နိုင်ငံရေး လုပ်ကြစမ်းပါ

သန်းနိုင်ဦး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အာဏာကို ဆယ်စုနှစ်နဲ့ချီကြာအောင် ဆုပ်ကိုင်ခဲ့တဲ့ အာဏာရှင်ရဲ့ မိသားစုဝင်တွေက အာဏာလက်လွတ်ဖြစ်လာချိန်မှာ နိုင်ငံရေးမလုပ်ပါဘူးလို့ လူသိရှင်ကြား ပြောလာခဲ့တယ်။အာဏာသိမ်း စစ်ခေါင်းဆောင်တွေထဲမှာ ပါခဲ့တဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတယောက်ကလည်း နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာချိန် မီဒီယာတွေနဲ့ တွေ့ဆုံစဉ်
နိုင်ငံရေး(လုံးဝ)မလုပ်တော့ဘူးလို့ ယတိပြတ် ထုတ်ဖော်ပြောဆိုခဲ့တယ်။

သူတို့တွေကို နိုင်ငံရေးလုပ်ဖို့ တိုက်တွန်းနေကြသူတွေ ရှိသလား။ ဘယ်သူတွေက သူတို့ကို နိုင်ငံရေးလုပ်ဖို့ တိုက်တွန်းနေတုန်း။ ဘယ်သူတွေ တိုက်တွန်းသည်ဖြစ်စေ၊ မတိုက်တွန်းသည်ဖြစ်စေ ကာယကံရှင်တွေကတော့ နိုင်ငံရေးမလုပ်တော့ပါဘူးလို့ ပြောလာပါပြီ။ နိုင်ငံရေးလုပ်တယ်ဆိုတာ လှေကြုံစီးသလို အလွယ်တကူ ကောက်ကာငင်ကာ
လုပ်လို့ရတဲ့ကိစ္စလား။

တကယ်တော့ နိုင်ငံရေးလုပ်တယ်ဆိုတာ မလွယ်ပါဘူး။ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ကိုယ်ကျိုးစွန့်(အခန့်မသင့်ရင် တမျိုးလုံးတဆွေလုံးရဲ့ အကျိုးစီးပွားတောင် လိုအပ်ရင် စွန့်ရတယ်။) အနစ်နာခံနိုင်မှသာ နိုင်ငံရေးသမားဖြစ်နိုင်တာပါ။ စဉ်ဆက်မပြတ်လေ့လာသင်ယူနေဖို့ လိုသလို ကမ္ဘာ့အရေး မြန်မာ့အရေးကိုလည်း မျက်ခြေမပျက်လေ့လာနေဖို့လည်း လိုပါတယ်။ ဒေါင်ဒေါင်မြည်နိုင်ငံရေးသမား ဖြစ်ဖို့က ပိုတောင်မလွယ်သေးတယ်။

ခေတ်အဆက်ဆက် ဒေါင်ဒေါင်မြည်နိုင်ငံရေးသမားတွေကို လေ့လာကြည့်ရင် စွန့်လွှတ်အနစ်နာခံရသူတွေသာ မရေမတွက်နိုင်အောင်များတယ်။ ခံစား စံစားရတယ်ဆိုတဲ့
ဒေါင်ဒေါင်မြည်နိုင်ငံရေးသမားက လက်ချိုးရေတွက်လို့ရတယ် ။နိုင်ငံရေးသမားဆိုသူတွေဟာ ဘယ်ခေတ်ဖြစ်ဖြစ် အာဏာပိုင်တွေရဲ့ အဖိနှိပ်ခံဖြစ်ခဲ့ကြတာချည်းပဲ။ နိုင်ငံရေးသမားတွေရဲ့ ပေးဆပ်ရတဲ့ အရင်းအနှီးတွေ ဘယ်လောက်ထိကြီးမားသလဲဆိုရင် နိုင်/ကျဉ်းတွေရေးတဲ့ ထောင်စာအုပ်တွေဖတ်ကြည့်ရုံနဲ့ သိနိုင်တယ်။

