖေလက်ထက် ကတည်းက လုပ်လာတဲ့လယ်၊ သိမ်းတယ် ဆိုတော့လည်း ဘာမှပြောခဲ့တာ မဟုတ်ဘူး။ အသက်ရလာလို့ မလုပ်ဖြစ်တာ ၃ နှစ်ကျော်လို့ တောကြီးတောင် ဖြစ်နေပြီ၊ အခု တရားစွဲတော့ အဘလည်း အမှု ရင် ဆိုင် နေရတယ်”ဟု ဦးမောင်ဝင်းက ပြောပြသည်။
ထိုတောင်သူ ၅၄ ဦးကို အုပ်စု ၅ စုခွဲပြီး ရွှေတောင်မြို့နယ် တရားရုံးတွင် ၃ ကြိမ် အမှုစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၁၇ ရက် က ရုံးချိန်းတွင် တရားစွဲခံ တောင်သူများဘက်မှ လူမစုံသည့် အတွက် ရုံးချိန်းဖျက်ခဲ့ရကြောင်း၊ တောင်သူများမှာ အဆိုပါ တရားရုံးတွင် ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံ ယူထားရကြောင်း သိရသည်။
သို့သော် တောင်သူများက ၎င်းတို့ကို စွဲဆိုထားသည့် ပိုင်နက်ကျူးလွန်မှုနှင့် ပတ်သက်ပြီး ဥပဒေကြောင်း အရ ရင်ဆိုင်သွားမည် ဖြစ် ကြောင်း၊ စစ်တပ်က သိမ်းယူထားသည့် ၎င်းတို့ပိုင် မြေယာများကိုလည်း ပြန်လည်ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောဆိုကြသည်။