လူငယ်များကြား အရက်နှင့် မူးယစ်ဆေးဝါး အန္တရာယ် အလွန်ကြီးမားနေ၍ ပညာပေး လုပ်ငန်းများ အပါအဝင် ပြုပြင်ရေး ဆိုင်ရာများကို အားလုံး ပါဝင်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်း ကော့မှူး မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးအတွက် ဒီဇင်ဘာ ၁၉ ရက်က သွားရောက်သည့် ခရီးစဉ်တွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
ယင်းခရီးစဉ်၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေး(လဝက)အရာရှိများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရ သည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တန်ဖိုးနည်း အရက်များကို နေရာတိုင်းတွင် အလွယ်တကူ ဝယ်ယူ ရရှိနေခြင်းသည် လူငယ်များ အတွက် ပျက်စီးစေကြောင်းလည်း ပြောဆိုသည်။
“အရက်ဖိုးကလည်း ဒီမှာ ရေသန့်ဘူးဖိုးထက်တောင် ဈေးသက်သာတော့ လူငယ်တွေ လွယ်လွယ်ကူကူ ဝယ်သောက်နိုင်နေတယ်။ ဒါကြောင့် သက်ဆိုင်ရာက အရက်တွေအတွက် အခွန်ငွေကို ဒီထက်ပိုပြီး ကောက်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။
လူငယ်များ အနေနှင့် အချိန်အား ရရှိသောအခါ အရက်ဆိုင်သွားခြင်းမှလွဲ၍ တခြားလုပ်စရာ မရှိသည့် အခြေအနေမျိုး မဖြစ်စေလို ကြောင်း၊ အရက်နှင့် မူးယစ်ဆေးဝါး အန္တရာယ်သည် အလွန် အရေးကြီးကြောင်း၊ စိတ်ကြွဆေး သုံးစွဲခြင်း၏ အန္တရာယ်သည်လည်း အလွန်ကြီးမားကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောဆိုသည်။
“အခု ပြည်သူတော်တော်များများဟာ စိတ်တက်ကြွဆေးတွေရဲ့ အန္တရာယ်ကို သဘောမပေါက်ကြဘူး။ စိတ်တက်ကြွဆေး ဆိုတာ နံပါတ်ဖိုးတို့ ဘိန်းတို့လောက် အန္တရာယ်မများဘူးလို့ ထင်နေကြတယ်။ အများ မသိအောင် ရေရှည်မှာ အန္တရာယ် ပေးနိုင်တဲ့ အခြေ အနေရှိပါတယ်”ဟုလည်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍“ဘာဖြစ်လို့လဲဆိုတော့ သုတေသန ပြုလိုက်တဲ့အခါမှာ ဒီစိတ်ကြွဆေးလုံး လေးတွေကို အချိန် အတိုင်းအတာ တခုအထိ သောက်သုံးခဲ့တဲ့ လူငယ်များဟာ ဒီဟာ ပြတ်သွားတဲ့အခါမှာတောင် သူတို့ရဲ့ ဦးနှောက်ထိခိုက်မှုကို ဘယ်လိုမှ ကုလို့မရဘူး။ အဲဒါတွေကို လူတွေက မသိကြဘူး”ဟု ပြောဆိုသည်။
အဆိုပါ အချက်အလက်များကို ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါး စီမံကိန်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့စဉ်က သိရှိခဲ့ရသည် ဟုလည်း ဆိုသည်။
အရက်၊ မူးယစ်ဆေးဝါးများနှင့် အချိန်ကုန်နေသည့် လူငယ်များအတွက် ပြင်ပအချိန်များတွင် စိတ်ပျော်ရွှင်စေမည့် လုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ ဖန်တီးပေးရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
