Ethnic Issues

လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရန် The Elders အဖွဲ့ တိုက်တွန်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ပေးရန် ကမ္ဘာ့ရပ်မိရပ်ဖများ(The Elders) အဖွဲ့က တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် The Elders အဖွဲ့ ခေါင်း ဆောင် များက အထက်ပါအတိုင်း တိုက်တွန်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

The Elders အဖွဲ့ ခေါင်းဆောင်လည်းဖြစ်ပြီး နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူ Mrs.Gro Harlem Brundland က တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲနိုင်ရန် တဘက်နှင့် တဘက် ယုံကြည်မှုမရှိခြင်းက အဓိက အဟန့်အတား ဖြစ်နေရကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

“အရာရာဟာ လွယ်လွယ်လေးနဲ့ သွားနေတယ်လို့ ကျမတို့ မမြင်ပါဘူး။ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရဖို့ဆိုတာ နှစ်ဘက် စလုံးက အပေးအယူလုပ်ပြီးတော့ ညှိနှိုင်းမှုတွေ လုပ်ရပါမယ်။ မတူညီတာတွေ ဘေးဖယ်ထားပြီး တူညီတဲ့ပန်းတိုင်ကို သွားရမှာပါ” ဟု Mrs.Gro Harlem Brundland က ပြောသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံသို့ ၁၅ လ အတွင်း တတိယအကြိမ် လာရောက်သည့် The Elders အဖွဲ့၏ ခရီးစဉ်တွင် နော်ဝေး ဝန်ကြီးချုပ်ဟောင်း Mrs.Gro Harlem Brundland ၊ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr Lakhdar Brahimi နှင့် ပါကစ္စတန် တရား လွှတ်တော်ချုပ် ရှေ့နေနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ Mrs Hina Jilani တို့ ပါဝင်ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသော The Elders အဖွဲ့သည် နိုင်ငံတကာ ခေါင်းဆောင်းဟောင်းများဖြင့် ဖွဲ့စည်းထားသော အဖွဲ့တခု ဖြစ်ပြီး ၎င်းတို့၏ အတွေ့အကြုံများဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းမှု ရှိစေရန် လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်သည်။ အဖွဲ့ကို စတင်တည်ထောင်သူမှာ တောင်အာဖရိက လူမည်း သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလ်လား ဖြစ်သည်။

Mrs.Gro Harlem Brundland က ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ကြိုးပမ်းရာတွင် နှစ်ဘက် စစ်သားများ အပြင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသ အနီးတဝိုက်တွင် နေထိုင်ကြသော ကလေးငယ်များအပါအဝင် ဒေသခံများ ရင်ဆိုင်နေရသည့် မြေမြှုပ်မိုင်း ပြဿနာကိုပါ ကိုင်တွယ် ဖြေရှင်းပေးရန် တိုက်တွန်းလိုက်သည်။

Mrs.Gro Harlem Brundland က“အဲဒီ မြေမြှုပ်မိုင်းတွေဟာ စစ်သားတွေတင် မကဘူး။ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ လူငယ် တွေ ကိုလည်း ရာစုနှစ်တွေများစွာ ဒုက္ခပေးနေခဲ့တာပါ။ ဒါကြောင့် အဲဒါတွေကို ပထမဆုံး ဖယ်ရှားပစ်ဖို့ လိုပါတယ်”ဟု ပြောသည်။

The Elders အဖွဲ့သည် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင် ဆန်းစုကြည်တို့နှင့် တွေ့ဆုံပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ၊ နိုင်ငံရေးတွင် တပ် မတော်၏ အခန်းကဏ္ဍနှင့် တိုင်းရင်းသားရေးရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

The Elders အဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာပြည် ခရီးစဉ်သည် ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အထိ ကြာမြင့်ခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ သွားရောက်ခဲ့သည်။

Loading