ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြု လမ်းလျှောက်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးဝင်းထိုက် ဟိန်း ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့် အရေးယူလိုက်ကြောင်း သတင်း ရရှိသည်။
ဗိုလ်ချုပ် အောင်ဆန်း နှစ် ၁၀၀ ပြည့် ဂုဏ်ပြုသည့် အနေနှင့် ဦးဝင်းထိုက်ဟိန်းနှင့် လူအင်အား ၂၀၀ ခန့်သည် ဒီဇင်ဘာလ ၈ ရက် က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့အထိ စီတန်း လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။
ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံ ကွင်းတွင် စုဝေးရန် ခွင့်ပြုခဲ့သော်လည်း လမ်းလျှောက်သူများက ရန်ကုန်မြို့တော်ခန်းမရှေ့သို့ သွားရောက်ခဲ့ကြသည်။
ကြည်ြ့မင်တိုင် မြို့နယ် ရဲစခန်းမှ ဒုရဲမှူး တိုးရွှေက“ကျနော်တို့ အရေးယူထားတာက ပုဒ်မ ၁၉ နဲ့ပါ။ သတ်မှတ် ခွင့်ပြုထားတဲ့နေရာမှာ မဆောင်ရွက်တဲ့အတွက် ဥပဒေ အတိုင်း အရေးယူထားတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် သတ်မှတ်သည့် နေရာအစား တခြားတနေရာသို့ စီတန်း လှည့်လည်ခြင်းကြောင့် ပုဒ်မ ၁၉ နှင့် အရေးယူခံရခြင်း ဖြစ်ကြောင်း ၊ လမ်းလျှောက်ရာတွင် ဖြတ်သန်းခဲ့သည့် ကြည်မြင်တိုင်၊ အလုံ၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် ၆ ခု စလုံးမှ တရားစွဲဆိုခံရမည် ဖြစ်ကြောင်း ဦးဆောင်သူ ဦးဝင်းထိုက်ဟိန်းက ဧရာဝတီသို့ ပြောသည်။
“သူတို့က ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့ ပုဒ်မ ၁၉ နဲ့ တရားစွဲတာ။ အခုတော့ ကျနော် ကြည့်မြင်တိုင် မြို့နယ် တရားရုံးရယ်၊ အလုံမြို့နယ် တရားရုံးတွေဆီက ဆင့်ခေါ်စာတွေ ရထားတယ်။ ကြည့်မြင်တိုင် မြို့နယ်တရားရုံးက ဒီနေ့ ကျနော့်ကို ငွေ ၁၀ သိန်းနဲ့ အာမခံပေးလိုက်တယ်”ဟု ဦးဝင်းထိုက်ဟိန်းက ပြောသည်။
ဒုတိယအကြိမ် ရုံးချိန်းကို ဒီဇင်ဘာလ ၃၁ ရက်တွင် ကြည့်မြင်တိုင်မြို့နယ် တရားရုံးတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၁၉ ဖြင့် အရေးယူခံရပါက ၆ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ကျပ် တသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ခံရနိုင်ပြီး ဒဏ် ၂ ရပ် စလုံးလည်း ချမှတ်ခံရနိုင်ကြောင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင် ဖော်ပြထား သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဦးသိန်းစိန် အစိုးရက လွတ်လပ်စွာ ဆန္ဒဖော် ထုတ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုမှုများ ခွင့်ပြုထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ဥပဒေနှင့် ကန့်သတ် ချုပ်ကိုင်မူများ ရှိနေဆဲ ဖြစ်ကြောင်း ကြည့်မြင် တိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးမောင်မောင်က ပြောသည်။
“ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံခေါင်းဆောင်ကြီး ဂုဏ်ပြုပွဲကိုတောင် သတ်မှတ်နေရာမှာ လုပ်ခွင့်မပေးဘူး။ ဒီမိုကရေစီလို့ ပြောပြီး ချုပ် ကိုင် တဲ့ ဥပဒေတွေနဲ့ ပြန်ချည်တယ်။ လူငယ်တွေကို နိုင်ငံရေးထဲလာပါဆိုပြီး ထောင်ထဲ ထည့်နေတယ်”ဟု သူ က ပြောသည်။
၂၀၁၄ ခုနှစ်အတွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ အပါအဝင် နိုင်ငံရေး ပြစ်မှုနှင့် တရားစွဲဆိုခံရသူ ၄၀ ခန့် ရှိကြောင်း ၊ ထို့ကြောင့် ထိုဥပဒေတချို့ကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်လျက် ရှိသည်။