“လူငယ်တွေအတွက် အလုပ်ရရှိရေးအပြင် အလုပ်ပြင်ပမှာ လူငယ်တွေ စိတ်ဝင်စားမယ့် လုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများလို လူငယ်သဘာ၀ မိတ်ဆွေများနဲ့ အတူတူ ပျော်ပျော်ပါးပါး လုပ်ကိုင်လာနိုင်မယ့် အခြေအနေမျိုးရှိတဲ့ စီမံကိန်းတွေလည်း စဉ်းစားဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လူငယ်များအတွက် အချိန်တိုင်း အလုပ်လုပ်နေရခြင်းမျိုး မဟုတ်ဘဲ အလုပ်ချိန်ပြင်ပ၌ အန္တရာယ်မဖြစ်စေနိုင်သော နည်းလမ်းများနှင့် ပျော်ပါးနိုင်သော အခြေအနေများကိုလည်း ဖန်းတီး ပေးရမည် ဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ဆေးသုံးစွဲနေသည့် လူငယ်များ၏ မိဘများအနေနှင့်လည်း ဆေးသုံးလျှင် ဖြစ်ပေါ်တတ်သည့် လက္ခဏာများကို သိရှိရန် အတွက် လေ့လာထားရန် လိုကြောင်း၊ မိဘများအပါအဝင် ဆရာ၊ ဆရာမများနှင့် ရဲဝန်ထမ်းများလည်း ထိထိရောက်ရောက် ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခု ကော့မှူးခရီးစဉ်တွင် လူငယ်များ အတွက် အလုပ်အကိုင် ဖန်တီးပေးမှုများ အပါအဝင် ကျေးရွာ အသီး သီးရှိ ပြင်ဆင်ရမည့် လမ်း၊ တံတား အခြေအနေများကိုလည်း ထည့်သွင်း ဆွေးနွေးသွားသည်။
ထို့အပြင် မြို့နယ်အတွင်း လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအပေါ် ကော့မှူးမြို့နယ် အုပ်ချုပ်ရေး ပိုင်းက နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ တောင်းခြင်း၊ အသေးစိတ် အချက်အလက်များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့မှုကို လည်း ဒေါ်အောင်ဆန်းစုကြည် က တာဝန်ရှိသူများကို မေးမြန်း ဆွေးနွေးခဲ့သည်။
“ကမ္ဘာလှည့် ခရီးသည်တွေ ကြိုဆိုပါတယ်ဆိုတဲ့ အချိန်မှာ ဒီလိုဧည့်သည်တွေ လာတာကို အမျိုးမျိုး အနှောင့် အယှက်ပေးတယ် ဆိုတော့ ဒါဟာ မလာချင်အောင် လုပ်တာမျိုးလား။ ဒါနဲ့ ပတ်သက်ပြီး စည်းမျဉ်း၊ စည်းကမ်း ဥပဒေအရ ဘယ်လိုမျိုးရှိတာလဲ ကျမ
မရှင်းလို့ မေးပါရစေ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ပြီးခဲ့သည့် လအတွင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD က ကော့မှူးမြို့နယ်တွင် ဖွင့်လှစ်ထားသည့် လူငယ် အသက် မွေးဝမ်းကျောင်းကို ဂျပန်နိုင်ငံမှ ခရီးသွား ၂ ဦး လာရောက်လေ့လာရာတွင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက စစ်ဆေးမှုများ ပြုလုပ် ခဲ့ဖူးကြောင်း သိရသည်။
ယင်းဖြစ်စဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ မေးမြန်းမှုကို ကော့မှူးမြို့နယ် လဝက ဦးစီးမှူး ဦးအောင်မော်က ၎င်းအနေနှင့် ယင်းကိစ္စကို မသိရှိခဲ့ကြောင်း၊ ယင်းသို့လုပ်ဆောင်မှုသည်လည်း ဥပဒေ၏ စည်းမျဉ်းစည်းကမ်းများအရ လုပ်ဆောင်နိုင်ကြောင်း၊ နောင်အခါ ထိုကဲ့သို့ မဖြစ်စေရန် အထူးဂရုစိုက် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ဒေသခံ ပြည်သူများနှင့် ရဲဝန်ထမ်းကြားတွင်လည်း ဆက်ဆံရေး ပိုမွန်ကောင်းမွန်ရန် အတွက် ပူးပေါင်းဆောင်ရွက်ရေးများလုပ်ဆောင်စေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားသည်။