နိုင်ငံရေးသမားတွေဆိုတာ ထောင်နှုတ်ခမ်း လမ်းလျှောက်နေကြရသူတွေ၊ အခန့်မသင့်ရင် စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေဆီ ဗီဇာမလိုပဲ အရောက်ပို့ခံရနိုင်တယ်။အရင်ခေတ်တွေက အယူအဆမတူရုံနဲ့ ထောင်ချရုံတင်မက ကျွန်းအထိပါ ပို့ခဲ့ကြတယ်။ စစ်ကြောရေးစခန်းတွေမှာ လူသားဂုဏ်သိက္ခာ ကျဆုံးတဲ့အထိ လူမဆန်အောင် အနှိပ်စက်ခံခဲ့ကြရတယ်။ စစ်ကြောရေးမှာ အစစ်ဆေးခံနေစဉ် နားထဲ ငွေစက္ကူအသစ်လိပ်ထည့်ပြီး လက်ဝါးနှစ်ဘက်နဲ့ အားကုန်အရိုက်ခံရလို့ နားပင်းသွားပြီး တသက်တာ လူစဉ်မမီတော့တဲ့ နိုင်ငံရေးသမား ရှိခဲ့ဘူးတယ်။ နိုင်ငံရေးအကျဉ်းသားတချို့ဆိုရင် ကာယကံရှင်ကို ထောင်သွင်းအကျဉ်းချရုံမက အိမ်ထောင်စုဝင်တွေရဲ့ လူမှုရေး စီးပွားရေးတွေကိုပါ တိုက်ရိုက်(သို့မဟုတ်) သွယ်ဝိုက်ဖိအားပေးခံရတယ်ဆိုတာ အိပ်ရာဝင်ပုံပြင်မဟုတ်ဘူး။

နိုင်ငံရေးမလုပ်ပါဘူးလို့ တွင်တွင်ပြောနေသူတွေကို တိုက်တွန်းပါရစေ။ နိုင်ငံရေး လုပ်ကြပါ။ ဖြစ်နိုင်ရင် ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ပါ။ နယ်လှည့်စည်းရုံးရေးဆင်းပြီး
ဟောပြောပွဲတွေ လုပ်ကြည့်ကြပါ။ စကားလုံးလှလှလေးတွေ ရွေးချယ်သုံးရုံနဲ့ ဗိုလ်စိန်မှန်ကွင်း ပြည့်အောင် ဟောပြောဖို့ဆိုတာ မလွယ်ပါဘူး။ တအိမ်တစ်ယောက် မလာမနေရ အာဏာနဲ့ ခြိမ်းခြောက်စရာမလိုပဲ ချစ်စိတ်နဲ့ အရောက်လာပြီး အောင်ပင်လယ်ကွင်းပြည့်လျှံအောင် လုပ်ဖို့ဆိုတာ လွယ်တယ် ထင်ပါသလား။ ချစ်ခြင်းမေတ္တာဆိုတာ ဓားမိုးရုံနဲ့ မရဘူး။ မေတ္တာပေးမှ
မေတ္တာရပါလိမ့်မယ်။

နိုင်ငံရေးမှာ အမျိုးသားနိုင်ငံရေး ပါတီနိုင်ငံရေး အာဏာနိုင်ငံရေး စသဖြင့် မူကွဲပေါင်းများစွာ ရှိနိုင်ပါတယ်။ အလားတူ လူနေမှုစနစ်ကို ပုံဖော်ရာမှာ ဆိုရှယ်လစ်စနစ် ဒီမိုကရေစီစနစ် အရင်းရှင်စနစ် ကွန်မြူနစ်စနစ် စတဲ့စနစ်ပေါင်းများစွာ ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဝေါဟာရတွေ ကွဲကွဲ နိုင်ငံအရေးဟာ နိုင်ငံရေးပါဘဲ။ နိုင်ငံကောင်းကျိုး လိုလားတယ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ နိုင်ငံရေးကို တတ်သိနားလည်တယ်ဆိုရင် နိုင်ငံရေးလုပ်ကြစေလိုပါတယ်။

ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုး လုပ်ပေးမယ့် ဘယ်နိုင်ငံရေးသမားမဆို ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမှာပဲ။ ပြည်သူ့အပေါ် စေတနာမထားဘဲ တတ်ယောင်ကားနဲ့ အတ္တကြီးတဲ့ နိုင်ငံရေးသမားဆိုရင် ပြည်သူရဲ့ ဒဏ်ခတ်ခြင်းကိုတော့ ခံရပါလိမ့်မယ်။

အခုချိန်ဟာ နိုင်ငံရေးခြေခင်းလက်ခင်းသာချိန် ဖြစ်ပါတယ်။ တလျှောက်လုံး လက်နက်ကိုင်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တောင် သမ္မတကြီးကိုယ်တိုင် အိမ်တော်မှာ လက်ခံတွေ့ဆုံနေကြချိန်။ တိုင်းပြည်ကလည်း ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းနေချိန်ဖြစ်လို့ နိုင်ငံရေးကို အမှန်တကယ် စိတ်ဝင်စားသူတွေအတွက် နိုင်ငံရေးလုပ်ဖို့
အသင့်တော်ဆုံးအချိန်ဖြစ်တယ်။ ကိုယ့်ကိုကိုယ် နိုင်ငံရေးသမားကောင်းလို့ မှတ်ကျောက်အတင်ခံနိုင်သူတွေ နိုင်ငံရေးလုပ်ကြပါ။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ကြပါ။ ပြည်သူတွေဟာ ကိုယ်နဲ့ထိုက်တန်ကြောင်း သက်သေပြကြပါ။ ပြည်သူ့အဆုံးအဖြတ် ခံယူကြပါ။

ပြည်သူလူထုက ခေတ်အမျိုးမျိုး စနစ်အထွေထွေကို ဖြတ်သန်းခဲ့ပြီးပါပြီ။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့သလို ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးတယ်။ ရှင်မကြီးမငယ် ဝမ်းတောင်
အဆစ်ပါလိုက်သေး။ ထီးဖြူဆောင်း မင်းအပေါင်းတို့ရဲ့အကြောင်းလည်း နောကျေလှပေါ့။ တိုင်းပြည်ကောင်းအောင်လုပ်မယ့်သူ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို လိုလားသူဆိုရင် ရွေးချယ်ကြမှာပဲ။ နိုင်ငံအရေးကို စိတ်ဝင်စားကြသူတွေ ရွေးကောက်ပွဲဝင်ပြိုင်တာဟာ မဲဆန္ဒရှင်တွေအတွက် ရွေးချယ်ခွင့် ပိုရစေပါတယ်။ အဲဒီလို ဝင်ရောက်ယှဉ်ပြိုင်လိုက်ရင်
ပြည်သူတွေရဲ့ အသဲကြားက မဲတပြားရဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပါလိမ့်မယ်။

ကြားခဲ့ဖူးတဲ့ ပုံပြင်လေးတပုဒ် ဖောက်သည်ချပါရစေ။ ကိုလိုနီခေတ်က ဆိုပါတော့။ ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ အမတ်လောင်းတယောက်က မဲရုံကနေ မဲရေတွက်ပြီးချိန်မှာ အရှုံးနဲ့ကြုံလို့ ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်လာတယ်။ အိမ်ရောက်ချိန်မှာ မိန်းမနဲ့တွေ့တော့ “ရှင် မဲ ဘယ်လောက်ရလဲ” လို့ မိန်းမဖြစ်သူက မေးတယ်။ ယောကျာ်က နှစ်မဲလို့ ပြန်ဖြေတယ်။ လင်ရဲ့ အဖြေစကားလည်းကြားရော မိန်းမက ပါးကို ဖြန်းကနဲ ရိုက်ချလိုက်တယ်။ ယောကျာ်လည်း အူကြောင်ကြောင်နဲ့ ပါးလေးပွတ်ပြီး “ဘာဖြစ်လို့လဲ မိန်းမရယ်”လို့ မေးခွန်းထုတ်လိုက်တယ်။ မိန်းမဖြစ်သူက အခုလို ပြန်ပြောလိုက်တယ်။ “ကျမကိုယ်တိုင် ရှင့်ကိုမပေးပဲ တခြားသူကို ပေးခဲ့တာ။ ရှင် မဲရစရာရှိရင် ရှင်ကိုယ်တိုင်ထည့်တဲ့ တမဲပဲရမှာ။ အခု နှစ်မဲရတယ်ဆိုတော့ ရှင့်ကို
ဘယ်မယားငယ်က ပေးလိုက်တာတုန်း”တဲ့။

(စာရေးသူသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading